ဓမ္မဘေရီ အရှင်ဝီရိယ - အာဇာနည်ဆိုတာ


ဓမ္မဘေရီ အရှင်ဝီရိယ - အာဇာနည်ဆိုတာ
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆

ကဲ.. ဒီနေ့ပြောခဲ့တဲ့သြဝါဒစကားလေးကိုတော့ လူငယ်တွေလည်းသိရအောင် စာနဲ့အမြန် ရေးပေးပါ" လို့ ပြည်သူတို့မိခင် ဒကာမကြီးကိုယ်တိုင်က အလေးအနက် တိုက်တွန်းတဲ့အတွက် ခု-ရောက် မဆိုက်ပဲ ရေးလိုက်ပါပြီဗျာ။

….

“အာဇာနည်ဆိုတာ” ဖြစ်စဉ်လေးကစပြီး နိဒါန်းချီပါရစေ..

"ဇူလိုင်(၁၉)အာဇာနည်နေ့မှာတော့ ရွှေတောင်ကုန်းဆရာတော်ကြီးလည်း မရှိတော့တဲ့အတွက် ဆရာတော်ကြွပြီး သီလပေး, ရေစက်ချ, သြဝါဒစကားမြွက်ကြားပေးပါ"လို့ ကြိုတင်လျှောက်ထား တဲ့အတွက် အမေရိကခရီးစဉ်ကို နောက်ရွှေ့ပြီး ဒီတာဝန်ကို လက်ခံလိုက်ပါတယ်။

ဒီနေ့ (၁၉.၇.၂၀၁၆) မှာတော့ သတ်မှတ်ထားတဲ့ (၉.၄၅)မတိုင်မီ (၁၅) မိနစ်လောက် စောပြီးရောက်သွားပါတယ်။ နာယကကြီးဦးတင်ဦးနဲ့ ဒကာမကြီးတို့က လှေခါးတက်မှာ
အသင့်ကြိုနေပြီး ဒကာမကြီးကပဲ- "ဒါက ဓမ္မဘေရီဆရာတော်လေ"လို့ နောက်မှာ ရှိသူများနဲ့ မိတ်ဆက်ပေးပါတယ်။

ပထမဆုံးတော့- ဓမ္မဂင်္ဂါက လက်ဆောင်ပါးလိုက်တဲ့.. "ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)
ဗုဒ္ဓဘာသာသူရဲကောင်း" ဆိုတဲ့စာအုပ်ကို " စာရေးတဲ့ဆရာတော်က ဒကာမကြီးလက်ထဲအရောက်
ပေးလိုက်ပါဆိုလို့" လို့ ပြောပြီး ပေးလိုက်တော့…"ကျေးဇူးတင် ဝမ်းမြောက်ပါတယ်ဘုရား.."ဆိုပြီး
တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ယူလိုက်ပါတယ်။

အစီအစဉ်စတဲ့အခါ ဥက္ကဋ္ဌကြီးဦးတင်ဦးက.. "သြဝါဒလေးလည်း လိုရင်းတိုရှင်းလေးပေါ့ဘုရား"လို့
အနီးကပ်လျှောက်ထားတဲ့အတွက် ပြောခဲ့ရပါတယ်။ ရှေ့မှာ ဥက္ကဋ္ဌကြီးရယ်, ဒကာမကြီးရယ်, ဒုသမ္မတနှစ်ဦးရယ်, လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌကြီး နှစ်ဦးနဲ့  ချုပ်ကြီးတို့ရယ်… ဒကာမကြီးဒေါ်ခင်လှတင်တို့, ဒေါ်သိန်းမြင့်ကြည်(တုံတုံ)တို့ရယ် ဧည့်ခန်းအပြည့်ပါပဲ။

စပြောခဲ့တာကတော့.. လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေ တိုင်းပြည်အတွက် အသက်စွန့်သွား ခဲ့ရတဲ့နေ့ကိုအထိမ်းအမှတ်ပြုပြီး "အာဇာနည်နေ့"လို့ သတ်မှတ်ထားတော့- လူငယ်တော်တော်များ က "အာဇာနည်ဆိုတာ တိုင်းပြည်အကျိုးဆောင်ရင်း အသက်သေသွားသူများသာ ဖြစ်နိုင်တယ်"လို့
ထင်မှတ်နေကြတယ်။

အသက်စွန့်တာနဲ့ အသက်သေဆုံးတာကို အဓိပ္ပာယ် … တယ်မကွဲပြားချင်ဘူး၊
"အများအတွက် သက်စွန့်ကြိုးပန်းဆောင်ရွက်တယ်" ဆိုတာ သေခြင်း, မသေခြင်းနဲ့ မဆိုင်ပါဘူး။ အသက်ကိုပဓာနမထားခြင်း(မငဲ့မကွက် စွန့်နိုင်ခြင်း) နဲ့သာ ဆိုင်ပါတယ်။ မုချအားဖြင့်တော့"အာဇာနေယျ=အာဇာနည်" ဆိုတာ ဘုရားအလောင်းကိုကြည့်ပြီး အများက သတ်မှတ်ပြောဆိုရာက စခဲ့တဲ့ စကားပါ။

ဒီပင်္ကရာဘုရားရှင်လက်ထက်တော်တုန်းက - ရမ္မဝတီမြိ့တော်ကို ဘုရားရှင်နဲ့ နောက်ပါ သံဃာ တော်လေးသိန်းတို့ ကြွလာမည့် လမ်းကြီးပြုပြင်နေတဲ့အချိန်မှာ.. ဈာန်ရဖြစ်တဲ့ သုမေဓာ ရသေ့က သူလည်း ကုသိုလ်ပါဝင်ချင်တယ်ဆိုလို့ ဘယ်သူမှ ပြင်ဖို့မစွမ်းနိုင်တဲ့ ဗွက်အထူဆုံး နေရာကြီးကို တာဝန်ပေးအပ်လိုက်တယ်။ တကယ်တော့ ပြည်သူတွေက သုမေဓာရသေ့ကို မုန်းလို့ဂျောက်(ချောက်)တွန်းလိုက်တာတော့ မဟုတ်ပါဘူး။ ဘယ်သူမှ မစွမ်းနိုင်တဲ့နေရာကြီးကို- "ဒီရသေ့ကတော့ အဘိဉာဉ်တန်ခိုးနဲ့ စွမ်းနိုင်လောက်တယ်" ဆိုပြီး အားကိုးစိတ်နဲ့ ပေးကြတာပါ။

သုမေဓာရှင်ရသေ့က မြင့်မြတ်တဲ့ဘုရားရှင်အတွက်ရည်မှန်းတာဖြစ်လို့ တန်ခိုးဣဒ္ဓိပါဒ်ကိုမသုံးဘဲ ပကတိစွမ်းအားနဲ့ပဲဆောင်ရွက်တော့ အချိန်မီမပြီးဘူး၊ ခန္ဓာကိုယ်တလျှားစာလောက်ကျန်နေတယ်။
ဘုရားရှင်နဲ့ နောက်ပါသံဃာလေးသိန်းတို့ ကြွလာချိန်မှာတော့ "ငါတာဝန်ယူထားတဲ့အပိုင်း မပြီးစီးတဲ့အတွက်တော့ ဘုရားရှင်ခရီးစဉ် လစ်ဟင်းမှုမရှိစေရဘူး" ဆိုပြီး ကျန်နေတဲ့တလျားစာ ပေါ်မှာ မိမိရဲ့ခန္ဓာကိုယ်ကိုအလျားစဉ်းပြီး တံတားခင်းပေးလိုက်ထာပါ။

ဒါကိုကြည့်ပြီး တွေ့မြင်ရသူအပေါင်းက.."အာဇာနေယျော= အံ့သြလောက်အောင် တွေ့ရမြင်ရ ခဲသူပါတကား.." ဆိုပြီး ဝိုင်းအသိအမှတ်ပြုကြတာ။  "အာဇာနေယျ" ဆိုတာ - နေရာတိုင်းမှာ တွေ့ရဖို့ အလွန်ခဲရင်းတဲ့ပုဂ္ဂိုလ်လို့ အဓိပ္ပာယ် ရပါတယ်။ ("န သော သဗ္ဗတ္ထ ဇာယတိ = အာဇာနည်ဆိုတာ နေရာဒေသတိုင်းမှာ ဖြစ်နိုင်, ရှိနိုင်, တွေ့ရနိုင်တဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်" ဆိုတဲ့အတိုင်းပေါ့။)

အာဇာနည်လို့ အများက သတ်မှတ်နိုင်ဖို့အတွက် ကျင့်သုံးမှု သုံးမျိုး ရှိပါတယ်၊" တိေဿာ စရိယာယော = စရိယသုံးပါး" လို့ခေါ်ပါတယ်။

(၁) လောကတ္ထစရိယ=လောကအတွက် နောင်လာနောင်သား မျိုးဆက်များအထိ ကြီးပွား ချမ်းသာဖို့ ရည်မှန်းတဲညအကျင့်။  ဒါကတော့- ရေရှည်စီမံကိန်းအကျင့်ပေါ့။

(၂) ဉာတတ္ထစရိယ= 'ဉာတိ'ဆိုတာ ဆွေမျိုးသားချင်းလို့သာ ဆိုလိုတာမဟုတ်ပါဘူး၊ "သိအပ်မြင်အပ်သူများ" ဆိုတဲ့ အဓိပ္ပာယ်ပါပါတယ်။ လက်ရှိတွေ့မြင်နေရတဲ့ ကိုယ့်ပတ်ဝန်းကျင်က ပြည်သူတွေ ကြီးပွားချမ်းသာရေးပေါ့။ ဒါကတော့ လတ်တလော အခြေအနေအရ ဆောင်ရွက်ရမယ့် စီမံကိန်းမျိုးပေါ့။

(၃) ဗုဒ္ဓတ္ထစရိယ= ဘုရားအလောင်းတို့ကတော့ သဗ္ဗညုတဉာဏ်အဆင့်အထိ ရောက်ရေးပေါ့၊
အားလုံးအတွက်ကတော့ "အတွေ့အကြုံများကို စနစ်တကျ သုံးသပ်ဆင်ခြင်ပြီး ကိုယ့်အသိဉာဏ် ကိုယ်မြှင့်တင်နေရေးပေါ့။ ဒါကို ကိုယ်ကျိုးအတွက်ကျင့်ခြင်းလို့ ဆိုနိုင်ပါတယ်။
(အာဇာနည်တို့ရဲ့ ကိုယ်ကျိုးဆိုတာ အများအကျိုး ပိုမိုဆောင်ရွက်နိုင်ဖို့ အတွေ့အကြုံနဲ့ အသိဉာဏ်
မြင့်မားလာရေးသာဖြစ်တယ်လို့ ဆိုလိုတာပါ)။

….

အာဇာနည် (၅) မျိုး

အာဇာနည်လို့သတ်မှတ်ရာမှာ သူရဲ့စွန့်လွှတ်နိုင်စွမ်းအရ အဆင့်အတန်း (၅) မျိုးလောက် သတ်မှတ်နိုင်ပါတယ်။

"ပဉ္စမဟာ ပရိစ္စာဂေ= စွန့်ခြင်းကြီးငါးပါး" ဆိုတာနဲ့ပေါ့။
(၁) ဓနပရိစ္စာဂ= တိုင်းကျိုး,ပြည်ကျိုး, အများအကျိုးအတွက် စည်းစိမ်ဥစ္စာ,ရာထူးအာဏာတို့ကို မငဲ့မကွက် စွန့်လွှတ်နိုင်သူ။  ဒါလည်း"စည်းစိမ်ဥစ္စာစွန့် အာဇာနည်လေးပါပဲ။

(၂) ပုတ္တပရိစ္စာဂ= သားသမီး အတွယ်အတာတို့ကို အလားတူစွန့်လွှတ်နိုင်တဲ့ အာဇာနည်ပေါ့။

(၃) ဘရိယပရိစ္စာဂ = ဇနီး,ခင်ပွန်း အတွယ်အတာအထိ စွန့်လွှတ်နိုင်တဲ့ "ဘရိယပရိစ္စာဂ အာဇာနည်"ပဲပေါ့။  (ဒါက အပြင်က စွန့်ခြင်းကြီးသုံးပါးပါ၊ တဆင့်ထက်တဆင့် စွန့်နိုင်ခဲတဲ့အရာတွေကို
စွန့်လွှတ်တာဖြစ်လို့" မဟာပရိစ္စာဂ" လို့ခေါ်တာပါ၊ အာဇာနည်စာရင်း ဝင်နိုင်ပါတယ်၊ သူ့အဆင့်နဲ့သူပေါ့)

(၄) အင်္ဂပရိစ္စာဂ= မျက်စေ့, နား, နှာ, အင်္ဂါခြေ, လက်တို့အထိစွန့်နိုင်တော့ "အင်္ဂပရိစ္စာဂ အာဇာနည်"ပေါ့။

(၅) ဇီဝိတပရိစ္စာဂ=ကိုယ်နဲ့အသက်ကိုပင် မငဲ့မကွက် ရက်ရင်စက်စက် စွန့်နိုင်တဲ့အာဇာနည်ပေါ့။
ဒါကတော့ အဆင့်အမြင့်ဆုံး အာဇာနည်ပါပဲ။ သေတာ မသေတာနဲ့ မဆိုင်ပါဘူး၊ ပဓာနမထားတာပါပဲ။

သုမေဓာရှင်ရသေ့ရဲ့လုပ်ရပ်ကိုကြည့်မယ်ဆိုရင်.. တကယ်လို့သာ ဘုရားရှင်နဲ့ နောက်ပါ ရဟန်းလေးသိန်း နင်းပြီး ကြွမယ်ဆိုရင်..ခန္ဓာကိုယ်ဟာ စိစိညက်ညက်ကို ကျေသွားနိုင် လောက်ပါတယ်။ ဒါကို ထည့်တွက်, ငဲ့ကွက်ခြင်းမပြုဘဲ ယူထားတဲ့တာဝန်,ပေးထားတဲကတိ ကျေပွန်ရေးကိုသာ ပဓာနထားပြီး ဆောင်ရွက်လို့ "အာဇာနည်"ခေါ်ရတာပါ။ အသက်တော့ မသေခဲ့ပါဘူး။

ဒီအာဇာနည်ရဲ့ဆုံးဖြတ်လုပ်ကိုင်ပုံကိုကြည့်ပြီး- ဒီပင်္ကရာဘုရားရှင်က နင်းကြွတော်မမူပါဘူး။
သူ့အားအစွမ်းဟာ "ကြိုးစားရင် ဘုရားဖြစ်နိုင်သူ စင်စစ်"လို့ သူ့အရည်အသွေးမှန်ကို သိမြင်တော်မူပါတယ်။

ဒါကြောင့်..

သင့်မှာ ရွေးချယ်နိုင်တဲ့ အခွင့်ထူးနှစ်ခုရှိတယ်..

(၁) တကိုယ်တော် ဒုက္ခလွတ်မြောက်မှုကို လိုချင်သပဆိုရင်.. ဂါထာဝက် (အက္ခရာ ၁၆-လုံး) လောက် ငါဘုရားဟောညွှန်ပေးရုံနဲ့ သင်ဟာ အာသဝေါကုန်ခမ်းတဲ့ ရဟန္တာအဖြစ်နဲ့ နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြုနိုင်မယ်။

(၂) ငါဘုရားတို့ လာရာလမ်းကြောင်းအတိုင်း စွမ်းစွမ်းတမံအားထုတ်မယ်ဆိုရင်..
ငါဘုရားလိုပင် သတ္တဝါအများကို ဒုက္ခနယ်မှ ကယ်တင်နိုင်စွမ်းတဲ့ "သဗ္ဗညု"  ဘုရားတဆူဖြစ်မယ်လို့ မိန့်ပါတယ်။

ဒီအခါမှာလည်း- သုမေဓာရှင်ရသေ့က.. "သတ္တဝါအများအကျိုးကို အမြင့်ဆုံးအထိ ကယ်တင်နိုင်စွမ်းရှိတဲ့ ယောက်ျားကောင်းဖြစ်လျက် တကိုယ်တည်းနိဗ္ဗာန်သွားလို့ ဘာအကျိုးထူးမှာလဲ" ဆိုပြီး ဒုတိယလမ်းကို ရွေးခဲ့ပါတယ်။  အသိဉာဏ်အကြီးစားတွေကတောင် လိုလားတောင့်တနေတဲ့ အတုမရှိချမ်းသာကြီး (နိဗ္ဗာန်) ကိုတောင် ငြင်းပယ်ခဲ့တာလည်း တကယ့်ကို"အာဇာနည်"ပါပဲ။
ဒါကတော့ တကယ်ရပြီးမှ စွန့်တာမဟုတ်ဘဲ ရနိုင်ခွင့်ကိုသာ ငြင်းပယ်ခဲ့တာဖြစ်လို့
"စွန့်ခြင်းကြီး" စာရင်းတော့ အသွင်းမခံရဘူးပေါ့။

ဒီဖြစ်စဉ်အားလုံးကို ခြုံကြည့်လိုက်ရင် ...

*အာဇာနည်" ဆိုတာ အသက်သေခြင်း, မသေခြင်း၊ အရွယ်ကြီးခြင်း, မကြီးခြင်းနဲ့ မဆိုင်ပါဘူး။
အများအကျိုးအတွက် (လောကီ) ကိုယ်ကျိုးမဘက်ဘဲ စွန့်လွှတ်စွန့်စား ကြိုးစားဆောင်ရွက်သူ မှန်သမျှ ဘယ်သူမဆို, ဘယ်အချိန်, ဘယ်အရွယ်မဆို အာဇာနည်ဖြစ်နိုင်ခွင့် ရှိပါတယ်။ ဒါကို ဒီနေ့လူငယ်တွေ အထူးသိစေချင်ပါတယ်။

အားလုံး အာဇာနည်တွေ ဖြစ်နိုင်ကြပါစေ... လို့
အပ္ပမာဒေန သမ္ပာဒေထ..
(၁၉.၇.၁၆-နံက် ၁၀-နာရီမှာဟောပြောချက်)

မှတ်ချက်။ ။
အာဇာနေယျရဲ့အဓိပ္ပာယ်များထဲက
ဒုလ္လဘော ပုရိသာဇညော = အာဇာနည်ဆိုတာ တွေ့နိုင်ခဲတယ်။
န သော သဗ္ဗတ္ထ ဇာယတိ = နေရာတိုင်းမှာ ရှိနိုင်တာမဟုတ်-ဆိုတဲ့
ဓမ္မပဒဂါထာ အဓိပ္ပာယ်ကိုယူပြီး သင့်လျော်ရာ သဓကဆောင် ဟောခဲ့တာပါ။

(ဒကာမကြီးမေးမြန်းချက်နဲ့ ဖြေဆိုဆွေးနွေးခဲတာများကို ဆက်ပါဦးမယ်)