ရန်လင်းအောင် - ကောင်းကင်ကအဖြူရောင်ဆိုပေမယ့် ၊ မိုးတွေရွာနေပြီ အဖေ .....

Than Htay Maung


ရန်လင်းအောင် - ကောင်းကင်ကအဖြူရောင်ဆိုပေမယ့် ၊ မိုးတွေရွာနေပြီ အဖေ .....
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၆


အဖေစိုက်ခဲ့တဲ့
အိမ်ရှေ့က ဗန်ဒါပင်အရိပ်အောက်မှာ
ရပ်ရင်း အဖေ့အကြောင်းတွေးလေ
စကားစရှာမရလေ မိုးသည်းလေ ...
ဒီနေရာလေးက မိုးပိုလုံသလိုပါပဲ အဖေ....
ပြောလေ
တွေးလေ
ရေးလေ .....
ပြောမယ့်သာပြောရတယ် ....
အဖေ့အကြောင်းက
ဘယ်ကစလို့ ဘယ်မှာ
အဆုံးသတ်လို့ ရပါ့မလဲ..

မရတော့ဘူး ...
လက်ဖဝါးတွေ အေးစက်သွားပြီ တဲ့
မျက်နှာကွက်ခနဲပျက်သွားတယ် တဲ့
ခြေဖဝါးတွေ အေးစက်သွားပြီ တဲ့
တစ်ယောက်ယောက်
ပါးစပ်ဆော့ပြီးပြောလိုက်သလား ....
ငါ စမ်းကြည့်တော့ နွေးနေတုန်းပဲ
ဟုတ်တယ်
အဖေ့လက်ဖဝါးတွေ
အဖေ့ခြေဖဝါးတွေ
အခုထိ နွေးနေတုန်းပဲ
နွေးနေတုန်းပါပဲ ။ ။

ဟော့ ....
သတင်းစာရောက်ပြီ အဖေ
အဖေဖတ်တဲ့ အင်္ဂလိပ်သတင်းစာ
ရောက်ပါပြီ အဖေ
သတင်းစာပို့သမားဆီ
အမေက မြန်မာသတင်းစာပြောင်းပို့ဖို့
သတင်းပြန်ပို့လိုက်ရပါပြီ အဖေ ။

ရန်လင်းအောင်

၂၈.၈.၂၀၁၆ တွင်
ကွယ်လွန်သွားသော အဖေ သို့ /...