ခက်သီ - ခက်တာပဲ

 
ခက်သီ - ခက်တာပဲ
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၆

လတ်တလော
ဆဲလို့ကောင်းတဲ့အစိုးရဆင်းသွားပြီး
ဆဲလို့မကောင်းတဲ့အစိုးရ တက်လာတယ်။

မပြောင်းတာကြာတော့
ပြောင်းတာကို လူတွေကြိုက်ကြတယ်
နတ်ကတော်တွေတောင်
မေမေနိုင်မှဖြစ်မှာပါနဲ့ နတ်ချော့ကြတယ်။

ထူးသလားဆိုတော့
မီးပျက်တာနဲ့
ကုန်ဈေးနှုန်းကြီးတာ
လူမွဲတွေကို ဖိစီးနေတာ မထူးသေးဘူး။

ထူးသလားဆိုတော့
ထူးတယ်
သိပ်မကြောက်ရဘူး
နားခံသာတယ်
ရိုးဖြောင့်မယ် ထင်ရတယ်။

အရင်က ထောက်လှန်းရေးကြောက်ရတယ်
အခု လော်ဘီတွေ ကြောက်ရတယ်
အရင်က လူမိုက်တွေ ကြောက်ရတယ်
အခု လူပြိန်းတွေကြောက်ရတယ်
နှစ်မျိုးလုံးက ငါတို့အစိုးရ မထိနဲ့ဆိုတာချည်း
ထိရင် အပြုတ်ဆော်မယ်ဆိုတာချည်း
တခုကောင်းပါတယ်
အရင်က လက်တွေ့ဆော်တယ်
အခု လေနဲ့ဆော်တယ်။

ခက်တာပဲ
ငါက ယုံတယ်
ဆဲလို့ကောင်းတဲ့အစိုးရက
မွဲအောင် လုပ်သွားတယ်
ဆဲလို့မကောင်းတဲ့အစိုးရက
ချမ်းသာအောင် လုပ်ပေးမယ်
ငါ တော့ ယုံတာပဲ
ငါ့လိုပဲ ယုံကြတာပဲ။

ခက်တာပဲ
လူပြိန်းတွေ စွတ်အာတော့
ဆဲလို့မကောင်းတဲ့အစိုးရ သိက္ခာကျတယ်
ခက်တာပဲ
စိတ်မချမ်းသာရဘူး ။ ။
ခက်သီ