ထက်ခေါင်လင်း ● ဦးဂမ္ဘီရ ပြန်လည်လွတ်မြောက်

သောကြာနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်း စစ်ဆေးသူ မစ္စ ရန်ဟီလီနှင့် တွေ့ဆုံခဲ့သော ဦးညီညီလွင်နှင့် သူ၏ မိသားစုဝင်တချို့ (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

ထက်ခေါင်လင်း ● ဦးဂမ္ဘီရ ပြန်လည်လွတ်မြောက်

(မိုးမခ) ဇွန် ၁၊ ၂၀၁၆

ရန်ကုန် (Myanmar Now)  - ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ဦးဂမ္ဘီရအဖြစ်ထင်ရှားခဲ့သော ဦးညီညီလွင်အပေါ် စွဲဆိုထားသည့် အမှုများကို ရန်ကုန်ရှိ သံလျင် နှင့် ဗဟန်းမြို့နယ် တရားရုံးတို့က သောကြာနေ့မနက်တွင် ရုပ်သိမ်းလိုက်သည်။

ချိတ်ပိတ်ထားသော ဓမ္မာရုံတချို့အတွင်း ၂၀၁၂ ခုနှစ်က ဝင်ရောက်မှုများကို ရုပ်သိမ်းခြင်းဖြစ်သည်ဟု အင်းစိန်ထောင်မှ ပြန်လွတ်လာသူ ဦးညီညီလွင်က ရှင်းပြသည်။

“အဲ့ဒီအချိန်က အဲ့ဒီကျောင်းက သံဃာတွေ က သူတို့ကျောင်းကို ချိတ်ပိတ်ထားတာ လာဖွင့်ပေးပါလို့ပြောလို့ ကျွန်တော်က ရွှေဝါရောင်သံဃာကိုလည်း ဦးဆောင်သူဖြစ်တဲ့အတွက် သွားဖွင့်ခဲ့တာ”ဟု ဦးညီညီလွင်က ပြောသည်။

ဦးညီညီလွင်သည် ထိုင်းမြန်မာနယ်စပ်ကို  တရားမ၀င်ဖြတ်ကူးမှုဖြင့် မန္တလေးမြို့တွင် ထောင်ဒဏ် ၆ လ ကျခံနေရစဉ် ပြန်လွတ်လာမည့် ရက်ပိုင်းအလိုတွင် ရန်ကုန်မြို့ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရပြီး ၂၀၁၂ ခုနှစ် အမှုဟောင်းများကို ရင်ဆိုင်ရခြင်း ဖြစ်သည်။

ပြန်လည် ရုပ်သိမ်းလိုက်သည့် အမှုများမှာ အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈၊ အဆောက်အဦအတွင်း ပုန်းလျှိုးဝင်ရောက်မှုတို့ဖြစ်သည်။

ပြန်လွတ်လာပြီးနောက် ဦးညီညီလွင်သည် ရန်ကုန်မြို့တွင် ရောက်ရှိနေသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်း စစ်ဆေးသူ မစ္စ ရန်ဟီလီနှင့် တွေ့ဆုံခဲ့သည်။

ယခုသတင်းအား Myanmar Now တွင်လည်း ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။