လင်းခါး ● ခေတ်အန်ဖတ်ဆို့ခြင်း


လင်းခါး ● ခေတ်အန်ဖတ်ဆို့ခြင်း
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၆

ငါ့အသက် သုံးဆယ်မှာ
ခွေးအန်တာ အကြိမ်သုံးဆယ်မက မြင်ဖူးတယ်
ဗိုက်သားဟာ ရှေ့တိုးနောက်ငင်
ခွေးတွေ အန်ခဲ့ကြတယ်
ခွေးတွေ အန်သလို ငါအန်ခဲ့တဲ့ ဝါကျတွေ
ခွေးတွေ အန်သလိုပဲ
ငါ့သူငယ်ချင်းတွေရဲ့ ဝါကျတွေ
ဘယ်လောက် စက်ဆုပ်စရာကောင်းသလဲ
ဘယ်လောက် ရင်နာစရာကောင်းခဲ့သလဲ
ခွေးတွေဟာ အန်ပီးနောက်
အန်ဖတ်ကို ပြန်စားခဲ့ကြတာပဲ
ငါတို့ဝါကျတွေဟာ
ငါတို့ခေတ် ငါတို့လူ့အဖွဲ့အစည်းရဲ့
အန်ဖတ်တွေပါ
ငါတို့ အန်ဖတ်ဆို့ခဲ့ကြရ
ငါတို့ ပြန်စားခဲ့ကြရတာပဲ ။ ။

လင်းခါး
ဇွန် ၂၃ ၂၀၁၆