တင်အေး - ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး


တင်အေး - ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၆


ဘာကိုဖြစ်ဖြစ်၊ ဘယ်သူ့ကိုဖြစ်ဖြစ် … တန်ဖိုးမသိရင် ဘယ်တန်ဖိုးထားတတ်ပါ့မလဲ၊ စောင့်ရှောက်ရကောင်း မှန်း ဘယ်သိနိုင်ပါ့မလဲ။

ဒါပေမယ့် … တန်ဖိုးသိသင့်တာကို မသိရင်တော့ မသိသူကိုယ်တိုင် တန်ဖိုးမရှိသူ ဖြစ်တော့မယ်။

သမိုင်းတန်ဖိုး
သမိုင်းတန်ဖိုးကို ဘာနဲ့တိုင်းမလဲ။

လူ့အဖွဲ့အစည်းကောင်းရာကောင်းကျိုးဖြစ်မှုပေတံနဲ့ပဲ တိုင်းတာရမှာပါ။ နိုင်ငံတနိုင်ငံရဲ့အကျိုး၊ ပြည်သူ လူထုရဲ့အကျိုးကို ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေဟာ သမိုင်းတန်ဖိုးတွေပါပဲ။ ပြည်သူလူထုအကျိုး စွမ်းဆောင် ခဲ့ရင် စွမ်းဆောင်ခဲ့သလောက် သမိုင်းတန်ဖိုး ကြီးမားပါတယ်။ အလေးအမြတ်ထားရပါတယ်။ ထိန်းသိမ်းရပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး
ဗမာပြည်လူ့အဖွဲ့အစည်းမှာတင်ရှိနေတဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးကို ဖေါ်ပြရရင် ဥပမာနိုင်းပြစရာ ပမဏာမရှိပါဘူး။ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးကို စာတတန် ပေတဖွဲ့ရေးပြရရင် ရေးလို့မဆုံးနိုင်ပါဘူး။

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းပြောရင် အချိန်ဘယ်လောက်ကြာမလဲလို့ အမေးခံရတဲ့အခါ ပြန်ဖြေ ရသလိုပါပဲ၊ ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ပြောရင် တမိနစ်ကနေ တသက်လုံးကြာအောင် ပြောလို့ရပါ တယ်။ နားထောင်ဖို့ တမိနစ်ပဲ အချိန်ရရင် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းဆိုတာ ဘာလဲလို့ တမိနစ်ထဲနဲ့ ပြောပြလို့ရပါတယ်၊ တသက်လုံးနားထောင်မယ်ဆိုရင် တသက်လုံး ပြောလို့မကုန်နိုင်ပါဘူး။ ပြောမဆုံးပေါင် သမိုင်း အစောင်စောင် ဖြစ်မှာပါ။

ပြောမဆုံး၊ ရေးမဆုံးနိုင်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးတွေကို စာတတန်ပေတဖွဲ့မလုပ်တော့ဘဲ၊ လက်လမ်းမှီသလောက်၊ ဥာဏ်မှီသလောက် စာရင်း တို့ကြည့်ပါရစေ။

၁။ ဗကသများအဖွဲ့ချုပ်ဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်လပ်ရေးသမိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတရပ်အဖြစ် ကျောင်းသားလှုပ်ရှားမှုကိုဦးဆောင်ပြီး ပါဝင်ခဲ့တယ်။

၂။ ဗကသများအဖွဲ့ချုပ်ဟာ စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတရပ်အဖြစ် ကျောင်းသားလှုပ်ရှားမှုကိုဦးဆောင်ပြီး ပါဝင်ခဲ့တယ်။

၃။ လူထုတိုက်ပွဲ၊ အလုပ်သမားတိုက်ပွဲနဲ့ လယ်သမားတိုက်ပွဲတွေမှာ ဆက်စပ်ပါဝင်ခဲ့တယ်။

၎။ ကျွန်ပညာရေးစနစ် ဖျက်သိမ်းပြီး အမျိုးသားပညာရေးစနစ်အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တယ်။

၅။ ကမောက်ကမပညာရေးစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီပညာရေးစနစ်အတွက် လှုပ်ရှားဆောင်ရွက်ခဲ့ တယ်။

၆။ ခေတ်အဆက်ဆက် ကျောင်းသားထုအခွင့်အရေးဆုံးရှုံးမှုတွေအတွက် ဦးဆောင်လှုပ်ရှားခဲ့တယ်။

၇။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးတွေအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။

၈။ နိုင်ငံတကာကျောင်းသားလှုပ်ရှားမှုနဲ့ ဆက်စပ်ဆောင်ရွက်ခဲ့တယ်။

၉။ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ပထမဆုံးအထွေထွေသပိတ်ကြီးဖြစ်တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှာ တတိယကျောင်းသားသပိတ်ကြီးနဲ့အတူ ဦးဆောင်မှုအခန်းက ပါဝင်ခဲ့တယ်။

၁၀။ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ တတိယအထွေထွေသပိတ်ကြီးဖြစ်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံလို့ ခေါ်ကြတဲ့ ၁၃၅၀ ပြည့် လူထုအရေးတော်ပုံကြီးမှာ ကျောင်းသားလှုပ်ရှားမှုကွင်းဆက်တွေနဲ့ ဦးဆောင်မှု အခန်းက ပါဝင်ခဲ့တယ်။

၁၁။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှာ သမိုင်းဝင်ခေါင်းဆောင်တွေဟာ ဗကသများအဖွဲ့ချုပ်က ပေါ်ထွက်လာခဲ့ တယ်၊ လက်လှမ်းမီသလောက် တချို့ကို ဖေါ်ပြရရင် -

(က) ၁၉၃၆-၃၇ ခုနှစ်မှာ ဗကသ ရဲ့ ပထမဆုံးဥက္ကဌ တာဝန်ယူခဲ့တဲ့ ကိုရာရှစ် ခေါ် ဦးရာရှစ်ဟာ ပါလီမန်ခေတ်မှာ ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့တယ်။

(ခ) ၁၉၃၈-၃၉ ခုနှစ်မှာ ဗကသရဲ့ ဥက္ကဌတာဝန်ယူခဲ့တဲ့ ကိုအောင်ဆန်း ခေါ် ဗိုလ်ချုပ်အောင်ဆန်း ဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတို့မှာ ဦးဆောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဖြစ်လာခဲ့တယ်။

(ဂ) ၁၉၃၈-၃၉ မှာပဲ ဗကသ ဥက္ကဌတာဝန်ယူခဲ့တဲ့ ကိုဗဟိန်းဟာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှာ “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်”စေခဲ့တဲ့ ကျောင်းသားခေါင်းဆောင်၊ သပိတ် ခေါင်းဆောင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အသေစောခဲ့ရပေမယ့် ဒီနေ့အထိ ဗမာပြည်သမိုင်း၊ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်လပ်ရေးသမိုင်းပြောရင် ချန်ထားမရတဲ့ ခေါင်းဆောင် တယောက် ဖြစ်ခဲ့တယ်။

(ဃ) ဗကသ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအောင်ကျော် ခေါ် ဗိုလ်အောင်ကျော်ဟာ တတိယ ကျောင်း သားသပိတ်ကြီးမှာ တခြားသပိတ်တိုက်ပွဲဝင်ရဲဘော်အတွက် အသက်ပေးခဲ့ပြီး၊ ဒီနေ့အထိ ရန်ကုန် တက္ကသိုလ်ပင်မ သမဂ္ဂမြက်ခင်းပြင်မှာ အုတ်ဂူတည်ထား အလေးပြုနေရတဲ့ သမိုင်းဝင် ကျောင်း သားသူရဲကောင်းဖြစ်ခဲ့တယ်။

(င) ၁၉၃၆ ခုနှစ်မှာ ဗကသရဲ့ အဖွဲ့ဝင်အဖွဲ့စည်းဖြစ်တဲ့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ရဲ့ ဥက္ကဌတာဝန်ယူခဲ့တဲ့ ကိုနု ခေါ် ဦးနုဟာ ဗမာပြည်လွတ်လပ်ရေးရပြီးတော့ ပထမဆုံး ဝန်ကြီးချုပ် တာဝန်ယူခဲ့တယ်။

(စ) ဗကသ ရဲ့ အမှုဆောင် ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုသုရှိန် ခေါ် ဗိုလ်ရန်နိုင်၊ ကိုလှမောင် ခေါ် ဗိုလ်ဇေယျ၊ ကိုလှ ခေါ် ဗိုလ်မင်းရောင်တို့ဟာ ဗမာ့လွတ်လပ်ရေးသမိုင်းမှာ လက်နက်ကိုင်တိုက်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့ကြတဲ့ ရဲဘော်သုံးကျိတ်ဝင်တွေ ဖြစ်ခဲ့ကြတယ်။

၁၂။ သမိုင်းဝင်ခေါင်းဆောင်တွေ ပေါ်ထွက်ခဲ့တဲ့ ဗကသ ခေါ် ဗကသများအဖွဲ့ချုပ်ဟာ ၁၉၃၆ ခုနှစ် မေလ (၈) ရက်နေ့ စတင်ဖွဲ့စည်းကတည်းက ရေတွက်ရင် ဗမာပြည်သမိုင်းမှာ နှစ်ပေါင်း(၈၀)သက်တမ်းရှိတဲ့ တခုတည်း သော ကျောင်းသားအဖွဲ့အစည်း၊ တခုတည်းသော သမိုင်းဝင် လူထုအကျိုးဆောင် အဖွဲ့အစည်းဖြစ်တယ်။

၁၃။ ခေတ်အဆက်ဆက် အုပ်စိုးသူလူတန်းစားက သူ့အာဏာ အလိုကျ မဖြစ်တဲ့အပေါ်မှာ အကြမ်းဖက်ရိုက် နှက်သတ်ဖြတ်တဲ့နည်းအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ဖျက်သိမ်းပစ်ဖို့ကြိုးစားပေမယ့် ကျောင်းသားရှိနေသမျှ ကျောင်းသားသမဂ္ဂရှိနေမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ မတုန်မလှုပ် ရှင်သန်ရပ်တည်ခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်း ဖြစ်တယ်။

၁၄။ စတင်ဖွဲ့စည်းစဉ်ကတည်းက နှစ်ပေါင်း (၈၀) သက်တမ်းကာလအတွင်း တကြိမ်တခါမျှ ဗကသများအဖွဲ့ ချုပ်နာမည်နဲ့ စင်ပြိုင်မပေါ်ခဲ့ဘူးတဲ့ ကျောင်းသားအဖွဲ့အစည်းဖြစ်တယ်။

သမိုင်းတန်ဖိုးနဲ့ သမိုင်းပေးတာဝန်
ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးတွေဆိုတာ သိကိုသိထားရမယ့်၊ တာဝန်သိသိ ထိမ်းသိမ်းစောင့်ရှောက် ရမယ့် ဒီနေ့ခေတ်ရဲ့အဖိုးတန်အကြောင်းတရားတွေ ဖြစ်နေပါပြီ။

ဒီနေ့အချိန်မှာ ဗကသများအဖွဲ့ချုပ်ထဲမှာ ပါဝင်ပြီးတော့ပဲဖြစ်ဖြစ်၊ ဗကသများအဖွဲ့ချုပ် ပြင်ပကပဲဖြစ်ဖြစ် ဗမာပြည်သမိုင်းရဲ့အဖိုးတန်အကြောင်းတရားတွေ၊ ဗကသများအဖွဲ့ချုပ်ရဲ့သမိုင်းတန်ဖိုးတွေကို ပွန်းပဲ့၊ ထိခိုက်၊ ဖျက်ဆီးသူ မည်သူမဆို သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်ခံရမှာ အသေအချာပါပဲ။

သိသင့်တဲ့သမိုင်းတန်ဖိုးကို မသိရင် တန်ဖိုးမရှိသူဖြစ်မယ်၊

သိထားတဲ့သမိုင်းတန်ဖိုးကို ဖျက်ဆီးရင် သမိုင်းတရားခံဖြစ်မယ်။ ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အား လေးစားဂုဏ်ပြုလျက် -

တင်အေး