လောကပါလ - ဟီလာရီကတဘက် သူတို့ကတဘက်


လောကပါလ - ဟီလာရီကတဘက် သူတို့ကတဘက်
(မိုးမခ) မေ ၂၆၊ ၂၀၁၆

ဦးစ (USA) တို့ သမ္မတလောင်း အပြေးပြိုင်ပွဲက အဖြေပေါ်သလောက်ရှိပြီ။

သကာအိုးပုရွက်အုံသလို အုံခဲကာ တဒါဇင်ခွဲမျှသောပြိုင်ပွဲဝင်သမ္မတလောင်းတွေ ပျော်ပျော်ပါးပါး ပါဝင် ဆင်နွှဲခဲ့ကြသည့် ရီပါဘလီကင်ဘက်မှာမထင်မှတ်ပဲ ပွဲကအရင်ပြီးခဲ့သည်ဟု ဆိုရမလိုဖြစ်နေသည်။ ဒေါ်နယ်ကို ဘယ့်နယ်ဝိုင်းမယ် သည့်နယ်ဝိုင်းမယ်ဟုညာသံပေးခဲ့ကြသော တဒ်နှင့် ဂျွန်တို့ခမျာ နောက်ဆုံးလက်နက်အဖြစ် နယ်မြေခွဲတိုက် (divide and conquer) ကြဖို့ သဘောတူလိုက် ကြသေးသည်။ ရက်ပိုင်းအတွင်းမှာပင် သူတာဝန်ယူရမည့် အင်ဒီယာနာမှာ မရှုမလှ ရှုံးလိုက်ရပြီးသည့် နောက် တဒ်တယောက်ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့သလို တယောက်တည်းရှင်သန်ဖို့ရာ လမ်းဘယ်မမြင် နိုင်သည့်အဆုံး ဂျွန်သည်လည်း တဒ်နောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့လေ၏။

ခုတော့ ပြေးလမ်းပေါ်မှာ ဒေါ်နယ်တယောက်တည်း။

စကတည်းကနှစ်ယောက်တည်းပြေးကြပြီး ရီပါဘလီကင်နှင့်စာလျှင် အချင်းချင်းညီညွတ်မှုကို ပို၍ပြသ ကြသော ဒီမိုကရက်ဘက်တွင်မူ ဟီလာရီ (ကလင်တန်) (Hillary Clinton) အနိုင်ရဖို့ ပိုသေချာသည့် တိုင် ပြိုင်ဘက်ဘာနီ (စန္ဒား) (Bernie Sanders) က နှာတစ်ဖျားအကွာမှ လိုက်ဆဲ။ သည်ဆီးနိတ်တာ ဘာနီကလည်း ခေသူမဟုတ် ဒီမိုကရက်ပါတီဝင်အဖြစ် တစ်နှစ်အကြာတွင် သမ္မတလောင်းရွေးပွဲသို့ ဝင်ရောက်လာသူတည်း။ သူ့ကိုယ်သူဆိုရှယ်လစ်ဟုပြောလေ့ရှိသောဘာနီသည် တသီးပုဂ္ဂလ မြို့တော် ဝန် အောက်လွှတ်တော် အထက်လွှတ်တော်အမတ် စသည်ဖြင့် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူ လည်းဖြစ်၏။ ကျောင်းသားဘဝကတည်းက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှု ခေါင်းဆောင်ဖြစ်ခဲ့ပြီး အသားအရောင်မရွေး အခွင့်အရေးတန်းတူရေး အခမဲ့ တက္ကသိုလ်ပညာရေးနှင့် အမေရိကန်စီးပွားရေး အားချုပ်ကိုင်ထားသည့် အရင်းရှင်ကုမ္ပဏီကြီးများထံမှအခွန် များများကောက်မည့် အစီအစဉ်တို့ ကြောင့် လူလတ်တန်စားလူငယ်များကြားမှာ ရေပန်းစားသူ ဖြစ်သည်။ အစက သူ့အပေါ်လူဖြူကြီးစိုး ရေးဝါဒသမားအဖြစ် လူမဲအခွင့်အရေး သမားတွေဝိုင်းကြအုံကြသေးသော်လည်း ပထမအကြိမ် ဒီမို ကရက် စကားစစ်ထိုးပွဲ၌ လူမဲဘဝကအရေးပါသလား အားလုံးရဲ့ဘဝတွေကအရေးပါသလား ဆိုသည့် မေးခွန်းကို “လူမဲဘဝက အရေးပါပါတယ်” ဟုဖြေကြားခဲ့ရာမှ အဖြူမဟုတ်သူတွေ၏ ထောက်ခံမှုမြင့် တက်ခဲ့သည်။

သူတို့အထဲမှာ ဟီလာရီကတော့ အတွေ့အကြုံများ နိုင်ခြေများသလောက် ပြဿနာလည်း စုံသူဖြစ်၏။ အပင်မြင့်လျှင် လေဒဏ်မိုးဒဏ်ပို၍ခံရသည့်သဘော။ စင်စစ် ပြီးခဲ့သောရှစ်နှစ်သမ္မတသက်တမ်း နှစ်ဆက်လုံးလုံး အိမ်ဖြူတော်မှာ ဒီမိုကရက်တို့ရုံးထိုင်ခဲ့သဖြင့် လူ့သဘာဝအပြောင်းအလဲတရပ်ကို လို လားကြခြင်းသည် သူမအတွက်အရေးပါသော အတားအဆီးတရပ်ဖြစ်၏။ ပြိုင်ဘက်ပါတီကြီးက သည် အချက်ကိုကိုင်၍ အနိုင်တိုက်ရန် တက်စုံရွက်ကုန်ဖွင့်ကာ ချီတက်ရင်း အလဲလဲအကွဲကွဲတွေ ဖြစ်နေ၍ သာတော်တော့သည်။ ရီပါဘလီကင်အခက် ဒီမိုကရက်တို့ အချက်ပင်တည်း။ သို့သော် အမှားမလုပ် သည့်တိုင် အလုပ်မှားခြင်း၏အကျိုးဆက်က သူမ၏နောက်သို့ တစ္ဆေတကောင်လို ကောက်ကောက်ပါ အောင် အလိုက်ခံနေရခြင်းသည်လည်းတမှောင့်။ ဘန်ဂါဇီ အရေးအခင်းနှင့် အီးမေးအရှုပ်တော်ပုံသည် ဟီလာရီကို နေ့ချင်းညချင်း လူလိမ်လူညာဘဝသို့ကျရောက်စေရုံမက ခံတွင်းဝရောက်တော့မည့် ထမင်းလုပ်ကို အချိန်မရွေးပုတ်ချခံရမည့်ကိန်း ဆိုက်နေ၏။ သမ္မတဖြစ်ချင်ရတာ ဘယ်မှာမှ မစားသာ ချေ။

အမှန်တော့ ရီပါဘလစ်ကင်တို့ ယုံထောင်ရာမှ ကြောင်ပါမိသည့်အဖြစ်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တော်ရှိ သံတမန်ဝင်းနှင့် စီအိုင်အေဌာနခွဲတို့ကို အကြမ်းဖက် တိုက်ခိုက်ခံရပြီး သံအမတ်အပါအဝင် အမေရိကန်နိုင်သားလေးဦး အသက်ဆုံးရှုံးခဲ့ရသည်။ ၂၀၁၄ ခုနှစ်အရောက်တွင် ဒီမိုကရက်တစ်တို့၏သမ္မတရုံးက ထိုကိစ္စပေါ့တန်အောင်ဖုံးကွယ်ထားသည်ဆိုကာ ရီပါဘလစ်ကင်ဦးစီးသောအောက်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီမှ စစ်ဆေးခဲ့၏။ ဘန်ဂါဇီနှင့် ဆက်စပ်သော အီးမေးများကိုတောင်းခံရာမှ ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟီလာရီသည် ကိုယ် ပိုင်ဆာဗာ အသုံးပြုလျက် အစိုးရကိစ္စအီးမေးများကို ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့၏။ ယုံထောင်ကြောင်မိခြင်းလား သည်ယုံမြင်၍ သည်ခြုံထွင်ခြင်းလေလား ကာယကံရှင်တွေသာသိမည့် ဤကိစ္စရပ်အတွက် ဟီလာရီသည် ကော်မတီရှေ့မှောက်သို့ဝင်ရောက် အစစ်ခံခဲ့ရရုံမက အက်ဘီအိုင် ၏ သီးခြားစုံစမ်းစစ်ဆေးမှုကိုပါ ခံယူရ၏။ ထို့အပြင် မီဒီယာအချို့၏ မထီတရီအကြည့်များနှင့်အတူ “အစိုးရအဖွဲ့ဝင်တယောက်အနေနဲ့ လူထုကိုခင်ဗျားဘယ်နှစ်ခါလောက် မှန်တာပြောဖူးသလဲ” ဆိုသည့် ထော်လော်ကန့်လန့် မေးခွန်းများကိုရင်ဆိုင်ရသလို အမျိုးသမီးငယ်တို့၏ထောက်ခံအားပေးမှုအတော် များများ လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ဘာနီနှင့်ယှဉ်လျှင် ဟီလာရီက တပန်းသာသောအချက်မှာ စူပါကိုယ်စားလှယ် (Super Delegates) ခေါ် အထူးအခွင့်ရကိုယ်စားလှယ် ဦးရေအားလုံးလိုလိုကိုရရှိထားခြင်း ဖြစ်လေသည်။ လက်ရှိနှင့် အငြိမ်းစား သမ္မတများအပြင် အားလုံးသောရာထူးလက်ရှိ ပြည်နယ်အကြီးအကဲများ ပါတီထိပ်သီး များမှာ ကိုယ်စားလှယ်အဖြစ် လျှောက်ထားရန်မလိုဘဲ အလိုအလျောက်မဲပေးခွင့်ရကြမည်ဖြစ်ရာ သူ တို့အားလုံးနီးပါးက ဟီလာရီကို ထောက်ခံကြမည်သာဖြစ်၏။ ကတိကဝတ်မထားသော (Unpledged) ကိုယ်စားလှယ်တွေမို့ အချိန်မရွေး ဘက်ပြောင်းသွားနိုင်သည့်တိုင် ထိုအခြေအနေရောက်ဖို့ လမ်းစမရှိ သလောက်ပင်ဖြစ်ရာ ဘာနီအတွက် မျှော်လင့်ချက်က မရှိသလောက် နည်းပါးသည်။ ဟီလာရီ တယောက် အကြောင်းကြောင်းကြောင့် ခြေချော်လက်ချော်ဖြစ်မှသာ သူ့အတွက်လမ်းပွင့်မည်။ ဥပမာ အက်ဖဘီအိုင်မှစစ်ဆေးနေသော အီးမေးကိစ္စ။ သို့သော် ဒါမျိုး ဘာနီစိတ်မဝင်စား။ “သိပ်ပြီးနိုင်ငံရေး မဆန်တဲ့ စကားကိုပြောရဦးမယ်။ ဝန်ကြီး (ဟီလာရီ) မှန်ပါတယ်။ အမေရိကန်တွေက ဒီမဟုတ်တရုတ် အီးမေးအကြောင်းနားထောင်ဖို့ တော်တော်စိတ်ကုန်နေကြပြီ။ ကျွန်တော်တို့ အမေရိကရဲ့ တကယ့် အကြောင်းအရာတွေကိုပဲ ပြောကြရအောင်ပါ။” ဟု ပထမဆုံးရွေးကောက်ပွဲ စကားအခြေ အတင်မှာ ပင် ဟီလာရီဘက်မှ ထောက်ခံပြောခဲ့၏။

သည်နေရာတွင် ဘာနီနှင့် ဒေါ်နယ်တို့တူနေသောအချက်မှာ ဆိုင်ရာပါတီတွေက သူတို့အပေါ်သိပ် “ထင်” မထား ခဲ့ခြင်းပင် ဖြစ်သည်။ ဒေါ်နယ်ကို ရီပါဘလီကင်က “ဂျင်စုတ်” ကလေးပမာ သဘော ထားခဲ့သလို ဘာနီကိုလည်း ဒီမိုကရက်တို့က အိမ်ပြည့်ရုံကစားမည့် “အဖြည့်ခံ” ပမာသာသဘော ထားခဲ့ကြသည်။ ဂျင်စုတ်က အတွင်သုတ်သဖြင့် ရီပါဘလီကင်တို့ ပန်လန်လက် ပက်လက်လန် သွားချိန်မှာ အဖြည့်ခံအပြည့်စံရေးက ဝေးကြပြီကောကွယ် ပြောရမလိုဖြစ်နေ၏။ ဆရာစောကတော် ကြက်သားဟင်းမချက်တတ်၍မဟုတ် ကြက်သားဖိုး မတတ်နိုင်၍တည်းဟုဆိုရမတတ်ပင် ဘာနီအစွမ်း အစမရှိ၍မဟုတ် မှိုင်းမမည့်စူပါကိုယ်စားလှယ်တို့ သွေးကြီးကြသောကြောင့် ဖြစ်ပေသည်။ သူတို့အနေ နှင့်ကျပြန်တော့လည်း ပါတီသက်တစ်နှစ်သားလေးကို သမ္မတလောင်းတခါအရွေးခံဖူးပြီး ပွတ်ကာ သီကာရှုံးနိမ့်ကာ နိုင်ငံခြားရေးဝန်ကြီးဘဝနှင့်ကျေနပ်ခဲ့ရသူ ဝါရင့်ပါတီဝင်တဦးနှင့် (အရည်အချင်း ချင်း တူသည့်တိုင်) တန်းတူရည်တူ နထီး (နွားထီး) ငါးကျပ် နမ( နွားမ)ငါးကျပ် လုပ်၍မရ။ ခုပင် ဘာနီ သည် ဒီမိုကရက်မဟုတ်ဟု ဆိုသူတွေဆိုနေကြပြီ။ ပါတီစွဲ ဂိုဏ်းဂဏစွဲများ ကြောက်စရာကောင်းပေစွ။ သူတို့ဆီမှာ အမျိုးသားနိုင်ငံရေးဆိုကာ အာဏာကိုတွင်တွင်သိမ်းတတ်သည့် စစ်တပ်မရှိသည်မှာ ကံ ကောင်းသည်။ ထိုသဘောသက်ဝင်သည့် လုပ်ပိုင်ခွင့်မျိုးပေးထားသော ဖွဲ့စည်းပုံမရှိခြင်းက ပို၍ပင် ကံကောင်းသည်ဆိုရမည်။

ခုဆိုလျှင် ဟီလာရီလိုအပ်သော ကိုယ်စားလှယ်ဦးရေ ၂၃၈၃ ပြည့်ဖို့ရာ (စူပါတွေထည့်တွက်လျှင်) ၉၀ သာ လိုတော့သည်။ ဘာနီက ၈၅၀ လောက်လိုသေးသည်။ နှစ်ဦးစလုံးအတွက် မျှော်လင့်စရာ လက် ကျန်က ၉၃၉ ဦး။ သည်အခြေအနေမျိုးတွင် ဘာနီသာ ကယ်လီဖိုးနီးယား (ကိုယ်စားလှယ် ၅၄၉) နှင့် နယူးဂျာစီ (ကိုယ်စားလှယ် ၁၄၂) တို့ကိုသိမ်းပိုက်နိုင်လျှင် စူပါတွေများ စိတ်လည်လာမည်လားဟု တွေးသူတွေးကြသည်။ တချို့ စူပါကိုကြည့်မရသူ ဘာနီဘက်တော်သားတွေကလည်း “အပြင်ထွက်ပြီး တခြားပါတီနဲ့တွဲပြိုင်လိုက်စမ်းပါ” ဟု မချင့်မရဲပြောကြ၏။ သည်နည်းက ဒေါ်နယ်တို့ ဖိုးကျိုင်းဒုတ် ဖြစ်မည်မို့ သိပ်ရေပန်းမစားသလို သူနိုင်နိုင်ရှုံးရှုံး ဒေါ်နယ်ကိုတော့ နိုင်မှဖြစ်မည်ဟုပြောခဲ့သည့် ဘာနီ ကလည်း လိုက်နာလိမ့်မည်မထင်။ တချို့ကလည်း ဒေါ်နယ်ကိုအပြုတ်တိုက်ဖို့ရာ ဟီလာရီကိုဝန်းရံရေး အတွက် ဘာနီပြိုင်ပွဲက ထွက်သင့်သည်ဟု ပြောကြ၏။ သည်အထဲတွင် ကယ်လီဖိုးနီးယား ဆီနိတ်တာ ပါဝင်နေခြင်းက စိတ်ဝင်စားစရာကောင်း၏။ သူက ဒီမိုတွေကွဲလျှင် ဒေါ်နယ်ဆွဲလိမ့်မည်ဆိုပြီး ထိုသို့ မဖြစ်စေရန် ဘာနီမှာ အထူးသဖြင့်တာဝန်ရှိကြောင်း ပြောဆိုခဲ့လေသည်။ ဘာနီတို့ ဆုတ်စူးစားရူးမည့် ကိန်း။

ထိုအတွင်း နီဗားဒါးရွေးကောက်ပွဲ အနိုင်အရှုံးကိုမကျေနပ်သူ ဘာနီထောက်ခံသူတွေက အော်ဟစ်ဆဲ ဆိုခြင်း ခုံမျာရိုက်ချိုးခြင်း ခြိမ်းခြောက်ခြင်းများ ဖြစ်ခဲ့၏။ ယင်းအပေါ်ဘာနီက ရှုတ်ချသော်လည်း တောင်းပန်ခြင်းမပြုသည့်အပြင် ပါတီလူကြီးတွေ မမျှမတလုပ်ခြင်းကြောင့် ဖြစ်ရသည်ဟု ကောက် ချက်ချသဖြင့် စိတ်မသက်မသာဖြစ်ကြရပြန်သည်။ ဝါရင့်သမ္မတရွေးကောက်ပွဲ ဆက်သွယ်ရေးမူဝါဒ ကျွမ်းကျင်သူတဦးက ဘာနီ၏လှုပ်ရှားမှုကို လမ်းလျှောက် လူသေများ (Walking dead) ဇာတ်လမ်းထဲ မှဖုတ်ကောင် (Zombie) နှင့်နိုင်းယှဉ်ပြသည်။ ဇွန်ဘီပြိုင်ပွဲဝင်တဦးသည်အနိုင်ရဖို့မရှိ သို့သော် အစား ထိုးမရသည့်အချိန်များကို တတိတိပြုံးတီးစေရင်း တကယ်အကာအကွယ်ပေးရမည့် သမ္မတလောင်းကို ထိခိုက်ပွန်းပဲ့စေနိုင်သည်ဟုထောက်ပြသည်။ ဘာနီ့အနေနှင့် ရွေးကောက်ပွဲခရီးစဉ်ကို စစ်သူကြီးအဖြစ် ဝံ့ဝံ့စားစားအဆုံးသတ်မည်လား သို့တည်းမဟုတ် ထွက်ပေါ်လာသော မိမိပါတီ၏သမ္မတလောင်းကို ကပျက်ယပျက်လုပ်ခြင်းဖြင့် ပြိုင်ဘက်ပါတီသမ္မတလောင်းထံ သူခိုးဓားရိုးကမ်းမည်လားဟုလည်း မေး ခွန်းထုတ်၏။ ဘာနီအားထောက်ခံသောဆီးနိတ်တာတဦးကမူ ဘာနီကို ယခုအချိန် ပြိုင်ပွဲမှ ထွက်ခွာ စေခြင်းသည် ပါတီအကွဲအပြဲကို ပိုမိုကြီးထွားစေလိမ့်မည်ဟု သတိပေး၏။ “စဉ်းစားကြည့် သူ (ဘာနီ) တို့ရဲ့အမြင်တွေ မလိုအပ်တော့ဘူးဆိုပြီး ခုထွက်သွားခိုင်းလိုက် နောက်တလလောက်ကြာတော့မှ လာ ကြပါဦး ဒို့ကိုကူကြ (မဲပေးကြ) ပါဦးဆိုပြီး ပြန်ခေါ်လိုက် လုပ်လို့မရဘူးလေ”။

ဘာနီကမူ ရေဆုံးမြေဆုံးအထိပြိုင်သွားရန်ပိုင်းဖြတ်ပြီးသားမို့ ကယ်လီဖိုးနီးယားမှာဟီလာရီနှင့် စကား စစ်ထိုးမည့် အစီအစဉ်ကိုမျှော်လင့်ဆဲ။ သည်ဘက်ပိုင်းတွင်ပြောစရာတွေပိုရှိလာသလို သူ့ပရိတ်သတ် တွေပိုများပြီး ပိုတက်ကြွလာခြင်းသည်အကြောင်းတကြောင်း။ နောက်တကြောင်းက မီဒီယာမေးခွန်း တခုကိုဖြေရင်း ဟီလာရီက သူ့ (ဘာနီ) မှာ သမ္မတဖြစ်ရန် အရည်အချင်းမပြည့်ဝသယောင် စောင်း ပါးရိပ်ခြည် ပြောခဲ့သည်ကို သင်္ကာရှင်းလိုခြင်း ဖြစ်၏။ အရည်အချင်းရှိမရှိသိချင်လျှင် စူပါတွေဖယ်ပြီး ပြိုင်ကြရအောင်ပြောသည်အထိ စိမ်ခေါ်ချင်ပုံရလေ၏။ သို့သော် အနေအထားက စူပါမပါဘဲ သူရော ဟီလာရီပါ သတ်မှတ်ကိုယ်စားလှယ်အရေအတွက်ရဖို့မဖြစ်နိုင်။

(စကားချပ်။ ။ ဒီမိုကရက်ရွေးကောက်ပွဲတွင် မဲပြတ်လျှင်ပြတ် မပြတ်လျှင် စူပါကိုယ်စားလှယ်သည် အဆုံးအဖြတ် စူပါကိုယ်စားလှယ်သည်သာ အခရာဖြစ်၏။ ကာ/လုံမှာ တပ်ချုပ်အခရာ ဖြစ်သကဲ့သို့ တည်း။)

ဟီလာရီကမူ ကယ်လီဖိုးနီးယားစကားဝိုင်းကို မတက်တော့ဟု ဆိုသည်။ သူမအနေနှင့်ထိုပွဲကိုတက်ရန် မလိုတော့။ ဘာနီသာလျှင် အခြေအနေမှန်ကိုလက်ခံပြီး ၂၀၀၈ ရွေးကောက်ပွဲတုန်းက အိုဘားမား အသာစီးရမှန်းသိချိန်မှာ သူမလုပ်သလို ပြိုင်ပွဲမှထွက်ပြီး မိမိအားထောက်ခံသူတွေကို ရွေးချယ်ခံ သမ္မတလောင်းကိုမဲပေးဖို့ စည်းရုံးသင့်သည်ဟုပြောသည်။ ထိုစကားကို ထောက်ခံသူတွေရှိသလို ဟီ လာရီတို့ လိမ်ပြန်ပြီဟု ပြောသူတွေလည်း ရှိကြ၏။

တဘက်မှာလည်း ရီပါဘလီကင်အေလစ်တို့တင်သမျှစစ်ကဲတွေကို တပွဲပြီးတပွဲ အပြုတ်ဖြုတ်ခဲ့သည့် ဒေါ်နယ်က တစခန်း။ ဒေါ်နယ့်ကို မချစ်သော်လည်း အောင့်ကာနမ်းခဲ့ရသော ရီပါဘလီကင်ပါတီ ရေပေါ်ဆီတို့က အစပထမတွင် သူ့ဘာသာဘယ်လိုပဲနိုင်နိုင်သူ့ အချိုးတွေ မပြောင်းမချင်း မထောက်ခံ နိုင်ဘူးဟု ဟန်လုပ်ကြသေးသော်လည်း အကျိုးများဖွယ်ရာမမြင်သည့်အဆုံး သည်အခြေရောက်မှ မထူးတော့ပါဘူးသမီးရယ်ဟုသာ သူ့လူတွေသူဖြောင့်ဖျပြီး ရီပါဘလီကင်သမ္မတဖြစ်ရေးကို အာရုံစိုက် ကြရပြီ။ ဘယ်တော့မှ (ဒေါ်နယ်) ထရန့်မဖြစ်စေရဆိုသော ခေါင်းမာဂိုဏ်းသားတွေ ရှိကြသည့်တိုင် အောင် သူတို့ကအသံသာရှိပြီး အဆံမရှိသည့် သင်္ကြန်အမြောက်တွေမို့ နောက်ဆုံးတော့ ဒေါ်နယ်က ဒေါ်နယ်ပါပဲဟု ပြောရမည့်ကိန်း။ စိုင်ကော်၍ခြုံပေါ်ရောက်သည်ဆိုသောစကား ဒေါ်နယ့်အတွက်များ ထားခဲ့လေသလားမသိ။ သူ့အတွက်အိမ်ဖြူတော်သို့သွားရာလမ်းကြောင်းက အိမ်ဖြူတော်မှာနေခဲ့ဖူး သည့်ဟီလာရီထက်ပင် ဖြောင့်ဖြူးနေသယောင် ထင်ရသည်။ သူကလည်း ဟီလာရီအိမ်ဖြူတော်ကို သည်တခါပြန်မတက်နိုင်အောင် မီးကုန်ယမ်းကုန်ကြဲဖို့ တာစူနေပြီ။

သည်မှာ ဟီလာရီအားကိုးရှာသည်။ ခင်ပွန်းသည် ဘီ (ကလင်တန်) (Bill Clinton) ကိုပွဲထုတ်သည်။ စင်စစ် ရွေးကောက်ပွဲလောကမှာ ဇနီးခင်ပွန်းကိုပွဲထုတ်ခြင်းသည် လုပ်ရိုးလုပ်စဉ်မို့ ထူးခြားဖြစ်စဉ် တရပ်တော့မဟုတ်။ စိန်နားကပ်အရောင်ကြောင့် ပါးပင်ပြောင်ပြောင် ဘိုကေပင်ထောင်ထောင် အောင် နိုင်ရေးအတွက် မယ်ရွက်လျှင် မောင်ထမ်းရမည်မှာ သဘာဝ။ သည့်အပြင် ဘီက နှယ်နှယ်ရရမဟုတ်။ အမေရိကန်ပြည်ထောင်စု၏ ၄၂ ယောက်မြောက်သမ္မတ။ စစ်ပြီးခေတ် ပထမဆုံးသက်တမ်းနှစ်ဆက် ဒီမိုကရက်သမ္မတဖြစ်သလို စစ်ပြီးခေတ် သမ္မတအားလုံးတို့တွင် အမြင့်ဆုံးအကဲဖြတ်အမှတ် (Rating) ရရှိခဲ့သူ။ သူ့လက်ထက်တိုင်းပြည်မှာ ဘတ်ဂျက် ပိုငွေသုံးနှစ်ဆက်တိုက် ဖြစ်ပေါ်စေခဲ့သူ။ “စီးပွားရေးနဲ့ ပတ်သက်ရင် ကျွန်မကမစွမ်းတော့ ဘီကို အားကိုးရမှာပေါ့။ သိတယ်မို့လား သူကအဲဒါတွေ ကောင်း ကောင်းကျွမ်းတယ်လေ” ဟု ဟီလာရီ တုတ်ဖော်လိုက်ခြင်းသည် သူမ၏ရိုးသားမှုဟု ယူလိုကရမည် ဖြစ်သော်လည်း နိုင်ငံရေးဝဲသြဃက သည်မျှမရိုးစင်း။ ယခုပင် နှစ်အချိုး တစ် (Two in One) စီးပွား ရေးပေါ်လစီဟု ခနဲ့သူ ခနဲ့နေကြပြီ။

စင်စစ် ဘီကို စီးပွားရေးဥသျှောင်အရာထားရေးမှာ သူသမ္မတဖြစ်စဉ်က ဆီနိတ်တာဟီလာရီ အတိုက် အခံလုပ်ခဲ့သည့်ဖြစ်ရပ်တွေကလည်း ပြောစရာဖြစ်နေပြန်၏။ ဘီလက်ထက်တွင် လက်မှတ်ထိုးခဲ့သည့် လွတ်လပ်သော မြောက်အတ္တလန်တိတ် ကုန်သွယ်မှုသဘောတူစာချုပ် (NAFTA) ဆိုလျှင် ဟီလာရီက ယနေ့တိုင်ကန့်ကွက်ဆဲ။ ယခုသို့ စွယ်တော်ရွက်ပမာ ဘီနှင့်ဟီလာရီတို့ သမ္မတအတူလုပ်ကြသည့်အခါ နှစ်ဦးစလုံး အထူးသဖြင့်ဘီက မိမိကိုယ်မိမိ မျက်မှောက်ရေးရာများနှင့်အံဝင်အောင် ချိန်ညှိဖို့လိုသည် ဟု ဆိုကြသည်။ ပြိုင်ဘက် ဒေါ်နယ်ကတော့ ထိုအချက်ထက် ဘီ၏နောက်ကြောင်းကိုတူးဖော်ရင်း ဟီလာရီကိုပါ နှိပ်ကွပ်ဖို့ ကြိုးစားသည်။ သမ္မတဘဝက ‘မ’ ကိစ္စကြောင့် ကျော်မကောင်း ကြား မကောင်းဖြစ်ကာ တရားဝင်ပြစ်တင်ရှုတ်ချခံရဘူးသည့် ဘီအား စားနေကျ ကြောင်ဖားကြီး (Predator) ဟုပြောပြီး ဟီလာရီကိုမူ ယောက်ျားအတွက် လမ်းဖွင့်ပေးသူ (Enabler) ဟုစွပ်စွဲပြောဆိုခဲ့လေသည်။ ကောလာဟလတွေကလည်း ပလူပျံနေကြ၏။ သမ္မတကလင်တန်လက်ထက် ဂျာနယ်လစ် တဦးသေ ဆုံးမှုတွင် ကလင်တန်မောင်နှံလက်ချက် မကင်းဆိုခြင်းမှသည် ဟီလာရီသည် စုန်းမကြီးတဦးဖြစ်ပြီး စုံးမအစည်းအဝေးသို့ တက်ရောက်လေ့ရှိခဲ့ဖူးသည်ပြောကြခြင်းအထိ။

ဆိုင်သည်မဆိုင်အပထား ထိုစကားတွေက ဟီလာရီ၏လူကြိုက်များမှုကို အနည်းနှင့်အများ ထိခိုက်စေ ခဲ့၏။ အနည်းဆုံး စစ်တမ်းများက ထိုသို့ညွှန်ပြကြလေသည်။

ပြောရလျှင် သည်စစ်တမ်းတွေက အတော်လည်းအူလည်ဆူလည် နိုင်လှ၏။ တဒ်(ခရု) တို့ ဂျွန် (ကေဆစ်) တို့ပြေးလမ်းပေါ်ရှိစဉ်ကပင် သူတို့ကို (စစ်တမ်းအရ) ဟီလာရီရှုံးပြီး ဟီလာရီကို ဒေါ်နယ်ရှုံး နေကျ။ ခု ဟီလာရီကိုနိုင်မည်ဟုဆိုကြသူတွေကွင်းပြင်ရောက်ကုန်ပြီး ဒေါ်နယ်နှင့်ဟီလာရီ တယောက် ချင်းရင်ဆိုင်တွေ့သည့်အခါ၌ သရေပွဲအဖြစ်သတ်မှတ်ကြပြန်သည်။ ထိုထက်ပို၍ ရယ်အားထက် ငိုအား သန်စရာ ကိုရွှေစစ်တမ်းတို့၏နောက်ဆုံးအဖြေအရ ဒေါ်နယ်ကိုတကယ်နိုင်မည့်သူမှာ ဘာနီ(စန္ဒား) ဖြစ်နေပြန်လေ၏။ ဟီလာရီကိုပင်စိတ်လျှော့ပြီး ဘာနီအတွက် လမ်းဖွင့်ပေးလိုက်ဖို့ ဆိုသူတို့ ဆိုလာ ကြပြီ။ ကြက်ဥအရောင် တိမ်တောင်သဘွယ် ဦးစတို့ မင်းလောင်းအရေးကျယ်လိုက်ပုံမှာ စိတ်သာ မခိုင်လျှင် ဟီလာရီတို့ ရူးလောက်သည်။

[ကိုးကား။ 2016 USA Election News and Opinions]