ကမ်လူဝေး ● ရုံထဲဝင်ပြီး ပြန်မထွက်ရ


ကမ်လူဝေး ● ရုံထဲဝင်ပြီး ပြန်မထွက်ရ
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆

ငါတို့က
လူယုတ်မာတွေကို
တယောက်ပြီးတယောက်
မြင်လာတယ် သိလာတယ်
တွေ့လာတယ် ဒေါသတွေဖြစ်ရတယ်
နာကြင်ရတယ် အော်ဟစ်ဆဲဆိုမိတယ်။

သူကတော့
အခုထိမသိသေး
မသိတာလား မသိချင်ယောင်ဆောင်သလား
သဲသဲကွဲကွဲ မသိသေး
သူ့မှာခံနေရ အလူးအလဲ
အဲဒီကြားထဲက
မေတ္တာအကြောင်း
ခွင့်လွှတ်ခြင်းအကြောင်း
မေ့ပစ်လိုက်ဖို့အကြောင်း
အိပ်မက်တွေစွန့်လိုက်ဖို့အကြောင်း
တရားတွေဟောကောင်းတုန်း။

ဘာတတ်နိုင်မလဲ
ငါတို့တွေက
ပွဲမပြီးမချင်း ကြည့်နေရဦးမည့်
ရုပ်ရှင်ရုံထဲက လူတွေ
သူကလည်း
ဖလင်မကုန်မချင်း အမျိုးမျိုးတွေလုပ်ပြနေမယ့်
ရုပ်ရှင်ထဲကဇာတ်လိုက်။

ရုံပေါက်ဝမှာက
ဥပဒေ ရေးပြီးသား
ရုံထဲဝင်ပြီးပြန်မထွက်ရ။         ။
             
ကမ်လူဝေး