ဂါမဏိ ● ငြိမ်းချမ်းရေးလား ... လာထား

ဂါမဏိ ● ငြိမ်းချမ်းရေးလား ... လာထား
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၇ )
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၆

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဗဟိုကော်မတီ နဲ့ လုပ်ငန်းကော်မတီ ဆိုတာတွေကို မေလ ၃ ရက်နေ့က ဖွဲ့စည်းခဲ့ရာ မှာ နိုင်ငံရဲ့အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ ကာ-လုံအဖွဲ့ဝင် ၁၁ ယောက်ထဲက ၁၀ ယောက်တောင်ပါနေတာ တွေ့ရပါ တယ်။ ငြိမ်းချမ်းရေးထဲမပါတဲ့ကာ-လုံဆိုလို့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ဘဲ ကျန်ပါတယ်။ ဗမာပြည်မှာ အာဏာအကြီးဆုံး ကာ-လုံအနေနဲ့ ဘာလို့ ငြိမ်းချမ်းရေးကို တိုက်ရိုက်မလုပ်ဘဲ ဘာကော်မတီ ညာကော်မတီတွေ ဖွဲ့နေ ရတာလဲ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဗဟိုကော်မတီ ၁၁ ယောက်မှာ ကာ-လုံ က ၉ ယောက်ပါနေပါပြီ။ ဒီတော့ ဒီကော်မတီတွေ ဟာ ပြစား လုပ်စားဖို့သက်သက် ဆိုတာ ရှင်းနေပါတယ်။

လုပ်စားတဲ့နေရာမှာ သြချလောက်တာတကွက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အောင်မြင်စွာအပစ်အခတ် ရပ်စဲရေးတွေ ဆွေးနွေးရယူနိုင်ခဲ့တယ်ဆိုတဲ့ မီးရထားဝန်ကြီးကို ဒုံးဝေးလှတဲ့နော်ဝေးနိုင်ငံက အထင်တကြီးခေါ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အကူအညီလိုသလောက်ပေးမယ် ပြောတော့ ဝန်ကြီးမင်းက ထိုင်း-ဗမာနယ်စပ် ဒုက္ခသည် စခန်းတွေက ဒုက္ခသည် "၉ သိန်း" ပြည်တော်ပြန်နိုင်ဖို့ ပရိုပိုဇယ် တင်ခဲ့တာဘဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးက ရိက္ခာစားစာရင်း၊ ဆေးနားစာရင်းတွေအရ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ စုစု ပေါင်း ၁ သိန်းခွဲကျော်လို့ စာရင်းကောက်ထားပေမဲ့ ဝန်ကြီးမင်းရထားအောင်မင်းကတော့ အိုင်ဒီပီမပါ၊ ရှမ်း (အက်စ် အက်စ်အေ-တောင်ပိုင်း) မပါ၊ ၉ သိန်းလို့ ရဲရဲဝံ့ဝံ့စာရင်းပေးပြီး ရဲရဲကြီးလုပ်စားဖို့ ကြံလိုက်တာဘဲ ဖြစ်ပါတယ်။ (တချိန် ကတော့ ဒုက္ခသည်ဆိုတာ မရှိဘူး၊ သူပုန်တွေက ဒုက္ခသည်အယောင်ဆောင်ပြီး စခန်းဖွင့်ထားတာဘဲရှိတယ် လို့လဲ နအဖတွေ ဇွတ်ပြောခဲ့ဖူးပါတယ်။)

၂၀၁၀ ခု နိုဝင်ဘာ ၇ ရက်မှာ ကန်တော့ပွဲပေးခဲ့ပြီး ၂၀၁၁ မတ်လ ၃၀ ရက်နေ့ကစပြခဲ့တဲ့ "ဒီမိုကရေစီလား လာထား" ဇာတ်ကားကြီးဟာ နာမယ်ကျော်ဒါရိုက်တာကြီး မိုက်ကြီးသန်းရွှေရဲ့ရိုက်ချက်တွေနဲ့ ပီပီပြင်ပြင်ပြသနိုင်ခဲ့လို့ ပြည်တွင်း ပြည်ပက လက်ခုပ်သံတဖြောင်းဖြောင်း အားပေးတာခံခဲ့ရပြီး အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုတောင်ရဖို့ တစ် ပေးခံခဲ့ရပါတယ်။

ဒီမိုကရေစီလား လာထား ဇာတ်ကားကြီးပေါက်သွားပြီးနောက်မှာ ငြိမ်းချမ်းရေးလား လာထား ဇာတ်ကားကြီးကိုလဲ သရုပ်ဆောင်အင်အားကောင်းကောင်း ပံ့ပိုးမှုကောင်းကောင်း ဆက်တင်ကောင်းကောင်းနဲ့ ဆက်ရိုက်ခဲ့လို့ ပရိသတ် တချို့ဆို ထိုင်တောင်ရှိခိုးမတတ်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်အဖွဲ့သားတချို့ရဲ့ အတွင်းရေးဖွင့်ချချက်ကြောင့် အတွင်းက နောက်ချီးခံထားတဲ့အကွက်တွေကို အခုလိုတွေ့လာရပါတယ်။

ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှုရဲ့ ပင်မစစ်မြေပြင်လဲဖြစ်၊ အတိုက်အခံဒီမိုကရေစီအင်အားစု အားအကောင်းဆုံးနယ်မြေ လဲဖြစ်တဲ့ ရန်ကုန်တိုင်းကို တပ်မ ၇၇ နဲ့ စကခ (၄) တို့က လုံခြုံရေးတာဝန်ယူခဲ့တာ လူအတော်များများသိကြပါတယ်။ တပ်မ ၆၆ ကိုလဲ ကကကြည်းအရံအဖြစ် သတ်မှတ်ပြီး လူထုတိုက်ပွဲချေမှုန်းဖို့ အသင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခု နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးပြီးတဲ့နောက် အတိုက်အခံတွေဘက်က ထိပ်တိုက်ရင်ဆိုင် လူထု တိုက်ပွဲဆင်မယ့်အလား အလာ အင်မတန်နည်းသွားတဲ့အတွက် တပ်မ ၇၇ ကို ကရင်ပြည်နယ်စစ်ဆင်ရေးအတွက် တာ ဝန်ပေး၊ ဖားအံခရိုင် လှိုင်းဘွဲ့၊ သင်္ဃန်းညီနောင်၊ ရှမ်းရွာသစ်တို့မှာ အခြေစိုက်ပြီး ကေအဲန်ယူတပ်မဟာ ၇ ကို ဦးတည် တိုက်ခိုင်းခဲ့သလို စကခ(၄)ကိုလဲ ဖာပွန်ခရိုင်မှာ ကေအဲန်ယူတပ်မဟာ ၅ ကို ဦးတည်တိုက်ခိုင်းခဲ့ပါတယ်။ တပ်မ ၆၆ ကလဲ တောင်ငူခရိုင်ကို ဝင်ထိုးပြီး ကေအဲန်ယူ တပ်မဟာ ၂ နဲ့ ၅ ကို ဦးတည်တိုက်ခဲ့ပါတယ်။

တကယ်တော့ စစ်အစိုးရဟာ ၁၉၉၂ ခု ဧပြီလ ၂၈ ရက်နေ့ကတည်းက "တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့ရှု" တယ်ဆိုပြီး ကရင်ပြည်နယ်စစ်ဆင်ရေးတွေ ရပ်ဆိုင်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၄၄၊ တပ်မ ၈၈၊ တပ်မ ၁၀၁၊ စကခ(၂)၊ စကခ(၅)၊ စကခ(၆)၊ စကခ(၈)၊ စကခ(၉)၊ စကခ(၁၀)၊ စကခ(၁၂)၊ စကခ(၁၅)၊ စကခ(၁၆)၊ စကခ(၁၉)၊ စကခ(၂၀)၊ စကခ(၂၁) တို့ဟာ တပ်မတခုပြီးတခု အလဲ အလှယ်နဲ့ရော၊ တပြိုင်တည်း တပ်မ ၄-၅-၁၀ ခုလောက် ကရင်ပြည်တခုလုံးကိုဖြန့်ပြီးတော့ရော တောက်လျှောက်မရပ် မနားထိုးခဲ့ကြပါတယ်။ အရံထားတဲ့ တပ်မ ၇၇ နဲ့ စကခ(၄)တောင် တခါတလေပါခဲ့ပါသေးတယ်။ ရလဒ်ကတော့ ဗမာစစ်တပ်တွေထဲ အကျိုးအပြတ်တွေ မုဆိုးမတွေများလာပြီး ကရင်ပြည်စစ်ဆင်ရေးသွားရမယ် သတင်းကြားရင် ဗမာ စစ်သားအခြားအဆင့်တွေ အရာရှိတွေ အကြီးအကျယ်စိတ်ဓာတ်ကျဆင်းတာတွေဖြစ်၊ ဘိုးတော်တွေပင့် ယတြာချေ၊ တပ်ပြေးတွေလဲ ထောင်းလမောင်းထလာပါတော့တယ်။

အဲဒီကာလတွေတုံးက ကချင်ပြည်နဲ့ရှမ်းပြည်မှာ "ငြိမ်းချမ်းရေး"လုပ်ထားတဲ့အတွက် အဲဒီပြည်နယ်တွေက ဗန်းမော် အခြေစိုက် စကခ (၂၁)၊ မိုင်းနောင်အခြေစိုက် စကခ(၂) နဲ့ သိန္နီအခြေစိုက် စကခ(၁၆) တို့ ကရင်ပြည်ကိုလာတိုက် ခဲ့ကြပါတယ်။ အခု ကရင်ပြည်မှာ အပစ်အခတ်ရပ်စဲလိုက်တော့ တပ်မ ၇၇ ကို ကချင်ပြည်ထဲသွင်းပြီး ကေအိုင်အေကို ထိုး ခိုင်းနေပါပြီ။

၂၀၁၁ ခု ဒီဇင်ဘာ ၁၀ ရက်တုံးကတော့ ကချင်ပြည်စစ်ဆင်ရေးတွေ ရပ်ဖို့ သမတဆိုသူကြီးက အမိန့်ပေးခဲ့တယ် ပြော ပါတယ်။ ဒီလိုနဲ့ဘဲ ဗမာပြည်မ ကတက်လာတဲ့ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၉၉၊ ကချင်ပြည်မှာ လာအခြေစိုက်ထား တဲ့ စကခ(၃)၊ စကခ (၂၁)၊ ရှမ်းပြည်မြောက်ပိုင်းမှာ လာအခြေစိုက်ထားတဲ့ စကခ(၁)၊ စကခ (၁၆) ဆိုတဲ့တပ်မတွေ အပြင် မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အနောက်မြောက်တိုင်းကတပ်တွေဟာ ကိုယ့်နယ်မြေထဲကိုယ်နေတဲ့ ကချင်တိုင်းရင်းသားတပ်တွေကို ဝိုင်းအုံကိုက်ခဲနေကြပါတော့တယ်။

အခု ကချင်ကိုထိုးဖို့ တပ်အင်အားတွေ ဖြည့်ရာမှာလဲ ထွက်မပြေးနိုင်အောင် သင်္ဘောနဲ့ဘဲ ခိုးကြောင်ခိုးဝှက်နဲ့ ဗန်းမော် ကို တိုက်ရိုက်ပို့နေရပါတယ်။ ရထားနဲ့ ကားနဲ့ပို့ရင် ရပ်တဲ့နေရာမှာ သေနတ်ထားပြီး ပြေးကုန်ကြလို့ပါ။ အင်မတန်အထိ နာနေတဲ့ တပ်မ ၈၈ ခမြာလဲ တိုက်ပွဲရှုံးရကောင်းလားဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ နောက်တန်းပြန်နားခွင့် မပေးဘဲထား လို့ ရဲဘော်တွေ ပိုမိုထိခိုက်ကျဆုံးရသလို ရှုံးမဲမဲတဲ့တပ်တွေက ကချင်လူထုတွေအပေါ် လူ့အခွင့်အရေးဖောက်ဖျက်မှု တွေ ပိုပြီးအနာတကျည်း ကျူးလွန်လာကြပါတယ်။ မကြာခင်ကလေးက တခြားတိုက်ပွဲတွေအတွင်းမှာလဲ ခမရ ၃၈၆ နဲ့ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းမှူးတယောက် ကျသွားခဲ့ပါတယ်။

မြန်မာပြည်သူတရပ်လုံးရဲ့ လူထုတိုက်ပွဲကြောင့် မြစ်ဆုံရေကာတာစီမံကိန်း ရပ်သွားသလို ကချင်ပြည်သူ့စစ်ပွဲကြောင့် ဧရာဝတီရေကာတာစီမံကိန်း စုစုပေါင်း ၇ ခုအနက်က ဒုတိယဖြစ်တဲ့ ချီဗွေရေကာတာစီမံကိန်းလဲ လန့်ဖြန့်ပြီး နားသွား ပြီဖြစ်ပါတယ်။ ဒါကြောင့် တရုတ်အရင်းရှင်ကြီးတွေဆီက စားထားဝါးထားတဲ့၊ စားဖို့ဝါးဖို့ရှိတဲ့ အငြိမ်းစား အငြိမ်းမစား စစ်ဗိုလ်ချုပ်တွေဟာ ရဲဘော်တွေ သေမှာကြေမှာ ကျိုးမှာပြတ်မှာကို ခေါင်းထဲမထည့်ဘဲ ကချင်ချေမှုန်းရေးကို အတင်း တွန်းနေတာဖြစ်ပါတယ်။ မတ်လလယ်က မိတ္ထီလာမှာ အမြောက်တပ်၊ တင့်ကားတပ်၊ ခြေလျင်တပ်တွေ ပူးတွဲပြီး စစ်လေ့ကျင့်ခန်း လုပ်ခဲ့ရာမှာ ကချင်ပြည်စစ်မြေပြင်ကို အတုဖန်တီးပြီး လေ့ကျင့်တာ ၃ ခန်းလောက်ပါခဲ့ပါတယ်။ ရယ် စရာကောင်းတာက ကချင်"သောင်းကျန်းသူ"တွေ၊ ဝ တွေဟာ တရုတ်သြဇာခံ ပရော့ဆီတွေပါလို့ တရုတ်နဲ့အတင်း ပေးစားပြီး တရုတ်ဝိုင်းပတ်ရေး ရူးနေတဲ့ အမေရိကန်ဆီက စစ်ရေး နိုင်ငံရေးအကူညီလေးများ ရမလားလို့ အမေရိကန်ကိုမျက်ရည်ခံထိုးနေတာ ဖြစ်ပါတယ်။

အငြိမ်းစားဗိုလ်မှူးကြီးတယောက် သုံးသပ်တာကတော့ ကချင်စစ်ပွဲတလျှောက်လုံး အရှက်တကွဲအကျိုးနည်းဖြစ်နေတဲ့ ဗမာ့တပ်မတော်ဟာ လောက်လောက်လားလား ဆုပ်ဆုပ်ကိုင်ကိုင်ပြစရာ အောင်ပွဲလေးတခု ရအောင်လုပ်ဖို့ အရေး တကြီးလိုနေတယ်၊ အဲသလို ပြစရာလေးတခုရပြီးမှ "သဘောထားကြီးလေသူ မဟာကရုဏာရှင်ကြီးရယ်လို့" ကမ္ဘာနဲ့ မြန်မာကိုပြပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုပေးချင်စိတ်ပေါ်လောက်အောင် အပစ်အခတ်အတင်းရပ်စဲပေးလိမ့်မယ်လို့ သုံး သပ်ပြပါတယ်။ တနိုင်ငံလုံးအနှံ့ မြေတွေယာတွေ ဂဒီးဂဒီး လိုက်သိမ်းခဲ့တဲ့၊ လက်ရှိလဲလိုက်သိမ်းနေဆဲဖြစ်တဲ့ မြေ ခရေးဇီးစစ်တပ်ဟာ ကချင့်လက်ထဲက အရေးကြီးစခန်း သို့မဟုတ် ကုန်း လိုမြေနေရာတခုရပြီးရင် ရဲရဲကြီး 'ငြိမ်းချမ်း' ပြပါလိမ့်မယ်လို့ အဲဒီအဘကြီးက သုံးသပ်ပါတယ်။

ကချင်ကိုထိုးဖို့အတွက် ဆင်ခြေဆင်လက်ပေးတဲ့အနေနဲ့ ကချင်တပ်တွေ ဗုံးခွဲတယ်၊ လူသတ်တယ်၊ ကလေးစစ်သား ကောက်တယ်၊ တံတားချိုးတယ်၊ ဖွံ့ဖြိုးရေးတွေ ဖျက်ဆီးတယ်၊ တိုင်းရင်းသားနယ်ခြားစောင့်တပ်ကိုတိုက်တယ် စသဖြင့် စသဖြင့် အာဘော်ဖန်တီး ဝါဒဖြန့်တာကိုလဲ အကြီးအကျယ်လုပ်နေပါတယ်။ တကယ်တော့ ပန်ဝါကိစ္စမှာ အထူးဒေသ-၁ NDA-K တဖြစ်လဲနယ်ခြားစောင့်တပ် သုံးရင်းရှိတဲ့အနက် တရင်းက ကေအိုင်အေကို ဖိတ်ခေါ် ပူးပေါင်း သွား၊ တရင်းကတော့ စစ်အစိုးရရဲ့ ရုရှားရဟတ်ယာဉ်တွေက မှားပြီးပစ်လို့ သေတဲ့လူသေ မသေတဲ့လူလဲ စိတ်ဓာတ် ကျကြောက်လန့်ပြီး ပြေးကုန်ကြလို့ တပ်ပျက်သွား၊ ဒါကြောင့် ကချင် အထူးဒေသ-၁ မှာ တင်ယိန်းရဲ့လက်ရင်း နယ် ခြားစောင့်တပ် ၁၀၀၃ တရင်းဘဲကျန်နေပြီး နအဖစစ်ဗျူဟာတခုနဲ့ နအဖတပ်တွေကိုယ်တိုင် လာထိုင်ပေးထားရပါ တော့တယ်။

ဒါ့အပြင် ပန်ဝါတိုက်ပွဲမှာ ကေအိုင်အေ ၂၉ ယောက်သေတယ်လို့ စစ်အစိုးရကကြေညာပေမဲ့ တကယ်တော့ ၈ ယောက် ဘဲကျခဲ့တာဖြစ်ပြီး ကျန်တာတွေက ရုရှားရဟတ်ယာဉ်တွေ မှားပစ်လို့သေတဲ့ နယ်ခြားစောင့်တပ်သားတွေ ဖြစ်ပုံရပါ တယ်။ ဒီနယ်ခြားစောင့်တပ်တွေကို ကေအိုင်အေယူနီဖောင်းတွေ ဝတ်ခိုင်းထားတာကလဲ စဉ်းစားစရာပါဘဲ။ အခုလို မှားသလိုလိုနဲ့ ရဟတ်ယာဉ်နဲ့ဆော်ဖို့ ကြိုတင်အစီအစဉ်ဆွဲထားတာလား။

ကိုးကန့်မှာရှိတဲ့ တရင်းတည်းသောနယ်ခြားစောင့်တပ်ရင်း ၁၀၀၆ မှာလဲ ပုန်ကန်မှုဖြစ်ပြီး စစ်အစိုးရသြဇာခံ ကိုးကန့် ခေါင်းဆောင် ပိုင်စောက်ချိန်ကို ပြန်လုပ်ကြံတာတွေဖြစ်လို့ တပ်ပျက်သလောက်ဖြစ်သွားတဲ့အတွက် နယ်ခြားစောင့် တပ် လက်မခံတဲ့ ဖုန်ကြားရှင်းရဲ့ပျောက်ကျားတပ်တွေကို အပစ်အခတ်ရပ်စဲထားတဲ့ချင်းပြည်ကလာတဲ့ စကခ(၁၀) တပ်မတစ်မက ရင်ဆိုင် တိုက်ခိုက်နေရရှာပါတယ်။

ကယားပြည်မှာရှိတဲ့ ကလလတတဖြစ်လဲနယ်ခြားစောင့်တပ်ရင်း ၁၀၀၄ နဲ့ ၁၀၀၅ မှာတော့ တွဲဖက်မြှုပ်နှံထားတဲ့ နအဖ စစ်သားနဲ့အရာရှိတွေဟာ လခဘဲထုတ်စားပြီး တပ်ကိုတယောက်မှမလာတော့တဲ့အတွက် လက်တွေ့မှာ ဒီနယ်ခြား စောင့်တပ်တွေဟာ တိုင်းရင်းသားသီးသန့်တပ်တွေ ပြန်ဖြစ်သွားပြီး ဒကစ သို့မဟုတ် ကကကြည်းရဲ့အမိန့်သြဇာ မသက်ရောက်တော့ပါဘူး။

ကရင်ပြည်မှာ နယ်ခြားစောင့်တပ်ရင်း ၁၃ ရင်းဖွဲ့ခဲ့တဲ့အထဲက အနည်းဆုံး ၅ ရင်းလောက်ဟာ ဒီကေဘီအေ အဖြစ် ပြန် လည်ခံယူပြီး ကျန်တဲ့တပ်ရင်းတွေမှာလဲ ကေအဲန်ယူဘက် ကူးပြောင်းအလင်းဝင်သူ၊ ဒီကေဘီအေဘက် ကူးပြောင်း အလင်းဝင်သူတွေများလို့ အင်အားမပြည့်တော့တာတွေ ဖြစ်နေတဲ့အတွက် တပ်,မရှိတဲ့ ဖဒိုအောင်ဆန်းအဖွဲ့သားတွေ ကို နယ်ခြားစောင့်တပ် အတင်းလုပ်ခိုင်း စစ်သားကောက်ခိုင်းနေရပါတယ်။ ဒါ့အပြင် ယိုးဒယားမှာ အလုပ်လုပ်ဖို့ ထွက် လာတဲ့၊ ကရင်စကားတလုံးမှမတတ်တဲ့ ဗမာပြည်အလယ်ပိုင်းက အညာသားတွေ၊ ဘူးသီးတောင်-မောင်းတောဘက် က ဘင်္ဂါလီတွေကိုလဲ အမျိုးမျိုးဆွဲဆောင်ပြီး ကရင်နယ်ခြားစောင့်တပ်ထဲ သွင်းနေရပါတယ်။

၂၀၁၀ ခုနှစ်တုံးက နယ်ခြားစောင့်တပ်ကိစ္စကြောင့် UWSA ဝ အဖွဲ့နဲ့ တင်းမာခဲ့ချိန်မှာ အင်အား ၄ သောင်းရှိတဲ့ ဝ တပ် တွေဟာ ရက်ပိုင်းအတွင်း အင်အား ၁ သိန်းဖြစ်အောင် mobilization လုပ်ပြလိုက်ပြီး စစ်သင်တန်းတွေ ဒလကြမ်း ပေးနေလို့ နအဖတွေ အမြီးကုတ်သွားခဲ့ပါတယ်။

စုငွေကိစ္စ၊ ဦးပိုင်ထည့်ဝင်ငွေကိစ္စတွေကြောင့် မကျေမလည်ဖြစ်ထားတဲ့ တပ်မ ၇၇၊ ပင်စင်တောင်မရလိုက်ဘဲ ဖြုတ် ထုတ်အုပ်ခံလိုက်ရတဲ့ နအဖ တွင်း-၃ ဗိုလ်ချုပ်ဝင်းမြင့်ရဲ့ တပ်မ ၇၇ ကို "ငြိမ်းချမ်းရေးရသွားတဲ့" ရန်ကုန်တိုင်း လူထု တိုက်ပွဲကွင်းကနေ အရှေ့တောင်တိုင်း ကရင်စစ်မြေပြင်၊ အဲဒီမှာ "ငြိမ်းချမ်းရေး" ရသွားပြန်တော့ မြောက်ပိုင်းတိုင်း ကချင်စစ်မြေပြင်ကို အဆင့်ဆင့်ရွှေ့တိုက်ခိုင်းပြီး "ငြိမ်းချမ်းရေးလား လာထား" ဇာတ်ကားကြီးရိုက်မယ့် ဗမာ့တပ်မ တော် ရှေ့ထွက်နောက်ထွက်ခေါင်းဆောင်တွေရဲ့ အော့နှလုံးနာစရာလက်ရာကို ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားကြပါကုန်။
 

ဂါမဏိ
(၂၀၁၂)