ညွန့်ထွေး - ရန်ကုန်မြို့ ပိတောက်ပွင့်သည့်နေ့



ညွန့်ထွေး
ရန်ကုန်မြို့ ပိတောက်ပွင့်သည့်နေ့
(မိုးမခ) မေ ၂၂၊ ၂ဝ၁၆



ယနေ့ ရန်ကုန်မြို့လယ်တွင် တွေ့ရသော ဆိုက်ကားတချို့ (ဓာတ်ပုံ - ညွန့်ထွေး)
ရန်ကုန်တွင်မိုးရွာသည်မှာ ရက်အတန်ကြာပြီဖြစ်သော်လည်း ယနေ့နံနက်တွင်မှ ပိတောက်တွေ လှိုင်လှိုင်ပွင့်လေသည်။ ရန်ကုန်တွင် ယခုနှစ်အတွက် ပထမဆုံးအကြိမ်ပွင့်ခြင်းလည်း ဖြစ်သည်။
ယခုနှစ် ရန်ကုန်တွင် ပိတောက်မွေးဖွားမှု နောက်ကျလေစွ။

ပိတောက်ပင် ပေါများသည့်ဒေသဖြစ်သောကြောင့် ပွင့်သည့်နေ့မှာပင် ပိတောက်ကို ရန်ကုန်အနှံ့ ပေါပေါများများ တွေ့ရသည်။
ဆိုက်ကားဆရာတို့က အခွင့်အရေး အပြည့်အဝ ယူသည့်ထဲတွင် ပါဝင်သည်၊ ဆိုက်ကားကို ပိတောက်ပန်း ပန်ပေးထားကြသည်။ ဘတ်စ်ကားမောင်းသူ၊ ကားကြီးကားငယ်မောင်းသူတွေကလည်း သူတို့အနီး ပိတောက်ပန်းတွေ ဝေနေအောင် ခင်းကျင်းထားကြသည်။
အမျိုးသားတို့ ပန်းပန်သည့်ဓလေ့မရှိသောကြောင့်၊ ပန်းပန်ခွင့် ကိုယ့်ကိုယ်ကိုယ် ပိတ်ပင်ကန့်သတ်ထားကြခြင်းကြောင့် ကိုယ့်ဝန်းကျင်ကို ပိတောက်ဖြင့် ဝန်းရံထားကြသည်။

ဒီလိုလုပ်နိုင်ခွင့်က အမြဲတမ်းရသည်မဟုတ်။ တနှစ်တခါ ပိတောက်ပွင့်ချိန်မှသာ အခွင့်သာခြင်းမဟုတ်လား။

ဈေးထဲမှာ ပုံရောင်းကြ၊ လမ်းဘေးတွင်လည်း ညနေခင်းအထိ ပုံရောင်းကြသည်အထိ ရန်ကုန်သူ ရန်ကုန်သားတို့ ပိတောက်ချစ်ကြသည်။
ဗုံးပေါလအော ရနိုင်သောပန်း ဖြစ်သောကြောင့် ရောင်းဈေးက မများလှ။ ကိုယ့်အိမ်အနီး ပိတောက်ပင်ရှိလျှင် ဤပန်းဝါဝါကို အခမဲ့ ရနိုင်သေးသည်။ ဈေးပေါသောကြောင့်လည်း ပေါပေါများများ သုံးစွဲနိုင်ကြလေသည်။

နယ်မြို့တချို့တွင်တော့ သင်္ကြန်ကာလ မိုးစက်ကျသည့်အချိန်ကတည်းက ပိတောက်ပွင့်ခဲ့ပြီးပြီ။ ယခု နိုင်ငံအနှံ့ မိုးရွာသဖြင့် ဒုတိယအကြိမ်ပွင့်သည့်ဒေသပင် ရှိနိုင်သည်။

မြန်မာ၏ အိမ်နီးချင်း နယ်ခြင်းထိ နိုင်ငံတို့တွင်လည်း ပိတောက်ပင်ရှိကြ၊ ပိတောက်ပန်း ပုံမှန်ပွင့်ကြသည်။ သို့သော်လည်း ပိတောက်ကို အလေးအနက်ထားကြပုံခြင်းတော့ မြန်မာတို့နှင့် တူမည်မဟုတ်။ မြန်မာတို့က ပိတောက်ပွင့်ချိန်ကို စောင့်မျှော်ကြသည်၊ ပိတောက်ပွင့်လျှင် ရင်ခုန်ကြ ကြည်နူးကြသည်။
ပိတောက်ဆိုသည်မှာ အိမ်နီးချင်းတို့အတွက်တော့ ခပ်ဝေးဝေးမှ အလှကြည့်စရာအပင် ဖြစ်လိမ့်မည်။

ယမန်နေ့က တက္ကစီမောင်းသူတဦးက ပြောသည် - ရန်ကုန်မှာ ခုချိန်ထိ ပိတောက်မပွင့်သေးဘူးဟု ညည်းသည်။ ပိတောက်ကို အမျိုးသားတို့ကလည်း မျှော်လင့်ကြသည့်သဘော။ မိုးရေထဲ ကားမောင်းစဉ် ပိတောက်ပင်တွေ လှမ်းတွေ့ပြီး ပြောခြင်း ဖြစ်နိုင်သည်။
ယနေ့  မိုးတဖွဲဖွဲကျနေချိန်  ရန်ကုန်မြို့တွင်း မောင်းနေသည့်ကားများက ပိတောက်ပန်းတဝေဝေ။ ဘတ်စ်ကားစီး ခရီးသည်အမျိုးသမီးတချို့လည်း ပိတောက်တွေကို ဝေနေအောင် ပန်ထားကြသည်။ ဈေးသည် အမျိုးသမီးတို့လည်း ပိတောက်ကိုယ်စီနှင့်။

စူးရှရှပိတောက်ရနံ့ကို နှစ်သက်ကြသူ များသည်။ ရှားရှားပါးပါးပွင့်သည့်အချိန်တွင် ဘုရားစင်တင်၊ စားပွဲမှာ အလှဆင်၊ ခေါင်းမှာ ဆင်မြန်း၊ စီးတော်ယာဉ်မှာ တပ်ဆင်ကြသည်။ ဒီနေ့ပွင့် ဒီနေ့ခူးမှဖြစ်မည်။ နောက်တနေ့အထိရွှေ့ထားပါက လန်းဆန်းတော့မည်မဟုတ်။ ထို့ကြောင့် ရန်ကုန်သူ ရန်ကုန်သားတို့က နောက်ကျတဲ့ပိတောက် သစ္စာဖောက်ဟု  အပြစ်ဖွဲ့ကြပုံမရ။

ယခုနှစ် ရန်ကုန်သင်္ကြန် ပိတောက်ပန်းမရှိသဖြင့် ပိတောက်အတုဖြင့် ရသေ့စိတ်ဖြေကြရသည်။ မကျေမနပ် ဖြေသိမ့်ကြရမည်။ ပိတောက်မရှိလည်း အရေးမကြီးပါဘူးဟု သဘောထားသူလည်း အများအပြားပင်။ ပိတောက်ရှိလျှင်တော့ ပြည့်စုံသောသင်္ကြန်ဟု အားလုံးက ဆိုကြပေမည်။

သင်္ကြန်ကာလ လွန်မြောက်ပြီး အတန်ကြာမှ  ရန်ကုန်မြို့ ပိတောက်ပွင့်သည်။ မပျက်မကွက် ရောက်လာသည်ကပင် ကျေးဇူးတင်စရာကောင်းလှသည်။ ပိတောက်ချစ်သူတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ ပိတောက်ကြောင့် ယနေ့ ရွှင်လန်းချမ်းမြေ့သွားသူ အများအပြား ရှိလိမ့်မည်။
လာမည့်နှစ်တွင်လည်း အချိန်အတိအကျ ကြိုတင်အသိပေးခြင်း၊ အချက်ပြခြင်း မရှိဘဲ ရောက်လာလိမ့်ဦးမည်။ အမျိုးသမီး အမျိုးသား အများအပြား၏ ဆီးကြိုပွေ့ဖက်မှုကို ခံယူမည် ဖြစ်သည်။ ဒီအရောင်၊ ဒီရနံ့များဖြင့် လူအများကို ဖမ်းစားပေဦးမည်။     ။