တူမောင်ညို - နတ်မြင်းပျံလို မြူးကြွားကြွား


တူမောင်ညို - နတ်မြင်းပျံလို မြူးကြွားကြွား
(မိုးမခ) ဇွန် ၇၊ ၂၀၁၆


ဒီချုပ်ပါတီအစိုးရကို တိမ်ညွန့်စားတဲ့ “ သိန္ဓောမြင်း ” နဲ့ တင်စားချင်ပါတယ်။ ဒါပေမယ့် ဒီ “သိန္ဓောမြင်း” ဟာ ၂၀၀၈ အခြေခံ ဥပဒေဆိုတဲ့ ကြိုးနဲ့ လံထားတာကို ခံနေရရှာပါတယ်။

လံထားတဲ့ကြိုးရဲ့အတိုင်းအတာအတွင်းမှာတော့ သူဟာ နတ်မြင်းပျံလို မြူးကြွားကြွား။

မေလ ၃၁ ရက်စွဲနဲ့ သမ္မတဦးထင်ကျော်လက်မှတ်ထိုးထားတဲ့ ကြေညာချက် ၂ ခုထွက်လာပါတယ်။

ပထမတစ်ခုက အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၁၆)

(MPC) ကို (NRPC) အဖြစ် ပြန်လည်ဖွဲ့စည်းရေးကို ဆောင်ရွက်မယ့် ကော်မတီဖြစ်ပါတယ်။ဦးကျော်တင့်ဆွေကဥက္ကဋ္ဌဖြစ်ပြီး ၁၀ ဦးပါဝင်တဲ့ ကော်မတီဖြစ်ပါတယ်။

ဒုတိယတစ်ခုက အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၁၆)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ဆပ်ကော်မတီ နှစ်ခု ဖွဲ့စည်းတာဖြစ်ပါတယ်။

“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ”ကို ဒေါက်တာတင်မျိုးဝင်း က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပါတယ်။ စုစုပေါင်း ၁၆ ဦးပါဝင် ပါတယ်။

ဆပ်ကော်မတီ နှစ်ခု အနက် ပထမတစ်ခု အမည်က “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ” ဖြစ်ပြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ( အမှတ်၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး) က ဦးဆောင်ပါတယ်။ စုစုပေါင်း ၁၅ ဦးပါဝင် ပါတယ်။ ဆပ်ကော်မတီ (၁) ရဲ့လုပ်ငန်းတာဝန်က (NCA) လက်မှတ်ထိုးပြီးအဖွဲ့ (၈) ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ဖြစ်ပါတယ်။

ဒုတိယတစ်ခုအမည်က “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) ” ဖြစ်ပြီး၊ ဒေါက်တာတင်မျိုးဝင်းကဦးစီးပါတယ်။ စုစုပေါင်း ၉ ဦးပါ ပါဝင်ပါတယ်။ ဆပ်ကော်မတီ (၂)ရဲ့ လုပ်ငန်းတာဝန်က(NCA)လက်မှတ် မထိုးရ သေးတဲ့ အဖွဲ့တွေနဲ့တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးဖို့ဖြစ်ပါတယ်။

ဒေါက်တာတင်မျိုးဝင်းဦးစီးတဲ့ ဆပ်ကော်မတီ(၂)ဟာ (NCA)မှာလက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ဖြစ် တဲ့ ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်တဲ့ (DPN) အဖွဲ့နဲ့ ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်။ ဆပ်ကော်မတီ (၂) ဟာ ဇွန်လ ဒုတိယပတ်ထဲမှာ အရှေ့မြောက်ဒေသမှာ ရှိတဲ့ (UWSA) ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အပါ အဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဖို့ရှိတယ်လို့ မီဒီယာသတင်းတွေကဖော်ပြနေပါတယ်။

ဒီဖြစ်ရပ်တွေ ဒီဖြစ်စဉ်တွေဟာ ဒီချုပ်ပါတီအစိုးရရဲ့ “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ” ရဲ့ လက်တွေ့ခြေ လှမ်းတွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလို ခြေလှမ်းတွေ အပြိုင်လှမ်းနေတာပါ။ (NCA) လက်မှတ်ထိုးပြီးသားတွေနဲ့လည်း ညှိနှိုင်းတယ်။ (NCA) လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံတယ်။ (NCA) ထဲမှာ မပါဝင် သေးတဲ့ အရှေ့မြောက်ဒေသကအဖွဲ့တွေနဲ့လည်းတွေ့ဆုံမယ်။

ဒေါက်တာတင်မျိုးဝင်းဦးစီးတဲ့ ဆပ်ကော်မတီ (၂) က လက်တွေ့ တွေ့ဆုံလိုက်တာနဲ့ လက်တွေ့ကျတဲ့ကိစ္စ (၂) ခု ပေါ်လာပါ တယ်။

ပထမတစ်ခု က (NCA) စာချုပ်ကို (review) ပြန်လည်သုံးသပ်မှာမဟုတ်ဘူးဆိုတဲ့အချက် ရှင်းသွားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ (NCA) စာချုပ်မှာ လက်မှတ်ထိုးရမယ်။ (NCA) စာချုပ်အတိုင်းပဲ သွားရမယ်ဆို တဲ့အချက်ပါပဲ။ သမ္မတအမိန့်ကြော်ငြာစာ အမှတ် (၂၆/၂၀၁၆) ထဲမှာ ဖော်ပြထားတဲ့ “ဆပ်ကော်မတီ(၂)” ရဲ့ လုပ်ငန်းတာဝန် (၉) ဖော်ပြ ထားပါတယ်။ ဒီတာဝန်(၉)ခုကိုလေ့လာကြည့်တဲ့အခါမှာ ဆပ်ကော်မတီ (၂) ရဲ့ တာဝန်ဟာ (NCA) လက်မှတ်မထိုးသေးတဲ့အဖွဲ့ (NCA) စာချုပ်မှာ ပါဝင်လက်မှတ်ရေး ထိုး လာအောင် စည်းရုံးဖို့ သာဖြစ်ပါတယ်။ [ဆပ်ကော်မတီ (၂) လုပ်ငန်း တာဝန် (ခ၊ဂ၊င၊စ) ကို ကြည့်ပါ ]


ဒါဆိုရင် ဒုတိယအဆင့်အဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ (political dialogue) ဘယ်လိုတက်လှမ်းမလဲ။ (NCA) လက်မှတ် မထိုး ရင် နိုင်ငံရေးဆွေးနွေးခွင့် မပေးနိုင်ဘူး၊ လက်နက်ချမှ ဆွေးနွေးခွင့်ပေးမယ်လို့ “ကာချုပ်” ကိုယ်တိုင်က ပြောထားပြီးမဟုတ်လား။

ဒီတော့ ဒီလို ပိတ်ဆို့ တားဆီးထားတဲ့ အချက်တွေ (ကာချုပ်ရဲ့တပ်ငြိမ်းမူ ၆ ရပ်) ကို “ဆပ်ကော်မတီ(၂) ” က ဘယ်လိုကျော် လွှားပြီး (NCA) မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ” ဘယ်လို တက်ရောက်နိုင် မှာလဲ။

ဒါကြောင့် ဒီချုပ်ပါတီအစိုးရ (သို့မဟုတ်) အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒိထက်ပိုပြီးတိကျ ရှင်းလင်းအောင် လုပ်ပေးရမယ့် အချက် က “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ” (NCA) စာချုပ်လက်မှတ်မထိုးရင် တက်ခွင့်ရှိ/မရှိ ဆိုတဲ့ အချက်ပဲ ဖြစ် ပါ တယ်။“အားလုံးပါဝင်ရေး” ကို မူအဖြစ်ကိုင်စွဲထားတာမှန်ရင် အားလုံးပါဝင်လာနိုင်အောင် တည်ရှိနေတဲ့အတားအဆီးတွေကို ဒီချုပ်ပါတီ အစိုးရနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဘယ်လိုကျော်လွှားမလဲဆိုတဲ့ကိစ္စက အင်မတန်စိတ်ဝင်စားစရာပါ။ ဘာလို့လည်းဆိုတော့ ဒီကျော်လွှားမှု ဟာ “ကာချုပ်” နဲ့ မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်ရမယ့်ကိစ္စဖြစ်နေလို့ပါပဲ။

“ ပြုပြင်ပြောင်းလဲသင့်သည့် ကိစ္စရပ်များကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ဘောင်အတွင်းက ပြုပြင် ပြောင်းလဲရေး အခြေခံမူ” ဆိုတာကို လက်တွေ့သိချင်လှပါတယ်။ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲက အဓိကကျတဲ့အပြောင်း အလဲမှန် သမျှကတော့ “ကာချုပ်” သဘောမတူဘဲ ဘာမှမဖြစ်နိုင်ကြောင်းကိုတော့ ကောင်းစွာသဘောပေါက်ပြီး ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၃ ရက်နေ့က ချင်းမိုင်တွေ့ဆုံမှုမှာ “ဆပ်ကော်မတီ (၂) ” တာဝန်ခံ ဒေါက်တာတင်မျိုးဝင်းအနေနဲ့ တိကျတဲ့အဖြေပေးမသွားနိုင်တာကို အားလုံးက သတိပြုမိကြပါတယ်။

ဒုတိယတစ်ခု က ဒီချုပ်ပါတီ အစိုးရအနေနဲ့ “ တပြည်လုံး အတိုက်အခိုက်ရပ်စဲကြောင်း” ကြေညာပေးပါ ဆိုတဲ့တောင်းဆိုချက် ဖြစ်ပါတယ်။ ဒီအချက်ကို ဒီချုပ်ပါတီအစိုးရအနေနဲ့ စွမ်းဆောင်ပေးနိုင်မည်လော။ ဒါကလည်း ဒီချုပ်အစိုးရအနေနဲ့ ကာချုပ်ထိပ်တိုက် တိုးနေတဲ့ကိစ္စဖြစ်ပါတယ်။ သမ္မတအနေနဲ့ တပြည်လုံးအတိုက်အခိုက်ရပ်စဲကြောင်း ကြေညာပါလို့ “ကာချုပ်” ကို ညွန်ကြားနိုင်ပါ့မလား။ သို့တည်းမဟုတ် တပြည်လုံးအတိုက်အခိုက်ရပ်စဲကြောင်းကြေညာအောင် “ကာချုပ်” ကို ဖြောင့်ဖြနားချနိုင်ပါ့မလား။

ထိုင်းနယ်စပ်ဘက်က အင်အားစုတွေကတော့ “တပြည်လုံးအတိုက်အခိုက်ရပ်စဲကြောင်းကြေညာပေးပါ” လို့ ဒီချုပ်ပါတီအစိုးရ ကို တောင်းဆို ထားပါတယ်။ မကြာခင် အရှေ့မြောက်ဒေသဘက်ကို ဒေါက်တာတင်မျိုးဝင်း သွားရောက်တဲ့အခါ ဘယ်လို အသံတွေ ကြားရမလဲ။ လေ့လာစောင့်ကြည့်ကြပါစို့။

ဒီချုပ်ပါတီအစိုးရကို “၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ ကြိုးနဲ့ လံထားခံရတဲ့ “သိန္ဓောမြင်း” နဲ့တင်စားပမာပြုခဲ့သလို၊ စေ့စပ် ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းကိုလည်း ခွာသံပြင်းတဲ့ “ရွှေဘိုမြင်း”နဲ့ နှိုင်းယှဉ်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူလည်း အတိုင်းအတာအကန့်အသတ်ဆိုတဲ့ ကြိုးနဲ့လံထားခံရတာပါပဲ။ ယတိပြတ်ပေးဖို့ အဖြေသူ့ဆီမှာ မရှိပါဘူး။ သူ့မှာ ပါမလာပါဘူး။