မောင်ရဲနွေ (ပလိပ်) - သင်္ကြန်ဖတ်စာ

ဓာတ်ပုံ - ရန်နောင်(ဗိုလ်တထောင်)

မောင်ရဲနွေ (ပလိပ်) - သင်္ကြန်ဖတ်စာ
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၆
သင်္ကြန်တေးများ ကြားနေရပြီ။ မြန်မာ့ရိုးရာ ပြက္ခဒိန်နှစ် တစ်နှစ် ကုန်ဆုံး၍ အသစ် ချိတ်ရပါတော့မည်။

သင်္ကြန်ဆိုသည့် ဝေါဟာရသည် နှစ်ဟောင်းမှ နှစ်သစ် ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရ၏။ သင်္ကြန်ဆိုလိုက်သည်နှင့် မြန်မာလူမျိုးများ လှုပ်လှုပ်ရွရွ ဖြစ်နေပြီ။

 ပုဂံခေတ်က စတင်လာခဲ့သည့် သင်္ကြန်ပွဲသည် ဆက်လက်ရှိနေမှာ ဖြစ်သည်။ မြို့ပြ၊ ကျေးလက်တောရွာ မကျန်ရအောင် ရပ်ဓလေ့ ရွာဓလေ့ မြို့ပြဓလေ့များနှင့် သင်္ကြန်ပွဲကို ဆင်နွှဲကြသည်။ သင်္ကြန်ရေ၊ အတာရေနှင့် နှစ်သစ်ကို ကြိုဆိုကြပါသည်။ နှစ်ဟောင်းက အညစ်အကြေးတွေကို  သင်္ကြန်ရေဖြင့် ဆေးကြောကြပါသည်။ နှစ်သစ်မှာ လူကြီးသူမများကို ခေါင်းလျှော်၊ ရေချိုးပေးခြင်းကစ လူကြီးမိဘကို လက်ဆယ်ဖြာမိုး ရှိခိုးကန်တော့ကြပါသည်။

ကောင်းမှုကုသိုလ်တွေ ပြုကြသည်။ စေတီဘုရား ကျောင်းကန်များသို့ အရောက်သွားကာ ရုပ်ပွားတော်မြတ်ကို ရေသပ္ပာယ်ခြင်း၊ ပန်းဆီမီးကပ်လှူခြင်းတွေကို ပြုကြသည်။
ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ၁၀ ပါးသီလလုံခြုံစွာဖြင့် ဥပုသ်သီတင်း စောင့်ကြသည်။ တရားဘာဝနာ ပွားကြပါသည်။ မင်္ဂလာရှိသော အပြုအမူများကို ပြုကြပါသည်။

 အထူးအားဖြင့် သင်္ကြန်ဟာ လူငယ်များအတွက်တော့ ပျှော်ရွှင်စရာပွဲတော်ဖြစ်ပါသည်။လူငယ်များက သင်္ကြန်ရက် မြန်မြန်ကုန်မှာကို နှမြောတွန့်တို တတ်ကြပြန်သည်။ သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက် သတ်မှတ်ထားသည့် သင်္ကြန်ရက်များ နည်းသောကြောင့် တစ်လကိုးသီးတင်း သင်္ကြန် ကျချင် နေကြပြန်သည်။ ပျော်သည့်သူများ မော်သည့်သူများ ပျော်ကြသည့် သင်္ကြန်ဖြစ်သည်။

နှစ်သစ်သင်္ကြန်မှာ ကုသိုလ်ကောင်းမှုပြုသူ ပြု ကြသည်။ တရားစခန်းဝင်တဲ့သူ ဝင်ကြသည်။ သင်္ကြန်မှာ အပျော်ကျူး၊  နှစ်သစ်ကူးသည့်သူ ကူးကြ။ သင်္ကြန်မှာ နှစ်ကူး မူးသည့်သူ မူးကြသည်။

သင်္ကြန်မှာ နှစ်ဟောင်းက အညစ်အကြေး ဆေးသည်ဟု သင်္ကြန်ချစ်သူများက ဆိုပါသည်။ မကောင်းတာ ဟူသမျှ သန့်စင်သွားမယ်ဟု ယူဆကြသည်။ ဒီလိုနှင့် သင်္ကြန်ကျပြီး သင်္ကြန်တစ်နှစ် ပြီးသွားမည်။
နှစ်ဟောင်းမှ အညစ်အကြေးများလည်း ဆေးကြောနေရဦးမည်။ ဆေးကြောနေရဦးမှာပဲလေ။
ဆေးကြောစရာမလိုတော့ဘူးဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲဟု တွေးမိနေကြပါသည်။
သို့သော် ပုထုဇဉ်ဖြစ်သော စာရေးသူတို့တတွေသည် မသိလိုက် မသိဘာသာဖြစ်စေ၊ သိလျက်နှင့် ဖြစ်စေ အပြစ်တစုံတရာ ပြုမိကြဦးမည်။ သင်္ကြန်ရောက်တိုင်းလည်း ဆေးကြောနေရဦးမည်။
အရေးကြီးသည်ကား ယခုနှစ်မှာ မှားခဲ့သည့် ပြုခဲ့သည့် အပြစ်ကို သင်္ကြန်ရေနှင့် ဆေးပြီးရင် နောင်နှစ်မှာ အလားတူ ထပ်မမှားဖို့ လိုမည်ထင်သည်။ ကိုယ့်ကိုယ်ကိုယ် မှားမှန်းသိမှ မှန်အောင် ပြုပြင်နိုင်မည် ဆိုသည်ကိုလည်း မေ့မထားသင့်ပါ။

 သင်္ကြန်သည် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ဆောင်သော ပွဲတော်တစ်ခုဖြစ်သည်။
ကျူးလွန်ခဲ့သော အမှားများကို ယခုနှစ်တွင် သင်္ကြန်ရေနှင့် ဆေးကြောကြသော်လည်း ဆေးကြောပြီးသော အမှားများကို ထပ်မမှားရန် ကြိုးစားရမည်ဖြစ်သည်။

ဤကား မဟာသင်္ကြန်၏ အနှစ်သာရပင် ဖြစ်ပါတော့သည်။ ။