မင်းကိုနိုင် ● သမီးလည်း ကူညီပါရစေ

မင်းကိုနိုင် ● သမီးလည်း ကူညီပါရစေ
(မိုးမခ) မေ ၂၈၊ ၂၀၁၆

(ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ် မှ ပြန်လည်ကူးယူပါသည်။)

တခုသောဆေးရုံရဲ့ အရေးပေါ်ဌာနမှာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေ လာကုနေတဲ့အထဲ ၁၆ နှစ်သားတ ယောက်ရဲ့ မိခင်နဲ့ အစ်မများက အသည်းလှုပ်ဆုံးပါ။ ကမ္ဘာပျက်သလို ဆောက်တည်ရာ မရဖြစ်နေပုံကြောင့် သူတို့သား ထက်ငယ်သူ ဆယ်နှစ်ပတ်လည်ကလေးတွေရဲ့ မိဘများက ဖျောင်းဖျနေကြပါတယ်။

ဆယ်နှစ်သမီး ခြေထောက်ကျိုးတာလာပြတဲ့ ဖခင်ကတည်ငြိမ်စွာ နှစ်သိမ့်ပါတယ်။ ကလေးတိုင်းဟာ ဆော့ကစားရင်း ဒီလို ပဲ ကြုံရစမြဲပါတဲ့။ ပြန်ကုစားလို့ရတဲ့ အနေအထားမို့ တုန်လှုပ်နေရင် ကာယကံရှင်ကလေးကိုယ်တိုင်ခြောက်ခြားသွားမှာ မလို လားပါဘူးတဲ့။ သူ့သမီးဟာဆိုရင် ဆယ်နှစ်ပြည့်မွေးနေ့လက်ဆောင် ခွေးကလေးဝယ်ပေးတာအိမ်ရောက်တဲ့နေ့မှာပဲ ပြိုင်တူ ပြေးဆော့ကြရင်း အခန့်မသင့်လို့ ခုလိုခြေကျိုးတာပါ။ အယူအစွဲကြီး သူတွေကတော့ ဒီခွေးကိုက အကျိုးပေးမကောင်းဘူး၊ နိမိတ်မကောင်းဘူးပြန်စွန့်လိုက်ဆိုတဲ့အထိ ဖိအားပေးကြပါတယ်။

မိဘများက လက်မခံပါ။ သမီးကို ဘာမှမစိုးရိမ်ဖို့ အားပေးပြီး ဆေးရုံခေါ်လာတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ခွေးကိုလည်း မငြိုငြင်ဖို့ သမီးကို ရှင်းပြပါတယ်တဲ့။ ၁၆ နှစ်သား လက်ကျိုးသူရဲ့မိခင်ကတော့ ဘယ်လိုမှလက်မခံပါ။ ကျမသားက ဒီနှစ် ၁၀တန်းရှင့်။ အရေးကြီးတယ်။ ဒီဘောလုံးကိုမကန်ပါနဲ့ ဆိုထားတာတားထားရဲ့သားနဲ့ဆိုပြီး ငေါက်ငန်းမဆုံးသလို ပြေးလွှား ကစား ခုန်ကစား ဘာမှမလုပ်ဖို့ မောင်းမဲနေပါတော့တယ်။ သားဖြစ်သူခမျာလည်း ဘယ်တော့မှပြင်မရတဲ့ အပြစ်ကြီး ကျူး လွန်မိသူလိုနေစရာမရှိ တုန်လှုပ်နေပါတော့တယ်။

ခြေကျိုးသူ ၁၀ နှစ်သမီးရဲ့ဖခင်ကတော့ ကလေးတွေကိုထိခိုက်မှာစိုးလို့ မကစားရဘူးဆိုတာတော့ နည်းလမ်းမကျကြောင်း၊ အန္တရာယ်ကင်းအောင်သာ ဂရုစိုက်ဖို့တိုက်တွန်းသင့်ကြောင်း ဆွေးနွေးဖို့ ကြိုးစားပါသေးတယ်။

၁၆ နှစ်သားရဲ့ မိခင်က ဘယ်လိုမှလက်မခံပါ။ ကျမတို့ကသားသမီးကို ရွေလိုဥထားတာ၊ ပိုးမွေးသလို မွေးထားတာရှင့်။ ပေါက်လွှတ်ပဲစားတွေလို ……။ စသဖြင့် စကားတွေထိခိုက်တော့မယ့်အထိ အငြင်းပွားကုန်ကြတော့တာပါပဲ။

ခြေကျိုးသူ သမီးရှင် ဖခင်က ဆေးကုသပေးတဲ့ ဆရာဝန်တွေရဲ့“မပူပါနဲ့ ဒီလိုပါပဲ ” ဆိုတဲ့စကားကို လက်ခံပါတယ်။ ဟုတ် ကဲ့… ကျနော်လည်း ဒါပထမဆုံးအကြိမ်ဖြစ်ပေမယ့် နောက်ဆုံးအကြိမ်ပဲလို့ မထင်ဝံ့ပါဘူး။ အန္တရာယ်ကင်းအောင်တော့ စွမ်း သမျှ ဂရုပိုစိုက်မှာပါ။ ဒီအရွယ်က မျောက်အရွယ်ဆိုတော့ သူတို့ရဲ့ဆော့ကစားခွင့်ကို မပိတ်ပင်ပါဘူး။ နံဘေးက ထိန်းကျောင်း နိုင်သ၍ ထိန်းကျောင်း၊ ကိုယ်မအားတဲ့ အချိန်တွေအတွက်လည်း စနစ်တကျ မှာကြားထားဖို့ ရည်ရွယ်ပြီးသားပါတဲ့။
▬*▬*▬

ကျနော်တို့နိုင်ငံမှာ စကိတ်အားကစားနည်းဟာ အရင်ထက်တွင်ကျယ်လာတာ သတိပြုမိပါတယ်။ အခပေး ကစားကွင်းတွေ လည်း ပေါ်လာသလို လမ်းပေါ် အရပ်ထဲလည်း ခြေခြင်းလိမ်နေတာ မြင်နေရတာပါပဲ။ အမေအို တယောက်ကတော့ မှင်စာ တွေ ခြေရှုပ်တာ ကျနေတာပဲလို့ မြည်တွန်ရတဲ့အထိပါပဲ။

နိုင်ငံတကာပျံ့နှံ့လာတဲ့ ဒီကစားနည်းကို ကျနော်တို့ဆီကအတုယူအားကျတာတော့ အငြင်းပွားစရာမရှိပါ။ ဒါပေမယ့်သူတို့ ဆီမှာက အန္တရာယ်လုံခြုံအောင် ဂရုစိုက်တဲ့ ဓလေ့ကိုမွေးကတည်းက ကျင့်ပေး ထားပါတယ်။ ကိုယ့်ခြံဝင်းထဲစကူတာ(Scooter/Scooter) စီးတာတောင် ခေါင်းဆောင်း (Helmet) ဆောင်းပါတယ်။ စကူတာနဲ့အတူ ခေါင်းဆောင်း (Helmet) က တပါတည်း တွဲလျက်ကိုင်ပြီးသားပါ။ ကားပေါ်တက်ထိုင်တာနဲ့ ခါးပတ်ကိုလက်က အလိုအလျောက်ရောက်ပြီးသား။ ဆွဲယူတပ်ပြီးသား အလေ့ကောင်း ရနေသလိုပေါ့။
▬*▬*▬

တခုသောဆေးရုံရဲ့ အရေးပေါ်ဌာနကို ကိတ်မုန့်တလုံးရောက်လာပါတယ်။ ကြည့်လိုက်ကတည်းက မုန့်တိုက်ကမဟုတ်ပဲ အိမ်လက်ရာဆိုတာ သိလွယ်တဲ့ ပုံပန်းမကျ ကိတ်တလုံးပါ။

မုန့်ဖုတ်သူကလည်း ၁၁ နှစ်သမီးတဲ့။ ဒီလောက်တော့ရှိမှာပေါ့ဆိုပြီး စားမယ်ပြင်တော့ စာတစောင်လည်း တွဲလျက်ပါတာ တွေ့ကြပါတယ်။ ကလေးရဲ့စာမှာရေးထားတာက ဒီဆေးရုံဝန်ထမ်းတွေရဲ့ လုပ်အားနဲ့တန်ဖိုးကို အသိအမှတ်ပြုထားတာပါ။

ဒီလူတွေမရှိရင် သူမတို့မြို့လေးကတော့ စိုးရိမ်စရာပဲလို့အစချီပြီး ပင်ပန်းကြသလောက် ပြန်ကောရကြရဲ့လားလို့တွေးမိပါတယ်တဲ့။ ဒါနဲ့ ကိတ်မုန့်ဖုတ်ပြီး အားပေးလိုက်တယ်ဆိုပဲ။

သူ ငွေကြေးမတတ်နိုင်ပေမယ့် နေ့လည်လက်ဘက်ရည်ပွဲအတွက်တော့ ၀င်ကူနိုင်တယ်လို့ သူ့ဘာသာ သိလိုက်တယ်တဲ့။

ဒီအထိ မဆန်းလှသေးပေမယ့် ဒုတိယအပိုဒ်ကတော့ ကျနော့်ကို အငိုက်မိသွားစေပါတယ်။

ကိတ်မုန့်မှာပါဝင်တဲ့ ပစ္စည်းတွေကို တခုခြင်းရေးပြထားတာပါ။ တချို့ဓာတ်မတည့်မှုဖြစ်မှာစိုးလို့ ဖတ်ကြည့်ပြီးမှ စားကြပါတဲ့။ (ဒီအပိုဒ်ကိုဖတ်ပြီး ဒီကလေးရဲ့ အသေးစိတ် စဉ်းစားတတ်ပုံကို မအံ့သြပဲ မနေ၀ံ့ပါဘူး။) ကိတ်မုန့်လေးတလုံး ဖုတ်တာ တောင်ဖြစ်လာမည့် အကျိုးဆက်တွေ တွက်တတ်တာ၊ တာဝန်ခံ တာဝန်ယူမှုကို နားလည်နေတာပါလားလို့ ကျနော်ရေရွတ်မိ ပါတယ်။

သူ့ပတ်ဝန်းကျင်၊ သူသင်ခဲ့တဲ့ ပညာရေးက သူ့ကိုလေ့ကျင့်ပေးခဲ့တာပဲလို့ ကျနော်နားလည်လိုက်ပါတယ်။

ဆက်ရေးထားတာတွေကတော့ သူ့အိမ်မှာပဲ ကိုယ်တိုင်ဖုတ်တယ်ဆိုတာရယ်၊ သူ့နာမည်ရယ်၊ အသက် ၁၁ နှစ်ရယ်ဆိုတာရယ် ၊ လူတွေကို ကူညီချင်လို့ သူ့ကို ဖုန်းဆက်အကူညီတောင်းပါတဲ့။ (နံပါတ်လည်း ရေးပေးထားပါတယ်။) နှစ်ခါမခေါ်စေ ရပါဘူး တဲ့ဗျား…မှတ်ချက်တောင် ရေးပေးလိုက်သေး။

သူ့ရဲ့ စာအဆုံးသတ်ပုံကိုလည်း ကြည့်ပါဦး။သမီးဟာ အရွယ်ငယ်ချင်ငယ်ပါလိမ့်မယ်တဲ့။ ဒါပေမယ့်ကြီးမြတ်တဲ့ အရာကိုတော့ လိုချင်ပါတယ်။ ဒါကြောင့်.... “ကူညီပါရစေ”...တဲ့။

ကျနော့်မှတ်ချက် မလိုအပ်တော့ဘူး ထင်ပါတယ်။

- ‪#‎မင်းကိုနိုင်‬
[ပြည်သူ့အရေးဂျာနယ် အပတ်စဉ်ဆောင်းပါးမှ]