အဲလိုထူး ● မိုးရွာပြီးစ…ညနေခင်း

အဲလိုထူး ● မိုးရွာပြီးစ…ညနေခင်း
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၆

မိုးစက်မိုးပေါက်တွေ အုံနဲ့ ကျင်းနဲ့ သွန်ချလိုက်တာ ညနေစောင်းမှမဟုတ်ပါဘူး၊ နေ့လည်သာသာလောက်ကတည်းက အညှိုးနဲ့ ရွာသွန်းနေတာ။ ဖြည်းဖြည်း အေးအေး ညင်ညင်သာသာလည်း မဟုတ်ဘူး။ ပတ်ဝန်းကျင်ကို အမှောင်ကြီးနဲ့ အုပ်ချလိုက်ပြီး ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေနဲ့ကို ပစ်ပေါက်တိုက်ခိုက်တော့တာ။ လျှပ်စီးတွေ ဖျင်းခနဲ…ဝင်းခနဲ…လက်ခနဲ..၊ မိုးကြိုးတွေကလည်း ပစ်သေး။

အချို့သောမိုးရွာခြင်းတွေကအင်မတန်ဖွဲ့နွဲ့တင်ပြလို့ကောင်းပါတယ်။ မိုးလေးအေးအေးနဲ့၊ ကော်ဖီခွက်ကလေးနဲ့..၊ ဆွတ်ပျံ့ဖွယ်ရုပ်ရှင်ဇာတ်ကားလေးနဲ့၊ ဒါမှမဟုတ်…သာယာငြိမ့်ညောင်းတဲ့တေးသွားကလေးနဲ့၊ ကြိုက်နှစ်သက်ရာစာရေးဆရာတယောက်ရဲ့အရေးအသားနဲ့၊ ဒီလိုအေးချမ်းတည်ငြိမ်မှုမျိုး..၊ အသက်ရှူနှုန်းကိုက သက်တောင့်သက်သာ အေးမြနေစေရမယ်၊ သို့တည်းမဟုတ်ပေါ့..၊ ချစ်သူလေးနဲ့ ထီးအမိုးသေးသေးအောက်မှာ လမ်းတွေလျှောက်ကြမယ်..၊ ချစ်သူရဲ့လက်မောင်သားလုံးလုံးကလေးပေါ် လိမ့်တွဲနေတဲ့ မိုးရစက်ကြည်ကြည်ကလေးတွေကိုငေးကြည့်ရင်း..၊ အနီးကပ်နမ်းရှိုက်ခွင့်ရတဲ့ချစ်သူရဲ့ ကိုယ်သင်းရနံ့..၊ လျှပ်စီးတချက်လက်ရင် အားကိုးတကြီးတွယ်ဖက်လာတဲ့ ချစ်သူရဲ့ခွန်အားလက်တွေ..။

နောက်ဆုံး…မကာကွယ်နိုင်တော့တဲ့မိုးရေစက်တွေက ချစ်သူရဲ့မျက်နှာပေါ်ကိုဖြတ်သန်းစီးဆင်းပြီး မိတ်ကပ်အခံကြောင့်ဖြစ် ပေါ်လာရတဲ့ မိုးရေစီးကြောင်းလှလှ..၊ စွဲမက်ဖွယ်ကောင်းတဲ့ အလှသစ်တမျိုး..၊ ဒါမှမဟုတ်..မလုံ့တလုံ အမိုးလေးအောက်မှာ နှစ်ယောက်သား ပူးကပ်ခိုနားကြမယ်..။

တကယ်တော့မိုးရွာခြင်းရဲ့အစက အချိန်တော်တော်ကြာလင့်နေပြီဖြစ်ပါတယ်။

ညနေခင်းထဲသို့ ဝင်ရောက်နေပါပြီ။ တနေ့ခင်းလုံးသွန်းချလိုက်တဲ့မိုးရေအလျဉ်ကြောင့်.. လမ်းဘေးရေမြောင်းကြီးတွေထဲမှာ ညစ်နောက်နောက်ရေတွေ ဒလဟော လိမ့်ဆင်းလို့။

နေရောင်က အချိန်မကုန်ခင်ကလေး အလုအယက်ပြူထွက်လာပါတယ်..။ တချို့အတွက် အချိန်နှောင်းသွားပြီဖြစ်သော်လည်း တချို့အတွက်တော့ အချိန်ကောင်းပဲရှိပါသေးတယ်… ဈေးသည်တချို့ အုပ်ဆိုင်းထာတဲ့အမိုးအကာတွေဖွင့်ထုတ်လိုက်ကြ တယ်..။

လမ်းမပေါ်ကိုလူတွေပြန်ထွက်လာကြပါပြီ။ မြို့ပြက..ပြန်လည်အသက်ဝင်လာပြီပြောပါတော့…။

ကားမှတ်တိုင်မှာ လူတွေပြန်စုလာတယ်..၊ ရေစိုနေတဲ့လူတချို့ ကားပေါ်ကဆင်းသွားကြတယ်..။ ထီးမှာစိုစွတ်နေတဲ့မိုးရေ တွေမခြောက်သေး။။ ကောင်မလေးက သူ့ဆံပင်တွေကိုသူလက်နဲ့ထိုးဖွတယ်။

အလှတရားက နေရောင်လက်လက်အောက်မှာထင်းခနဲ..။

ရေဗွက်ရေအိုင်တချို့ကရှောင်ကွင်းစရာတွေဖြစ်လာတယ်။ ထီးတွေကိုရုပ်သိမ်းလိုက်ကြပါပြီ။

ခွေးတကောင်က ခန္ဓာကိုယ်ကိုလှုပ်ယမ်းပြီး ရေစက်ရေမှုန်တွေကိုခါထုတ်တယ်..။ နေ့က…သူ့ပုံမှန်အရောင်အတိုင်း….ဆက် လက်စီးဆင်းသွားပါပြီ။

အဲလိုထူး