ငြိမ်းချမ်းအေး - အမုန်းကျည်ဆန်တွေကို တိုက်ဖျက်ဖို့ ချစ်ခြင်းတရားတွေစုစည်းစို့




ငြိမ်းချမ်းအေး - အမုန်းကျည်ဆန်တွေကို တိုက်ဖျက်ဖို့ ချစ်ခြင်းတရားတွေစုစည်းစို့
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၆


ဗြိတိန်သာ ပထမ ဆိုတာ မဟာဗြိတိန်စိတ်ဓာတ်ပါပဲ။ ဘယ်သူသာ အကြီးကျယ်ဆုံး၊ ဘယ်အရာသာ အမြင့်မြတ်ဆုံးဆိုတာတွေပေါ့။ မဟာနိုင်ငံ၊ မဟာလူမျိုး၊ မဟာစိတ်ဓာတ်တွေနဲ့ သီးသီးသန့်သန့် စိတ်ကြီးဝင် ထီးထီးကြီးနေလိုမှုတွေဟာ အမုန်းတရားနဲ့အတူ ခေါင်းထောင်လာနေပါပြီ

အသက် ၄၁ နှစ် အရွယ် ကလေးနှစ်ယောက် မိခင် လွှတ်တော် အမတ် သေနတ်နဲ့ အပစ်ခံရခြင်းက ကမ္ဘာ့ထောင့်တနေရာ စစ်ပွဲကြားက ကလေးတွေကို ကယ်တင်ချင်၊ ပညာသင်ပေးချင်လို့၊ လူသားတွေကို ကူညီချင်လို့ ဆိုတဲ့ ရိုးရှင်းပြီး လူသားဆန်တဲ့ ယုံကြည်ချက်၊ အလုပ်ကြောင့်ဆိုရင် ကမ္ဘာကြီးဟာ အမုန်းတရားများနဲ့ ဖျားနာနေပါပြီ။

ဒါကို ဉာဏ်ပညာ၊ ချစ်ခြင်းတရား၊ လူသားဆန်မှုများများနဲ့သာ ကုစားရပါမယ်။ အမုန်းတရားက ကျည်ဆန်တွေ မပြတ်ထွက်နေပေမယ့် မေတ္တာသည်သာ အဆုံးမှာ အောင်နိုင်ရာ ဖြစ်တယ်။ ကျည်ဆန်တွေက လူသားရဲ့ အသက် ကိုသာ နှုတ်ယူနိုင်ပြီး ရုပ်ခန္ဓာကိုသာ ချုပ်ငြိမ်းစေတယ်။ ဒါပေမဲ့ နာမ် ဝိညာဉ် တရား လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတမှုနဲ့ ချစ်ခြင်းတရား ယုံကြည်ချက်တွေဟာ ဖီးနစ်ငှက်လို မီးလျံကြားမှာ ပြန်လည် ရှင်သန် မွေးဖွာတယ်။ ချစ်ခြင်းမေတ္တာဟာ အစွန်းရောက်များရဲ့ အမုန်းမီးတောက် ကျည်ဆန်ကြားကနေ မပြတ် မွေးဖွားနေတယ်။

မေတ္တာဖြင့် ပျံသန်းခဲ့တဲ့ သီချင်းငှက် ဆိုခဲ့သလိုပါပဲ။
ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ ကမ္ဘာဟာ ငြိမ်းချမ်းရပါမယ်။ လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးရှိပါတယ်၊ သာယာတဲ့လောကကြီးမှာ စစ်ပွဲ၊ ကျည်ဆန်၊ အမုန်းတရားတွေ မလိုပါဘူး။ နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းပဲ ရင်ခုန်နေတဲ့ နှလုံးသားက တရောင်တည်းပါ။ ရှင်သန်နေတဲ့ ချစ်ခြင်းတရားတွေဟာ တရောင်တည်းပါပဲ။

အမုန်းကြောင့် ဖြစ်တဲ့ သွေးစွန်းမှုတွေဟာ သမိုင်းပဲ ဖြစ်ရမယ်။ အနာဂတ်ဟာ ဒုက္ခသည် ကလေးငယ်ကို လက်ကမ်းဖို့ အသင့်ရှိနေတဲ့၊ လူဆန်တဲ့ လူသားတွေရဲ့ ပေါင်းစည်းမှု ချစ်ခြင်းမေတ္တာကမ္ဘာသာ ဖြစ်ရမယ်။

အမုန်းတရားမှာ ယုံကြည်ချက်မရှိ လူမျိုး၊ ဘာသာ တံဆိပ်ကပ်လို့ မရပါဘူး။

ဒါကို လူဆန်တဲ့ လူသားအားလုံးရဲ့ အမြဲ ရှင်သန်မွေးဖွားနေတဲ့ တစိတ်တည်းထား တရောင်တည်းခြယ် ချစ်ခြင်းမေတ္တာတွေစုစည်းမှုနဲ့ အောင်နိုင်ရပါမယ်။

Hate doesn’t have a creed, race or religion. It is poisonous. Let's unite against hate.

ယုံကြည်ချက်အတွက် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ဗြိတိန်ပါလီမန် အလုပ်သမားပါတီအမတ် Jo Cox သို့…။

ငြိမ်းချမ်းအေး

ဇွန် ၁၇၊ ၂၀၁၆

ရည်ညွှန်းသတင်း --
Jo Cox MP dead after shooting attack
http://www.bbc.com/news/uk-england-36550304