လင်းထင် - အောင်ပင်လယ်တရား နာကြားပါ


လင်းထင် - အောင်ပင်လယ်တရား နာကြားပါ
(မိုးမခ) ဧပြီ ၄၊ ၂၀၁၆

သမ္မတသစ် ကျမ်းသစ္စာခံယူပွဲနဲ့ အာဏာလွှဲပြောင်းပွဲကို တီဗီရှေ့ လွှတ်တော် ရုပ်သံလိုင်းက ကြည့်ပြီး အသက် ၈၀ကျော် အဘိုးကြီးတွေ အတော်လေး ထိထိခိုက်ခိုက် ခံစားကြရ မျက်ရည်ကျကြတော့ ကိုယ့်ရဲ့ တင်းမာတဲ့ သဘောထားများပင် ညွတ်ပျောင်းချင်သယောင် … ဖက်ဆစ်ခေတ်ပြီးလို့ ကမ္ဘာစစ်ကြီးရှောင် မန္တလေးသူ မန္တလေးသားတွေ ကိုယ့်ရပ်ကိုယ်ရွာ ပြန်ဝင်တော့ ဆရာညှာက မြို့မအတွက်ရေးပေးတဲ့ “ပြည်တော်ဝင်” ကို အကျော့ကျော့ထပ် နားထောင်မိတယ်။

ဒီလို ဆိုင်းသံဗုံသံနဲ့ ပျားရည်စမ်းကာလဟာ အခိုက်အတံ့ပဲ…။ ကျော်ဝင်း တင်သွင်းတဲ့ ဝေါဟာရ “နှင်းခဲပျော်ချိန်” မရောက် “နွေဦး” တကယ် မပေါက်ရုံမက ရွက်ကြွေတော အရိုးပြိုင်းပြိုင်းကျစေမယ့် အရင်းရှင်စနစ် ဆောင်းရိုင်းကြမ်းဟာ ကျူပ်တို့ တတိယ ကမ္ဘာနိုင်ငံကို အသင့်စောင့်နေတယ်။

ပြည်သူ့အောင်ပွဲ ပြည်သူ့ ဒီမိုကရေစီ အောင်ပွဲ အဖြစ် မမှတ်ယူနိုင်ဘဲ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းအပေါ် အလွန်အကျွံ အားပြုမှီခိုတဲ့ နိုင်ငံရေး လမ်းဟာ အင်မတန် အန္တရာယ်ကြီးပြီး အခြေမခိုင်၊ ပြည်သူ့မဲကို တောင်းရုံကလွဲပြီး ပြည်သူ့အား အပေါ် တကယ် အခြေမပြုဝံ့တဲ့ လွှတ်တော်လမ်းဟာ အာဏာနဲ့ ဓနကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် ကုပ်ယူထားတဲ့ စစ်အုပ်စုကို ဗမာ့ နိုင်ငံရေးက တကယ်တမ်း ဖယ်ထုတ် နိုင်မယ်လို့ မယုံကြည်ဘူး။ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဆိုတာ အဝေးကြီး။ အနောက်အုပ်စုက သင်ပေးထားတဲ့ DDR SSR နှစ်လုံးတပိုဒ်နဲ့ စစ်အုပ်စုက တိုင်းရင်းသားတွေ အပေါ် အစွမ်းကုန် လူပါးဝမှာဖြစ်တယ်။

ဒါ့အပြင် လစ်ဘရယ်ဒီမိုကရေစီ၊ ဈေးကွက် စီးပွားရေး ဆိုတဲ့ ဝေါဟာရနဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ကတိ လူအများစု ကောင်းစားရေး ဖော်ဆောင်နိုင်မှာလား… နိုင်ငံတကာ ကော်ပိုရိတ် စီးပွားရေးကြီးတွေ အင်တိုက်အားတိုက် သွေးစုပ်ပြီး တိုင်းပြည်ဟာ သယံဇာတတွေ ဖင်ခုထိုင်ရင်းသား NGO သူတောင်းစား နိုင်ငံ အဖြစ် လာမယ့် ၅ နှစ်အတွင်း လုံးလုံး ရောက်သွားမှာလား… အင်မတန် သတိကြီးကြီး တင်းတင်းမာမာ စောင့်ကြည့်ရမှာ ဖြစ်တယ်။

ကမ္ဘာမှာ အရင်းရှင်စနစ်ဟာ ကျဆုံးခဲ့ပြီးပြီ။ အရင်းရှင်စနစ် ကောင်းပါတယ်လို့ အင်မတန် ယုတ်မာတဲ့ အမေရိကန် တချို့ကလွဲပြီး အရှက်အကြောက်ကြီးတဲ့ ပညာဦးဆောင်တဲ့ ဘယ်လိုလူကမှ လူရှေ့မှာ မပြောတော့ဘူး။ သာမန် အရပ်ထဲက လူတွေကတော့ အခီဒမ်းမစ်တွေ စာရေးဆရာတွေလို Sophisticated ဖြစ်ဖြစ် ပိုင်းခြား စိတ်ဖြာပြီး ပြောနိုင်ချင်မှတော့ ပြောနိုင်မယ်။ သို့ပေသိ ရုပ်ဘဝက ပြဋ္ဌာန်းပေးတဲ့ အသိနဲ့ လူဆိုတာ ကိုယ့်ဘဝကို ချုပ်ကိုင် ချယ်လှယ်တဲ့… ကိုယ့်လူ့အဖြစ်ကို အမိန့်နဲ့ အာဏာနဲ့ ဥပဒေနဲ့ ကွပ်ညှပ်တဲ့… ကိုယ့်ကြမ္မာကို ကိုယ်စီရင်ခွင့်မရ လူညွန့်တုံးစေတဲ့ အရာမှန်သမျှကို လက်သင့်မခံ ငြင်းဆန်ခဲ့ကြတာချည်းပဲ။

အဲ့ဒီ့ ငြင်းဆန်တဲ့တရား ရုန်းကန် လှုပ်ရှားတဲ့တရား တော်လှန်တဲ့ တရားနဲ့သာ လူ့သမိုင်းကို မြှင့်တင်ခဲ့ကြတာဖြစ်တယ်။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါကသာ လူ့ သဘောသဘာဝ “Human Nature” ရဲ့ တောင်းဆိုမှု “Urge” ဖြစ်လို့ပဲ။

လူတွေဟာ လယ်လုပ်ခွင့်ကိုတောင်းမယ်၊ အသက်မွေးဝမ်းကျောင်းခွင့်၊ မိသားစု အခြေချ ဆောက်တည်ခွင့်၊ မျိုးပွားခွင့်၊ အသက်ရှင်သန် ရပ်တည် ဖွံ့ဖြိုးခွင့်ကို တောင်းမယ်၊ ဘယ်သူမှ တားလို့ မရဘူး… ဥပဒေစိုးမိုး အပေါ်ဘက် အဆောက်အဦနဲ့ လာမတားနဲ့ မရဘူး။

အဲ့ဒီ လူ့သဘောသဘာဝနဲ့ပဲ ၁၉၆၀၊ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ မဲထည့်ခဲ့တာ ဖြစ်တယ်။ အဲဒီ့ သဘောသဘာဝနဲ့ပဲ ကိုလိုနီ နယ်ချဲ့ကို ဖက်ဆစ်ကို စစ်အုပ်စုကို သမိုင်းခါးဆက် မပြတ် တော်လှန်ခဲ့တာ ဖြစ်တယ်။ အဲဒီ့ စဉ်ဆက်မပြတ် အမြဲတော်လှန်တဲ့လူ့သဘောသဘာဝရဲ့ တောင်းဆိုမှုကို အစိုးရမင်း အဆက်ဆက် အရှုံးပေးခဲ့ရပြီး လူ့ ရုပ်သမိုင်းကြီး အောင်ပွဲ အဆက်ဆက် ခံခဲ့တာဖြစ်တယ်။

“ပြည်တော်ဝင်” နားထောင်ခြင်းနဲ့ငှာ မပြီး၊ “တကယ်တော အစစ်ကဲ့သို့ လယ်ကော ဖြစ်လို့မို့ ကောင်းဖို့ ရွယ်သော ခေတ်ကို အထူးပင်မျှော်မိတဲ့” နန်းရှေ့ ဆရာတင့် “အောင်ပင်လယ်” တရားနဲ့ မိတ်ဆွေများကို မတ်လ ၃၀ ရက် နေ့ အထူးပင် နှုတ်ဆက်ပါတယ်။

လင်းထင်
မတ်လ ၃၀၊ ၂၀၁၆