အမျိုးသားရေး ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး နှင့် မောင်မိုးသူ

 အမျိုးသားရေး ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး နှင့် မောင်မိုးသူ

မောင်မိုးသူ     မော်ဒန်သတင်းဂျာနယ်               မိုးမခ ၊  မေ  ၁၃ - ၂၀၁၆



 ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကတည်းက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးများ လုပ်ဆောင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကြတဲ့ အဖွဲ့အစည်းများ ရှိသလို လက်မှတ်ရေးထိုးခြင်း မပြုသေးတဲ့ အဖွဲ့အစည်းများလည်း ရှိနေသေးတာ တွေ့ရပါတယ်။ အဲသည် လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် မလုပ်နိုင်ခင် အစိုးရအပြောင်းအလဲ ဖြစ်သွားပြီး နောက်အစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဆက်လက်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

          အစိုးရဟောင်းနဲ့ အစိုးရသစ်အပြောင်းအလဲဟာ အတော်အချိန်ကြာပါတယ်။ နောက်ဆုံးတော့ အစိုးရသစ်ရဲ့ သမ္မတဦးထင်ကျော် ဖြစ်လာပါတယ်။

          သမ္မတဦးထင်ကျော်ဟာ ယခင်အစိုးရရဲ့ ဖောင်းပွတဲ့ ၀န်ကြီးအဖွဲ့ကို ကျစ်လစ်တဲ့ ၀န်ကြီးအဖွဲ့သစ်ဖွဲ့ပြီး အစိုးရကုန်ကျစရိတ်များစွာကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာပြီး နိုင်ငံခြားရေးဝန်ကြီးအပါအ၀င် ၀န်ကြီးတာဝန်များကိုလည်း ယူခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း ပြုလုပ်နိုင်ခဲ့ပါတယ်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုဝန်ကြီး အဖွဲ့ကို ဖွဲ့စည်းနိုင်ရုံသာမက တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်များနဲ့ ၀န်ကြီးအဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အင်န်အယ်လ်ဒီက အများစု အနိုင်မရတဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာလည်း ၀န်ကြီးချုပ်တာဝန်များကို အင်န်အယ်လ်ဒီကိုယ်စားလှယ်များကိုသာပေးအပ်ပြီး တိုင်းနဲ့ ပြည်နယ်အားလုံး ၀န်ကြီးချုပ်ရာထူးများကို အင်န်အယ်လ်ဒီကိုယ်စားလှယ်များသာ ခန့်အပ်ခဲ့ပါတယ်။

          ဗဟိုပြည်ထောင်စုအစိုးရသာ မဟုတ်ဘဲ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊၀န်ကြီးအဖွဲ့များပါ ခန့်ထားနေတဲ့ သဘောပါပဲ။

          ဒါပေမဲ့  ခေါင်မိုးဖြစ်တဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့တွေကသာ အင်န်အယ်လ်ဒီတွေဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားကြီး တခုလုံးက ယခင်အစိုးရရဲ့ ၀န်ထမ်းများ ဖြစ်တဲ့အတွက် ခရီးဆက်လို့ အဆင်မှ ပြေပါ့မလားလို့  ပုပန်သူ စိုးရိမ်သူတွေလည်း ရှိခဲ့ပါတယ်။ အင်န်အယ်လ်ဒီဟာ ၀န်ကြီးအဖွဲ့ကို ကျစ်လစ်အောင် ဖွဲ့စည်းပေမဲ့ ဘယ်ဝန်ထမ်းကိုမှ အလုပ်ဖြုတ်မှာ မဟုတ်ဘူးလို့ ကတိပေးခဲ့ပါသေးတယ်။

          အစိုးရသစ်ဟာ ရက် ၁၀၀ စီမံကိန်းချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပါတယ်။အဲသည်လုပ်ရပ်တွေမှာလည်း ယခင်အုပ်ချုပ်ရေးအဖွဲ့အစည်းဝင်များရဲ့ ပူးပေါင်းမှု လိုအပ်ပါတယ်။ ရာဇ၀တ်မှုကင်းစင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေဆီ သွားရောက်ဆွေးနွေး အကြံယူမှုတေါလည်း လုပ်ကြပါတယ်။ ရဲဆိုရင် မယုံမကြည် ဖြစ်နေတဲ့ ပြည်သူအများစုအတွက် မသိုးမသန့် ဖြစ်ရသလို တခါဖူးမျှ ပြည်သူကို အမိန့်မပေးဘဲ အရောတ၀င် မဆက်ဆံဖူးတဲ့ ရဲတွေခမျာမလဲ ခွတိခွကျ ဖြစ်နေတာပဲပေါ့။

          အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်ဖြစ်လေတော့ အစိုးရ၀န်ထမ်းများဖြစ်တဲ့ ရဲတို့၊စည်ပင်တို့၊ ထွေအုပ်တို့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်ရသလို ပုဂ္ဂလိကများ လက်လွှဲအပ်ထားတဲ့ လျှပ်စစ်ဓာတ်အားပေးရေးကိစ္စတွေမှာလည်း စစချင်း အခက်အခဲတွေ အများကြီးပေါ့။ လျှပ်စစ်တွေ အမြဲပြတ်နေရာက တဖြည်းဖြည်း ပုံမှန်နီးနီးတော့ ရောက်စပြုလာပါပြီ။

          အရေးအကြီးဆုံးကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ဆောင်ဖို့ဆိုရင် ပြည်တွင်းစစ်မီးကြီး ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်မှ ဖြစ်မှာပါ။

          အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပိုမိုအကောင်အထည်ဖော်နိုင်မလားဆိုသည်ကို မျှော်လင့်နေချိန် တပ်စခန်းဖယ်ပေးရန် ရာဇသံပေးခြင်းဟာ ငြိမ်းချမ်းရေးအတွက် မကောင်းဟု ရှမ်းလက်နက်ကိုင် အဖွဲ့တာဝန်ရှိသူက ပြောလာတာလည်း တွေ့ရပါတယ်။

          ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံညီလာခံခေါ်ဆိုဖို့ ကြိုးစားမယ်လို့ ပြောဆိုနေချိန်မှာ ဒုတိယပင်လုံဆိုတဲ့ စကားလုံးကို လက်မခံလိုသူများလည်း အသံဗလံ ထွက်လာပါတယ်။

          ရခိုင် AA နဲ့ တိုက်ပွဲဖြစ်ပွားရာမှ စစ်ရှောင်ဒုက္ခသည်များကိစ္စ၊ ရှမ်းနဲ့ တအာင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာမှ ကျောက်မဲကို စစ်ရှောင်များ ရောက်လာသည့် ပြဿနာများ ရှိနေပါတယ်။

          ဘာပဲပြောပြော၊ ဘယ်လိုပဲ အယူအဆကွဲလွဲ၊ အပစ်အခတ်ရပ်စဲခြင်းမရှိ၊ ငြိမ်းချမ်းရေး မရရှိသရွေ့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုဟာ နှောင့်နှေးကြန့်ကြာဦးမှာ ဖြစ်ပါတယ်။

          ဒါကြောင့် အစိုးရသစ်ရော၊ တပ်မတော်ရော၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသူများရော၊ မထိုးရသေးသူများရော အားလုံး တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ရှေးရှုပြီး ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အားလုံးပါဝင်ကြပြီး စားပွဲပေါ်မှာ ညှိနှိုင်းရေးဆွဲမှုများ လုပ်ဆောင်သွားဖို့ လိုအပ်လှကြောင်းပါ။


          အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး နှင့် မောင်မိုးသူပါ။