မောင်ကြူးရင့် ● ကဗျာဆရာ



 မောင်ကြူးရင့် ● ကဗျာဆရာ
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၆

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
ကမ္ဘာဆိုတာ ရွာကြီးတရွာပေါ့
ကမ္ဘာ့အိမ်ရာကြီးဆိုပါတော့
အဲ့ဒီ့ကမ္ဘာ့အိမ်ရာကြီးထဲမှာ
ကဗျာဆရာ နေထိုင်တယ်
ကဗျာဆရာဟာ ကဗျာရေးတယ်
ကဗျာအလုပ် … လုပ်တယ်
ကဗျာမှာ ဝါဒမရှိဘူး
ကဗျာမှာ အသားအရောင်မရှိဘူး
ကဗျာမှာ နယ်နိမိတ်မရှိဘူး
ကဗျာမှာ အလှအပ အမှန်တရား
ပန်းများကိုပွင့်စေတဲ့ဘာသာစကားပဲရှိတယ်
ကဗျာဆရာဟာ
ဘယ်အပင်ရဲ့အရိပ်ကိုမှ
မခိုလှုံဘူး
ကဗျာဆရာဟာ
အကြမ်းဖက် ဝါဒကိုဆန့်ကျင်တယ်
ငြိမ်းချမ်းရေးကိုမြတ်နိုးတယ်
ပိုကောင်းတဲ့ ကမ္ဘာကြီးကိုလိုချင်တယ်
ရုရှားစာရေးဆရာကြီး ဆိုဇင်နစ်ဇင်ဟာ
သူ့ကိုနှင်ထုတ်လိုက်တဲ့
ဆိုဗိယက် လူ့အဖွဲ့အစည်းဟောင်းကိုလည်း
မကျေနပ်ဘူး
သူသွားရောက်နေထိုင်တဲ့
အမေရိကန် လူ့အဖွဲ့အစည်းကိုလည်း
မကျေနပ်ဘူး
သူပြန်လာပြီးနေထိုင်တဲ့
ဆိုဗိယက် လူ့အဖွဲ့အစည်းသစ်ကိုလည်း
မကျေနပ်ဘူး
ဆိုဇင်နစ်ဇင်ဟာ
ပစ္စုပ္ပန် တည့်တည့်မှာနေထိုင်သူ
အေး … ကဗျာဆရာဆိုတာကလည်း
ပစ္စုပ္ပန်တည့်တည့်မှာနေထိုင်သူ
ရာဟုလာသံကစ္စည်းကို
နိုင်ငံခြားတိုင်းပြည်တွေမှာ
ခင်ဗျားက …ဘယ်နိုင်ငံသားလဲလို့
မေးတဲ့အခါ ….
ကမ္ဘာ့နိုင်ငံသားလို့ဖြေတယ်
အေး … မောင်ကြူးရင့်ဟာ
ကမ္ဘာ့နိုင်ငံသား ကဗျာဆရာ ။ ။

မောင်ကြူးရင့်