စမ်းစမ်းတင် - အပူကြိုက်သူလေ

 
Photo - BBC

စမ်းစမ်းတင် - အပူကြိုက်သူလေ
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၆

ဘယ်သူတွေတိုက်တိုက်- ဘယ်သူတွေ မကြိုက်ကြိုက် … ဟေလရီကလင်တန်ကတော့ မျက်နှာကျက်ကို ခေါင်းနဲ့တိုက်ဖောက်ထွက်တဲ့ အဆင့်တဆင့်ကိုတော့ ကျော်ဖြတ်သွားပါပြီ။
၂၀၀၈ တုန်းက သမ္မတလောင်းပြိုင်ပွဲမှာ လူငယ်အိုဘားမားက စကားပြောစင်မြင့်ပေါ် အပြေးလေးတက်… မိန့်ခွန်းပြောပြီး..ဆွေးနွေးပြီးရင်…အပြေးလေးပြန်ဆင်းတဲ့ သွက်သွက်လက်လက် ပုံစံက သမ္မတသက်တမ်းနှစ်ခုမှာ သိသိသာသာပြောင်းမသွားပေမဲ့ ဆံပင်တွေ ဖြူသွားတာ သိသိသာသာပါပဲ။ အမေရိကန်သမ္မတလုပ်ရတာ တယ်ခေါင်းစားတဲ့ အလုပ်ပေကို။

၈နှစ်ကြီးတောင်စောင့်လာပြီးတော့မှ ဟေလရီကလင်တန်ဟာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ရတာပါ။ ၈ နှစ်ကြာလာတော့ သူ့အသက်ကလည်း ၇၀ ၀န်းကျင်ဖြစ်နေပြီမို့ စကားပြောစင်မြင့်က ဆင်းရင်… ခြေချော်လက်ချော်ဖြစ်မှာ စိုးတယ်နဲ့တူပ… အောက်ကိုကြည့် သတိနဲ့ ဆင်းတာတွေ့ရပါတယ်။ စင်ပေါ်ကနေ ပရိသတ်ကိုလှမ်းကြည့်ရင် မီးစူးလို့လား- လင်းလွန်းလို့လာ… သူ့မျက်လုံးကို လက်နဲ့ကာကြည့်တတ်တာလည်း သတိထားမိပါရဲ့။ ဒါပေမဲ့ ကျန်းမာပုံပါပဲ။ ဆောင်းပါးတပုဒ်မှာ ပူပူစပ်စပ်အစာတွေဟာ ကိုယ်ခံအားကောင်းပြီး ကျန်းကျန်းမာမာ နေနိုင်အောင် အထောက်အကူပြုတယ်ဆိုတာ ဖတ်ထားတဲ့အတွက် ၁၉၉၂ ခုကတည်းက ပူစပ်ပူလောင် အစာတွေစ စားလာပြီး ရနိင်တဲ့ အပူအစပ် ငရုတ်ရည်ဘူးတွေ ပုလင်းတွေ သူ့မှာအတော်များများ ရှိတယ်လို့ ပြောပါတယ်။

သူ့လို အပူအစပ်စားတတ်တဲ့ အမေရိကန်မိတ်ဆွေအတော်များများတွေ့ဖူးပါတယ်။ ငရုတ်သီးမိတာနဲ့ တမျက်နှာလုံး နီလာပြီး … နှာရည်တရွှဲရွှဲ ဖြစ်လာပေမဲ့ အိနြေ္ဒ ပျက်တာဂရုမစိုက်ဘဲ စပ်တာကြိုက်တယ်လို့ ပြောပြောဆိုဆိုနဲ့ပဲ အပူအစပ်မရှောင်ဘဲ ဆက်စားနေကြတာပါ။ အမယ်… သူတို့က အိန္ဒိယဆိုင်- ထိုင်းဆိုင်အသစ်ဖွင့်ရင် ဆိုင်သစ်မှာ သွားမြည်းစမ်းစားလိုက်သေး… ရှူးရှူးရှဲရှဲ ဘယ်လောက်ပဲ ဖြစ်ဖြစ် ရအောင်-၀င်အောင်စားတော့ သူတို့ကြည့်ရတာ မသက်သာလှပေမဲ့ အစပ်စားဖော်ရပြီအတွေးနဲ့ ကျေနပ်မိရဲ့။ ဟေလရီ အစပ်စားရင် အဲဒီလိုပဲ မျက်နှာနီမြန်းမမြန်း နှာရည်ရွှဲမရွှဲတော့ မသိ။ အမယ်သူက အိန္ဒိယအစာကြိုက်တယ်ဆိုပဲ၊ ဒါဆို ဗမာဟင်းလည်းစားနိုင်မှာ။ ကြက်သား ကာလသားချက်ကိုတော့ ဘာပြောမလဲမသိ။

 သူက တရားလည်းထိုင်ဆိုပဲ… သတင်းစာထဲလား မဂ္ဂဇင်းထဲလား စာအုပ်ထဲ ဖတ်လိုက်ရတာပဲ… မှတ်ဥာဏ်ကမထက်သန်တော့ ဘယ်အရာ ဘယ်အကြောင်းက ဘယ်စာအုပ်မှာ ဘယ်သူရေးတယ် ဆိုတာ ဒက်ကနဲ မပြောနိုင်။ သမ္မတကတော်ဟောင်း- နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့ဖူးတဲ့ ဟေလရီဟာ ကြက်ဥမွှေကြော်တော့ ကြော်တတ်တယ်လို့ ပြောတဲ့အကြောင်း ၀ါရှင်တန်ပို့စ်မှာ ပါပါတယ်။

သမ္မတအိမ်ဖြူတော်ရောက်စ ပူပူနွေးနွေးသမ္မတကတော်ဘ၀မှာ သူ့သမီးဖျားတော့ သူတို့နေတဲ့ အပေါ်ထပ်ကို ကြက်ဥ၊ ဒယ်အိုး-ပန်းကန်စတာတွေအပို့ခိုင်းဖူးတာရှိတယ်ဆိုပဲ။ လမ်းအထွက်များရတဲ့ဘ၀မို့ မနက်စာကို သစ်သီး- တခါတခါ ကြက်ဥမွှေကြော်ကို ကော်ဖီနဲ့မျှောချပါသတဲ့။ ကော်ဖီထဲ နို့ထည့်သောက်ပေမဲ့ သိပ်ပင်ပန်းနေရင် ကော်ဖီကြမ်းပဲ သောက်တယ်တဲ့။ ခု မဲဆွယ်ကာလတွေမှာ ရောက်တဲ့မြို့က ဒေသအစာကို သူ့ဝန်ထမ်းတွေကို ဖောဖောသီသီ ကျွေးတယ်ဆိုပါတယ်။

သူကိုယ်တိုင်လည်း ဒေသနံမည်ကြီးအစာစားပေမဲ့ လူရှေ့သူရှေ့ မီဒီယာရှေ့ သိပ်မစားပါ။ နယူးယောက်မှာတော့ အများရှေ့ရေခဲမုန့်စားတာ သတင်းထောက်က ကယ်လိုရီဘယ်လောက်ရှိသလဲ မေးတယ်တဲ့။ သူ့အကြိုက်ထဲမှာ ငါး။ အိန္ဒိယအစာနဲ့ မက္ကဆီကိုအစာပါပေမဲ့ သိုးသားလည်း ကြိုက်တာမို့သူသာ သမ္မတဖြစ်လာရင် သိုးမွေးမြူရေးသမားတွေနဲ့ သမ္မတအိမ်ဖြူတော် မိတ်ဆွေဖြစ်တော့မယ်လို့ ပြောတာလည်း ရှိပါတယ်။ အမေရိကန်သမ္မတဆိုတာ ကြီကျယ်ခမ်းနားလှပေမဲ့ ကမ္ဘာ့အပူ သူ့အပူမို့ ဟေလရီသာ သမ္မတဖြစ်လာရင် သူ့အဖို့ပူတာကဆန်းမယ့်ပုံမပေါ်- ပြောရရင် သူဟာ-နဂိုကတည်းက အပူကြိုက်သူလေ...