ဉာဏ်ဝါ ● စိတ်ကြွဆေး





ဉာဏ်ဝါ ● စိတ်ကြွဆေး
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၆

အသေသတ် ပြီးမှ မှော်ပြန်သွင်းတဲ့ ဖုတ်ကောင်
သကာသုတ် နဘေအတ်နဲ့ ဟုတ်သယောင်ယောင်ပေါ့။
ယဉ်ကျေးပါ လိမ္မာပါ ဘာညာသာရကာ
အလိမ် အညာနဲ့ တကယ်က ချုံးချုံးကျ အသိပညာ
လိုတဲ့အခါ ဒီ မျိုး ‘ခြစ်’ စိတ်စုတ်နဲ့ ထပ်ပြီးတုတ်နှောင်ကြ
အမိုက်ကောင်တွေခမျာ အစွယ်တွေပြ ချိုတွေထ
သွေးဆူကာ သတ်ဖို့ရာ ညီညာထကြွ
အတတ်သင် ပဲ့ပြင်တယ်ဆိုပြန်သေး
သင် တွေး အံ ရွတ် သမျှ ငရဲမိစ္ဆာ
ပြောသမျှ အနန္တဂိုဏ်းကမှတ်ကာ အသာအယာ ဆုံးမနာယူရ
တကယ်က နာဠာဂီရီ ကို ဒေ၀ဒတ်တိုက်တဲ့ အရက်ထက်ဆယ်ဆပို
အသိတွေကိုဖုံးတဲ့ အမှောင်ရဲ့ အထု အတိုင်းတာက
ဒဗယူဝိုင် ထောင်သောင်းထက်ကို
သိပ်ပို သိပ်စွမ်း သိပ်ကိုကြမ်းတဲ့ဆေး။


ဉာဏ်ဝါ
ဇူလိုင် ၆၊ ၂၀၁၆


■■■■■■■■ ■■■■■■■■ ■■■■■■■■

အစိုးရပညာရေး ၄ တန်းနဲ့  ၆ တန်းမှာ ပြဋ္ဌာန်းထားတဲ့ မြန်မာစာသင်ရိုးက ကဗျာနှစ်ပုဒ်ပါ။ ဖယ်ရှားပစ်ရမယ့် သင်ခန်းစာတွေပါ။
အောင်မျိုးထွန်း

■■■■■■■■ ■■■■■■■■ ■■■■■■■■

■■■■■■■■ ■■■■■■■■ ■■■■■■■■

လွတ်လပ်စွာ ရေးသားခွင့် ဖန်တီးခွင့် တင်ပြခွင့် တွေဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တခုရဲ့ အခြေခံ ကျောရိုးတွေပါ။ ဒါပေမဲ့ “ဒို့သွေး” လို အစွန်းတဖက်ကနေ စစ်သွေးစစ်မာန်ကြွ လှုံ့ဆော်ထားတဲ့ အရာတွေကတော့ မငြိမ်းချမ်းနိုင်သေးတဲ့ လူမျိုးစုရေးရာ ပဋိပက္ခတွေကြား၊ ဘာသာရေး အကဲဆတ်မှုတွေကြား၊ အမုန်းမီးတောက်လောင်မှုတွေကြားက လူမျိုးစုံ၊ ဘာသာစုံ မှီတင်းနေထိုင်နိုင်တဲ့ ပြည်ထောင်စု တိုင်းပြည်အတွက် အဆိပ်အတောက် တွေ ဖြစ်စေပါတယ်။ နုနယ်တဲ့ ကလေးငယ်တွေရဲ့ စိတ်နှလုံးအိမ်နဲ့ ဦးနှောက်အသိဉာဏ်မှာ ရန်လိုမှုတွေ၊ အမုန်းတရားတွေ ဌာပနာခြင်း မရှိစေဖို့ စာသင်ကျောင်း ပညာရေးစနစ်နဲ့ သက်ရိုးညွှန်းတမ်းတွေမှာ အဓိက တာဝန်ရှိပါတယ်။ ဒီပညာရေးစနစ်တွေ၊ ဘာသာရေးခေါင်းစဉ်အောက်က ယဉ်ကျေးလိမ္မာသင်တန်း အမည်ခံ တွေကနေ သွေးကြွစေတဲ့ စိတ်အရိုင်းတွေ သွတ်သွင်းနေပြီ ဆိုရင်ဖြင့် တိုင်းပြည်အနာဂတ်ဟာ အမုန်းသံသရာဝဲဂယက်က လွတ်မြောက်နိုင်မှာမဟုတ်သလို ယဉ်ကျေးပြီး ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်တဲ့ လူ့အသိုင်းအဝန်းတခုကို တည်ဆောက်နိုင်မှာ မဟုတ်ပါ။

ကျနော်နဲ့ ကိုဉာဏ်ဝါ၊ ကိုအောင်မျိုးထွန်းတို့လို ရင်ဘတ်ချင်း နီးစပ်သူ မိတ်ဆွေတစုဟာ ပညာရေးနဲ့ ရသစာပေတွေမှာ တွင်ကျယ်နေတဲ့ ခွဲခြားမှု၊ ရန်လိုမှု၊ အမုန်းပွားမှု အတွေးအခေါ်တွေ၊ စကားလုံးတွေအကြောင်းကို တတ်နိုင်သလောက် လေ့လာ ဖော်ထုတ် ထောက်ပြဖို့ ရည်ရွယ်ထားကြပါတယ်။ မိုးမခ စာဖတ်ပရိသတ်လည်း ပူးပေါင်းပါဝင်ပြီး အမြင်ချင်း ဖလှယ်ကြပါ။

ငြိမ်းချမ်းအေး

■■■■■■■■ ■■■■■■■■ ■■■■■■■■