တိုးအောင်တက် ● နိုင်ငံရေးအပေါင်းလက္ခဏာ

တိုးအောင်တက် ● နိုင်ငံရေးအပေါင်းလက္ခဏာ
(မိုးမခ) မေ ၉၊ ၂၀၁၆

ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲအတွက် အသံတွေဆူညံလျက်ရှိတယ်။ အများစုက အမေရိ ကန်ဟာ လူတွေရဲ့မကျေနပ်မှုကနေ အနုတ်လက္ခဏာဆောင်တဲ့နိုင်ငံရေးမျိုးပေါ်ထွန်းလာဖို့ အားသန်နေတယ်လို့ လေ့လာ သုံးသပ်ကြတယ်။

အမေရိကန်အကြောင်း အလျဉ်းသင့်မှ ဆက်ပြောရအောင်။ ကိုယ့်ပြည်တွင်းမှာဖြစ်ပေါ်နေတာကော အပေါင်းလက္ခဏာ အ သွင်ဆောင်ရဲ့လား သုံးသပ်ကြည့်ရအောင်။ အခုလတ်တလော ပြည်သူကြားမှာ သိသိသာသာအရောင်မျိုးစုံထွန်းကားလာတယ်။ မီးပျက်လွန်းလို့ သကြန်ပြီး သီတင်းကျွတ်တန်းရောက်သွားတယ်လို့ ကာတွန်းရေးတဲ့အတိုင်း နိုင်ငံရေးအခြေအနေ ဟာလည်း အသစ်တက်လာတဲ့အစိုးရကို သင်္ကြန်ရေနဲ့ ပက်ဖြန်းကြိုဆိုရာကနေ အခုတလော သီတင်းကျွတ်ရောင်စုံမီးတွေ နေရာအနှံ့ထွန်း ကြိုစပြုလာတယ်။ ပြည်တွင်းစစ်မှသည် ဘာသာရေးအလယ်၊ မီးမရတဲ့ပြဿနာအဆုံး၊ ပြဿနာဆိုတာ ကတော့ အစိုးရတိုင်းနပန်းလုံးရမယ့် တာဝန်ပါ။ ပြည်သူ့အစိုးရမို့ ဘာလုပ်လုပ်ကောင်းတယ်လို့မြင်ရင် ပြည်သူအစစ်မဟုတ်ပါ။ သဘော်ပျက်ကြီး ဝင်ပဲ့ကိုင်ရလို့ ကပ်ချင်တဲ့ကမ်းကပ်၊ ရောက်တဲ့နေရာဆင်းမယ်ဆိုတာ ပြည်သူအစစ်မဟုတ်ပါ။ ပြည်သူ ဆိုတာ နစ်နာတာ ပြောခွင့်ရှိတယ်။ ခံစားနေရတာ ထုတ်ဖော်ခွင့်ရှိတယ်။ မကျေနပ်တာ ရင်ဖွင့်လို့ရတယ်။ ဒါမှ ဒီမိုကရေစီ အစိုးရတက်လာတဲ့ရလဒ်ကို မြင်ရမှာဖြစ်တယ်။

သို့သော်လည်း မကြိုက်တာကိုပြောနိုင်တယ် အဖျက်လုပ်ငန်းတော့ လုပ်ပိုင်ခွင့်မရှိ။ မကျေနပ်လို့ ဆန္ဒပြမယ်ဆိုပြ၊ အများ ပြည်သူ အေးချမ်းစွာ နေထိုင်မှုကို နှောင့်ယှက်လို့မရ။ တရားဥပဒေပျက်ပြားရေးကို ဦးတည်လို့မရဘူး။ အစိုးရသစ်ကို ဝေဖန် ပါ၊ နည်းလမ်းတကျထောက်ပြပါ၊ ဆူပူအောင်မလုပ်ကြပါနဲ့။ အဖျက်လမ်းတော့ မလိုက်ပါနဲ့။

အပေါင်းလက္ခဏာ ဆောင်ကြပါ။ ပြည်သူတယောက်ရဲ့ခံစားချက်ကို လေးစားပါ။

ဒီနေရာမှာ အပေါင်းလက္ခဏာနဲ့ပတ်သတ်ပြီးပြောချင်တာက အရင်တုန်းက မီးမလာရင် အစိုးရကိုဆဲတယ်။ အခုက မီးပျက် ရင် အပြစ်တင်တဲ့သူကို ဆဲတယ်။ ဒါဟာ အပေါင်းလက္ခဏာမဆောင်ပါ။ အမြှောက်လက္ခဏာသာ ဖြစ်ပါတယ်။ ကိုယ်ကြိုက် တဲ့အစိုးရကို လော်ဘီလုပ်လို့ရတယ်။ အရောင်အဆင်းမရှိတဲ့ပြည်သူတယောက်ကို မစော်ကားပါနဲ့၊ ဆေးမဆိုးပါနဲ့၊ လော် ဘီမလုပ်ခိုင်းပါနဲ့။ ဘက်နှစ်ဘက်ဆိုတာ ရှိပေမယ့် တကယ်က ပြည်သူဆိုတာ မူလအိမ်ရှင်ပါ။ ကောင်းတဲ့ဘက်ကို ချီးမွှမ်း မယ်၊ အားပေးမယ်။ မကောင်းတဲ့ဘက်ကို အလိုအလျောက်ဆန့်ကျင်ပြီးသားဖြစ်တယ်။ ကိုယ်ကောင်းအောင်လုပ်ပြရင် ပြည်သူ့ထောက်ခံမှုကိုအလိုအလျောက်ရပြီးသားဖြစ်ပါတယ်။လက်သန်းလေးတွေက သက်သေအထင်အရှားပြပြီးဖြစ်တယ်။ ဘယ်သူကောင်းတယ် မကောင်းဘူးသိလို့ပြတ်ပြတ်သားသားရွေးပြခဲ့ကြတာပေါ့။

ဒါပေမယ့် ပြည်သူဆိုတာ ပွဲကြည့်ပရိသတ် သက်သက်မဟုတ်ဘူး ဒိုင်လူကြီးလဲဖြစ်တယ်။ သင် မိုးပျံအောင်တော်လို့ရတယ်။ ဒါပေမယ့် အကျိုးလက်တွေ့ခံစားရအောင် လုပ်ပြ။ နိုင်ငံရေးစင်ဖြင့်ဟာ ဖျော်ဖြေရေးစင်မြင့်မဟုတ်။ ဖျော်ဖြေရေးစင်မြင့် တခုက သင်ကြိုက်တာ လုပ်ပြလို့ရတယ်။ နိုင်ငံရေးစင်မြင့်ကတော့ လက်တွေ့ကျတာလုပ်ပြမှရမယ်။ လက်ခုပ်သံကို ခံစား နေလို့ မရဖူး။ လက်ခုပ်တွေမြည်အောင်တီးခိုင်းဖို့ အရွေ့လိုတယ်။

ကျွန်တော်တို့ အစိုးရသစ်ကို ကြိုဆိုခဲ့ကြတယ်။ အင်မတန်ကောင်းပါတယ်။ အမေစုကို ဝိုင်းရံခဲ့ကြတယ်။ အင်မတန်ကြည် နူးခဲ့ရတယ်။ သမ္မတသစ်ကို အားပေးခဲ့ကြတယ်။ အင်မတန်ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ ခွန်အားသစ်တွေမွေးခဲ့ကြ မျှော် လင့်ချက်အိမ်မက်အသစ်တွေ တညီတညွတ်တည်း မက်ခဲ့ကြတယ်။ အင်မတန်မင်္ဂလာရှိတဲ့ကာလတွေပေါ့ဗျာ။

အခုကျွန်တော်တို့ အလုပ်လုပ်ကြရတော့မယ်။ အစိုးရသစ်ကိုအားကိုးသလို ဒီအစိုးသစ်ရွေ့နိုင်အောင် ဝိုင်းကြိုးစားကြရ တော့မယ်။ အမေကို ပုံအားကိုးနေ၊ လော်ဘီလုပ်နေရုံနဲ့ အလုပ်လုပ်ပြနေတယ်လို့ မဆိုနိုင်ဘူး။ အမေကိုချစ်ရင် လက်တွေ့ လုပ်ကြပါ။ ဒီအစိုးရသစ်အောင်မြင်မှ ပြည်သူ့ဘဝလှမို့ အောင်မြင်အောင်လုပ်ပါ ပြည်သူတွေက ပါလာမှာ မပူကြပါနဲ။ အနုတ် လက္ခဏာ ဘေးချိတ်ပြီး အ​ပေါင်းရလဒ်ထွက်အောင် လုပ်ရမယ့်အချိန်တန်ပါပြီ။