ငြိမ်းချမ်းအေး - ကျားပစ္စည်းထိန်းရေး အလေးပေးပါ

 

ငြိမ်းချမ်းအေး - ကျားပစ္စည်းထိန်းရေး အလေးပေးပါ
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၆

သင်္ကြန်အကြိုနေ့ နေပြည်တော်သင်္ကြန်ဆိုပြီ ခရိုနီရုပ်သံလိုင်းရဲ့ ပွဲမှာ လူရွှင်တော်ဆိုတဲ့ သူတွေက စင်ပေါ်ကနေ မိန်းမနှိမ်ရေး၊ မိန်းမ ဖိရေးကို ဟာသအသွင်ယူ ရိုးရာ ယဉ်ကျေးမှု လုပ်နေကြတယ်။

ခေတ်တွေပြောင်းပြီး ပြောကြပေမယ့် ထုံးစံအတိုင်း အမျိုသားရေးဆိုရင် အမျိုးသမီးပစ္စည်းဖုံးရေးကို ရှေ့တန်းကတင်ကြတယ်။

ရိုးရာ၊ ယဉ်ကျေးမှု၊ အမျိုးသားရေးသမားများရဲ့ စိတ်အခံနဲ့ လူအများရဲ့ အသိမဲ့မှုမှာ မိန်းမ ဘယ်လိုဝတ်၊ ဘာဝတ်၊ ဘယ်သူနဲ့ သွားလာ၊ ဘယ်သူနဲ့ အိပ်၊ ဘာ သောက်ကို ထိန်းကွပ် ချုပ်ကိုင်ခြင်းက နိုင်ငံတော်အရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး ဖြစ်နေတယ်။


အမျိုးသားရေးဆိုတဲ့ ဘာသာဗေဒအရကို လူပါးဝနေတဲ့ အတိုင်းပဲ တကယ့်ကို ကျားကြီးဝါဒီများရဲ့ တင်စီးမှု လူပါးဝမှုပါပဲ။ ကျားများရဲ့ လူ့အကျင့်ပျက်မှု၊ လူမပီသမှု၊ အဝတ်အစားကို ထောက်ပြ လိင်အမြတ်ထုတ်မှု၊ လိင်အကြမ်းဖက်မှု တွေကို တဖက်သတ် မျက်ကွက်ပြုပြီး မိန်းမ အဝတ်အစားကိုပဲ အမြဲရှေ့တန်းတင် အကာအကွယ်ယူ အမျိုးသားရေးလုပ်နေကြတာပါ။

ဒီလိုနောက်ခံကနေ မွေးဖွားပေးခဲ့တာက ကျားများ အကြမ်းဖက်မှုကို အာပတ်လွတ် ဖော့ တရားမျှတမှု ယူနေကြခြင်းပါပဲ။ လူမြင်ကွင်းမှာ အမျိုးသမီးငယ်ကို ရက်ရက်စက်စက် မိုက်မိုက်ရိုင်းရိုင်း သေမလောက် လုပ်ခဲ့တာကို မိန်းမက သစ္စာမှမရှိတာကိုး ပြောထွက်တဲ့ လူအများ ရှိတဲ့ လူ့အဖွဲ့အစည်းဟာ တုန်လှုပ်စရာ အခြေအနေပါ။

အနာဂတ် လူငယ် ယောက်ျားလေးတွေကို မ အဝတ်အစား ဘယ်လိုဝတ်ဖို့ ဝင်ခြယ်လှယ်စေဖို့ထက် မိန်းမ တယောက်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဓမ္မအမှု မပြုမိစေဖို့၊ လူ လူချင်း လေးစားတတ်စေဖို့ကိုပဲ သင်ပေးကြဖို့ ကြိုးစားရပါမယ်။ ဂီတ၊ စာပေအနုပစ္စည်းသက်ရောက်မှုအား Soft Power များကလည်း ဒီသဘောကို ဇောင်ပေးရပါမယ်။

ကျန်ာတို့ အများကြီး လုပ်ရပါဦးမယ်။

အခုတော့ မိန်းမနှိမ်ရေးကို ဟာသအဖြစ် ပြက်ရယ်ပြုဝံ့ကြတဲ့ လူတွေကို ဝမ်းနည်းစိတ်နဲ့ ငေးကြည့်ရုံ၊ တွေးကြည့်ရုံ၊ စာတွေရေးဖို့ ကြိုးစားရုံပဲ တတ်နိုင်တယ်။

အချုပ် စကားတခွန်း ပါးရရင်တော့ ကျနော်နဲ့ လိင်တူ ကျားများ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံကြီးသားစိတ် မြင့်ချင်၊ ကျင့်ချင်၊ မွေးချတယ်ဆိုရင်ဖြင့် အမျိုးသမီးပစ္စည်းဖုံးရေးထက် အမျိုးသား ပစ္စည်းထိန်းရေး၊ နှုတ်၊ ရုပ်၊ စိတ် အကြမ်းမဖက်ရေးကိုသာ အာရုံစိုက်သင့်ကြောင်းပါပဲ။

Don't teach women how to dress — teach men to behave!

ငြိမ်းချမ်းအေး
ဧပြီ ၁၂၊ ၂၀၁၆
(သင်္ကြန်အကြိုနေ့)