ဇင်လင်း ● ၂၁ ရာစု ပင်လုံညီလာခံနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ

 ဇင်လင်း ● ၂၁ ရာစု ပင်လုံညီလာခံနဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍ
(မိုးမခ) မေ ၉၊ ၂၀၁၆

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များနဲ့ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီလ ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တလ နှစ်လအတွင်းမှာ ၂၁ ရာစု ပင်လုံညီလာခံကြီးကျင်းပနိုင်ရေးအတွက် ၀ိုင်းဝန်းကူ ညီကြပါလို့ JMC-U အဖွဲ့ဝင်များကို စကားကမ်းလှမ်းခဲ့တာတွေ့ရပါတယ်။ မြန်မာနှစ်ဆန်းတရက်အတွက် နှစ်သစ်ကူး မိန့်ခွန်းပြောကြားစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အပစ် အခတ်ရပ်စဲရေးပြီး မြောက်အောင် ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တဆက်တစပ်တည်းဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုလည်း ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလည်း ဆက် လက်ဆောင်ရွက်ဖို့လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့တာ တွေ့ရပါတယ်။

မကြာသေးခင်က တပ်မတော်နဲ့ AA လက်နက်ကိုင် အဖွဲ့တို့အကြား ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် ငြိမ်းချမ်းရေးအဖြေရှာရေးအတွက် ပြည်သူအများ အထူးစိုးရိမ်နေကြတာ တွေ့ရတယ်။ ဒီအတောအတွင်းမှာပဲ တပ်မတော်နဲ့ AA တို့ရဲ့ စစ်ရေးပဋိပက္ခကို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ် ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့အားတိုက်တွန်းတဲ့ အရေးကြီးအဆိုကို ရခိုင်အမျိုးသားပါတီဝင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က မေ ၂ ရက်ကကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါ တယ်။ ၎င်းအဆိုကို လက်ခံဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ်အများစုက သဘောတူခဲ့ပါတယ်။ ဒါကြောင့် မေလ ၃ ရက် နေ့မှာကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအတွင်းအဆိုကို ဆွေးနွေးမှု စတင်ခဲ့ပါတယ်။ ဆွေးနွေးကြရာမှာ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းဝမ်းလှိုင်ခမ်းက ပင်လုံစာချုပ်အနှစ်သာရ တိုင်းရင်းသားပြည်သူများရဲ့လိုလားချက်ဖြစ်တဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ရှိသည့် ဖက်ဒရယ် ပြည် ထောင်စု” ကို တည်ဆောက်နိုင်မှသာ ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်မှာဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပစေလိုကြောင်း ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

ရခိုင်အမျိုးသားပါတီမှ ဦးခင်မောင်လတ်ကလည်း “ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ဒီအဆိုကို ထောက်ခံသွားမှာ ဖြစ်ပါ တယ်။ တိုက်ပွဲတစ်ခုဖြစ်ရင် ပထမဆုံး ဆုံးရှုံးတာက ပြည်သူတွေလို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးကို အမြန်ရရှိဖို့ လိုအပ်နေပါ တယ်။ စစ်ပွဲတွေရပ်ဖို့ ဖြစ်တဲ့နည်းနဲ့ ကြိုးစားရမှာ ဖြစ်ပါတယ်။ လောလောဆယ် စစ်ရှောင်ဒုက္ခသည် ၁၅၀၀ လောက် ရှိနေပါတယ်။ တဖြည်းဖြည်းလည်း တိုးလာနေပါတယ်။ စစ်ဘေးလွတ်တဲ့ ကျေးရွာတွေရဲ့ စာသင်ကျောင်းတွေမှာ နေနေရ ပါတယ်။ ဒုက္ခရောက်နေကြပါတယ်။ ဒုက္ခသည်တွေ အဓိကကြောက်နေကြတာက ပေါ်တာဆွဲခံရမှာကို ကြောက်နေကြပါ တယ်။ ပေါ်တာတွေဟာ လက်နက်၊ ရိက္ခာနဲ့ စစ်လက်နက်တွေကို မနိုင်တနိုင် ထမ်းနေရပါတယ်။ ရွာတစ်ရွာမှာ နှစ်ဦးသုံးဦး ပေါ်တာဆွဲခံရပြီဆိုရင် သူတို့အတွက် တစ်ရွာလုံးက စိုးရိမ်ပူပန်နေကြပါတယ်။ အခုတိုက်ပွဲတွေ အတွင်းမှာ အတင်းအကျပ် ပေါ်တာဆွဲခံရသူ ၂၀ လောက် ရှိပါတယ်။ သူတို့ပြောပြတဲ့ ဗီဒီယိုအသံဖိုင်တွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော်လည်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းကိုသွားပြီး သူတို့နဲ့တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီရွာသားတွေက ပေါ်တာဆွဲခံရတယ်ဆိုတာ အ ထောက်အထား သက်သေတွေပါပဲ။ အချို့ရွာတွေဆိုရင် ရွာသားအချင်းချင်း ဘယ်သူက ပေါ်တာလိုက်သွားဆိုပြီး ခွဲတမ်းချ တာတွေ ရှိပါတယ်။ လွှတ်တော်ကြီးက ကြားနာမယ်ဆိုရင် သူတို့ကို ခေါ်ပေးလို့ရပါတယ်။ တိုင်းရင်းသား အချင်းချင်း ဖြစ်နေ တဲ့စစ်ပွဲကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးဖြေရှင်းလို့ မရနိုင်စရာ မရှိပါဘူး” - စသဖြင့် ဆွေးနွေးသွာကြောင်း အလဲဗင်းမီဒီ ယာသတင်းမှာ ဖေါ်ပြထားတာတွေ့ရတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ စဉ်းစားရမယ့်ကိစ္စတွေပါပဲ။

JMC-U အဖွဲ့ဝင်များကို ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က -“အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ အားလုံးကို ကျမတို့ပါဝင်စေချင်ပါတယ်။ အားလုံးမပါဝင်သေးရင် ကျမတို့ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒါ ကျမတို့ ၀ိုင်းပြီး တော့ စဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။ ကျမကတော့ တကယ့်စေတနာမှန်ရင် မအောင်စရာ မရှိပါဘူး။ အခု အလုပ်တစ်ခုကို လုပ်တဲ့နေရာမှာ အထူးသဖြင့် ကျမအမြဲပဲ တိုက်တွန်းပါတယ်။ အပေးအယူရှိတယ်ဆိုတာထက် ကျမတို့ကို ဘာပေးနိုင်မလဲ ဆိုတာကို ကျမတို့အားလုံး တစ်ယောင်ချင်း တစ်ယောက်ချင်းကနေ စဉ်းစားနိုင်မယ်ဆိုရင်တော့  အဆင်ပြေနိုင်မယ် ထင်ပါ တယ်။ ကျမတို့ တယောက်ချင်း တယောက်ချင်းကနေ ကိုယ်ဘာရမှာလဲဆိုတာကို စဉ်းစားနေရင်တော့ နည်းနည်းပိုပြီး တော့ ခက်ပါလိမ့်မယ်” လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တာ တွေ့ရပါတယ်။

“အဲဒီတော့ အပေးအယူလို့ ပြောတဲ့နေရာမှာ ကိုယ့်ရဲ့ နိုင်ငံအပေါ်မှာ ထားတဲ့စေတနာရယ်၊ ပြောရမယ်ဆိုရင်တော့ ကိုယ် ဘာပေးနိုင်သလဲဆိုတာ တင်ပြစေချင်တယ်၊ ဆွေးနွေးစေချင်တယ်။ ကိုယ်ဘာလိုချင်သလဲဆိုတာ ကြည့်မယ်ဆိုရင် ကျမတို့လို တိုင်းရင်းသားမျိုးစုံနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုကြီး အရင် ငြိမ်းချမ်းဖို့ ညီညွတ်ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး။ အဲဒီတော့ ကျမတို့ ဒီအစည်းအဝေးကနေ စပြီးတော့  ငြိမ်းချမ်းရေးအတွက် လုပ်တဲ့အခါမှာ တစ်ယောက်ချင်း တစ်ယောက်ချင်းကနေ စပြီးတော့ ဘာပေးနိုင်သလဲဆိုပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ကိုယ်က အပေးသမားဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တယ်၊ ကိုယ်က အယူသမားဆိုရင် တန်ဖိုး မရှိတဲ့နေရာ ရောက်သွားမယ်။  အဲဒီတော့ ကိုယ် ဘာပေးနိုင်သလဲဆိုတာ အဓိကစဉ်းစားပြီးတော့ ကျမတို့ကို ကူညီစေချင်တယ်။ အဲဒီတော့ ဒီနည်းနဲ့ လုပ်သွားမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးကို ကျမတို့လုပ်နိုင်မယ်။ မပါသေးတဲ့ အဖွဲ့တွေလည်း ပါဝင်လာချင်အောင်လို့၊ ပါဝင်နိုင်အောင် ကျမတို့ အခြေအနေတစ်ခုကို ဖန်တီးနိုင်မယ်။ ဒီလို ဖန်တီးနိုင်တဲ့ တစ်ချိန်တည်း မှာ  ကျမတို့ ငြိမ်းချမ်းရေးညီလာခံကို စတင်နိုင်မယ်။ ကျမအမြင်ကတော့ ငြိမ်းချမ်းရေးညီလာခံ ဖြစ်မြောက်ရေးနဲ့ အပစ်အခတ်ရ်စဲရေးမှာ ပါဝင်သင့်တဲ့ အဖွဲ့တွေ ပါဝင်ရေးဟာ နှစ်ခုစလုံး မျဉ်းပြိုင်အနေနဲ့လုပ်သွားဖို့လိုပါတယ်။”  လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မေလ ၁ ရက်နေ့က ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စတဲ့ မြို့နယ် ၉ မြို့နယ်နဲ့ ရန်ကုန်မြို့မှာ တပြိုင်တည်း ဆန္ဒပြတောင်းဆိုကြတဲ့သတင်းကို လွတ်လပ်တဲ့အာရှအသံ ရေဒီယို သတင်းမှာ ဖေါ်ပြပါတယ်။ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတဲ့အတွက် တိုက်ပွဲတွေရပ်ပေးဖို့ တောင်းဆိုတာလို့ စစ်တွေမြို့ က ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်ဌေးက RFA ပြောကြောင်း သတင်းကဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်မှာဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ရခိုင်စစ်ဘေးဒုက္ခသည် ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်မပြေမှုတွေ ဖြစ်ပေါ်နေကြောင်း၊ ဒါကြောင့် စစ်ပွဲ ရပ်တန့်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးစေချင်တယ်လို့ဆိုပါတယ်။ အခု လက်ရှိ ဖြစ် ပေါ်နေတဲ့ စစ်ပွဲအတွင်း ရခိုင်ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ စတဲ့လုပ်တာတွေကိုလည်း ချက်ချင်း ရပ်ပေးစေချင်ကြောင်း ရည်ရွယ်ပြီး ဆန္ဒနဲ့ဖော်ထုတ်ပွဲလုပ်ခဲ့တယ်လို့သတင်းကဆိုပါတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲတွေ အတွင်း ဒေသခံတွေကို ဖမ်းဆီးတာတွေ၊ ပေါ်တာဆွဲတာတွေကို ရပ်တန့်ဖို့၊ AA နဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးထားသူတွေ ကို လွှတ်ပေးဖို့နဲ့ အစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါ တယ်။ စစ်တွေမြို့က ဆန္ဒပြပွဲ ဦးဆောင်သူတွေ၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးအဖွဲ့ ရဟန်းတော် တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ အိတ်ဖွင့်ပေးစာတစ်စောင် အဲဒီနေ့က ပေးပို့ခဲ့ တယ်လို့ သတင်းက ဖေါ်ပြပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံအနေနဲ့ အာရှဒေသမှာ နိုင်ငံရေး စီးပွားရေးအရ ပြန်လည်အသိအမှတ်ပြုခံရရေးကိစ္စဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ အပေးအယူမျှတမှုအပေါ် မူတည်နေတယ်လို့ မြင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြောင့် အာဆီယံဒေသအတွင်း ဘက်ပေါင်းစုံ နောက်ကျကျန်ရစ်ခဲ့တာ ကမ္ဘာသိကိစ္စ ဖြစ်ပါတယ်။  UNDP ရဲ့ အစီရင်ခံစာ အရ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ လူဦးရေ ရဲ့ ၂၆% ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျေးလက်နေပြည်သူများရဲ့ ဆင်းရဲနွမ်းပါးမှု နှုန်းက ၂ ဆ ပိုမိုမြင့်မားတယ်လို့ဆိုပါတယ်။ လူနည်းစုတိုင်းရင်းသားများရှိရာ ဝေးလံခေါင်ဖျား နယ်စပ်ဒေသများနဲ့ ပြည် တွင်းစစ် ပဋိပက္ခဒဏ်ခံရတဲ့နေရာဒေသတွေမှာ ဆင်းရဲနွမ်းပါးမှု အထူးမြင့်မားတယ်လို့ UNDP အစီရင်ခံစာက ဖေါ်ပြထား တယ်။ ပြည်တွင်းစစ်ကြောင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့အတွက်၊ လျှပ်စစ်မီး ရရှိသုံးစွဲနိုင်မှု ပမာဏက လူဦးရေ ရဲ့ ၂၆ ရာနှုန်းသာရှိတယ်လို့ဆိုပါတယ်။ လူဦးရေ ၇၀ ရာခိုင်နှုန်း လျှပ်စစ်မရရှိသေးသမျှ တိုင်းပြည်ဟာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ LDC ဘ၀က လွတ်မြောက်ဖို့ မလွယ်ဘူးထင်ပါတယ်။ အဓိကအချက်က ပြည်တွင်းစစ် စရိတ်ထောင်းတဲ့အတွက် နိုင်ငံဖွံ့ဖြိုး ရေး၊ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေ တိုမြှင့်သုံးစွဲနိုင်ခြင်း မရှိလို့ပါပဲ။ ဒါကြောင့် နိုင်ငံအပေါ် အမှန်တကယ် စေတ နာထားရိုးမှန်ရင် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ပြည်တွင်းစစ် ရပ်စဲရေးကို မဖြစ်မနေ ကြိုးစားဆောင်ရွက်သင့်ပါတယ်။ စစ်ရပ်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့လည်း အဆက်မပြတ် ထိတွေ့ပြီး ဆွေးနွေးအဖြေရှာသင့်ပါတယ်။ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ကူးကာလမှာ အထူးပြုပြောကြားတဲ့ အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အလေးထားစဉ်းစားသင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အရေးအကြီးဆုံးကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ တိုးတက်ဖို့ ချမ်း သာဖို့ဆိုလို့ရှိရင် ညီညွတ်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ကျမတို့ ဒါကြောင့်မို့လို့ ဒီအစိုးရဟာ အမျိုးသား ရင်ကြားစေ့ ရေးကို ဦးတည်တဲ့အစိုးရလို့ ပြောတဲ့အခါမှာ ကျမတို့ပါတီကို ထောက်ခံမဲ ပေးခဲ့တဲ့ ပြည်သူလူထုအတွက်တင် မဟုတ်ဘူး၊ ကျမတို့ကို မဲမပေး မထောက်ခံခဲ့တဲ့ ပြည်သူတွေအတွက်လည်း ဒီအစိုးရဟာ တာဝန်ယူမှာပါလို့ ကျမက ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” လို့ ဆိုခဲ့တဲ့အချက်ကို အလေးအနက် စဉ်းစားသင့်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိများနဲ့ တွေ့ဆုံ အမှာ စကားပြောစဉ်က လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကိုဖော်ဆောင်လို့မရနိုင်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ တောင်းဆိုမှုတွေ ပြုလုပ်ကြဖို့ ပြော သွားပါတယ်။ တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ခဲ့ကြခြင်းရဲ့အကြောင်းရင်းက နိုင်ငံရေးပြဿနာဖြစ်တာကို ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ လက်ခံသင့်ပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးအဖြေ မရှာနိုင်သေးသမျှ တိုင်းရင်းသားတွေက လက်နက်စွဲကိုင် ထားကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သမ္မတဦးသိန်းစိန်ရဲ့မူဝါဒကို အသေဆုပ်ကိုင် မထား သင့်ပါဘူး။ ဦးသိန်းစိန်ရဲ့မူဝါဒအရ  တိုင်းရင်းသားတွေ လက်နက်စွန့်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုလက်ခံ၊ ၂၀၀၈ ဥပဒေအရ ရွေး ကောက်ပွဲကတဆင့် လွှတ်တော်ထဲကိုဝင်၊ လွှတ်တော်ထဲရောက်မှ တိုင်းရင်းသားရပိုင်ခွင့်ကို တောင်းယူပါလို့ ဆိုခဲ့တယ်။ ဒီသဘောထားကို တိုင်းရင်းသားတွေ သဘောမတူခဲ့လို့ အခုအချိန်အထိ ငြိမ်းချမ်းရေး အလှမ်းဝေးနေခဲ့တာ ဖြစ်တယ်။

ပင်လုံမူအရ နိုင်ငံရေး တန်းတူမှု အခွင့်အရေးပေးရမှာ ဖြစ်လို့ ဦးသိန်းစိန်ရဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ထားတဲ့ မူကို လက်မခံကြတာဖြစ်တယ်။ ဒီသဘောထားကို ကာကွယ်ရေးဦးစီးချုပ်က ဆက်ကိုင်ထားရင် တိုင်းရင်းသား လက်နက်ကိုင် အများစုက လက်ခံမှာ မဟုတ်ပါဘူး။ ဒီသဘောထားက ၂၀၁၀ ခုနှစ် မတိုင်မီ စစ်အစိုးရရဲ့ မူဝါဒလည်းဖြစ်နေတယ်။ ဒီပုံစံ ဆိုရင် ပြည်တွင်းစစ် လွယ်လွယ်နဲ့ ရပ်လို့ရမှာ မဟုတ်ပါဘူး။ နိုင်ငံရေးကိစ္စအခြေခံဖြစ်တာကြောင့် တိုင်းရင်းသားလက်နက် ကိုင်ကို သောင်းကျန်းသူလို့ ခေါ်ရင်လည်း၊ စစ်ပွဲရပ်ဖို့ မလွယ်ပါဘူး။ ဒီသဘောထားက ပင်လုံမူဖြစ်တဲ့ တန်းတူ အခွင့်အရေးကို ပစ်ပယ်ရာ ရောက်နေပါတယ်။ တပ်မတော်ခေါင်းဆောင်ပိုင်းက ပြည်တွင်းစစ်ကို ဆက်မွေးထားပြီး၊ ပါလီမန်မှာ နိုင်ငံရေး ဦးဆောင်မှု  ဆက်ယူထားလိုတဲ့သဘောလားလို့ မေးစရာ ဖြစ်နေပါတယ်။ လူထု ရွေးချယ်မှုနဲ့ တက်လာတဲ့ NLD အရပ်သား အစိုးရရဲ့ ဒီမိုကရေစီရေး ရည်မှန်းချက်များကို ဟန့်တားပိတ်ပင်တဲ့ သဘောလည်း ဆောင်နေပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကြီးကျင်းပနိုင်ရေး ပြင်ဆင်နေတဲ့ အချိန်အခါမျိုးမှာ မြန်မာနိုင်ငံကို အာရှဒေသနဲ့ ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါ၀ါပြန်လည်ရပ်တည်နိုင်ရေးကို တပ်မတော်က အမှန်တကယ် လိုလားတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲညီညီ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ တွေဝေတွန့်ဆုတ်နေစရာ အကြောင်းမရှိပါလို့ သုံးသပ်မိကြောင်းပါ။

Photo credit : wsj

ဒီလှိုင်းစာစောင် ၂၀၁၆ မေလ ၉ ရက်၊ တနင်္လာနေ့ မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါး။