သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့



သီရိဘုန်းစံ - အမေရိကန်အနှံ့ ခရီးဆန့်ခဲ့၊ ခရီးသွားဆောင်းပါး (အပိုင်း ၂)
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၆

May 28-29, Texas – Florida trip
မေလ (၂၈) ရက်နေ့ မနက်စောစော

တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ သီတဂူဆရာတော်ကြီးထည်ထောင်ထားတဲ့ သီတဂူ ဗုဒ္ဓဝိဟာရကနေ ဖလော်ရီဒါပြည်နယ် ဝက်စ်ပန်ဘိခ်ျမြို့မှာရှိတဲ့ သီတဂူသံဃဝိဟာရကို စတင် ထွက်ခဲ့ကြတယ်။ ခရီးက (၁၂၉၅) မိုင်ဝေးပြီး ကားမောင်းချိန် (၁၈ နာရီ ၂၅ မိနစ်) ရှိပါတယ်။

သီတဂူဗုဒ္ဓဝိဟာရ (တက္ကဆက်ပြည်နယ်)၊ သီတဂူဓမ္မဝိဟာရ (မီနီဆိုးတားပြည်နယ်)၊ သီတဂူသံဃ ဝိဟာရ (ဖလော်ရီဒါပြည်နယ်) ဆိုတဲ့ကျောင်းတွေက အမေရိကမှာ သီတဂူဆရာတော်ကြီး တည်ထောင်တော် မူထားတဲ့ကျောင်းတွေပါ။



သီတဂူဗုဒ္ဓဝိဟာရက (၁၆) ဧကကျယ်ပါတယ်၊ (၁၉၉၄) ခုနှစ်ကတည်းက စတင်ခဲ့တာ ခုတော့ ကျောင်း ဝန်းထဲမှာ ဉာဏ်တော် (၅၄) ပေအမြင့်ရှိတဲ့ ရွှေစည်းခုံစေတီတော်ကြီးကို အောင်အောင်မြင်မြင် တည်ခဲ့ပြီးပါပြီ။




တရားဟောဓမ္မာရုံကြီးနဲ့ စာကြည့်တိုက်တွေ၊ ဆွမ်းစားဆောင်၊ ဧည့်ဆောင်တွေ၊ သံဃာဆောင်တွေ၊ ယောဂီ အမျိုးသား/သမီးဆောင်တွေ အားလုံးအဆောင် (၄၀) ကျော်ဆောက်လုပ်ပြီးစီးသွားပါပြီ။ ကားပါကင်တွေ၊ မီးသတ်ပိုက်တွေ၊ ရေကန်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါတွေအားလုံးပြီးသွားရင်တော့ နိုင်ငံတကာ က သံဃာတော်တွေ စုံစုံညီညီပင့်ဖိတ်ပြီး စေတီတော်ကြီးကို ခမ်းခမ်းနားနား ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။




ထိုနည်းတူစွာပဲ မီနီဆိုးတားနဲ့ ဖလော်ရီဒါမှာရှိကြတဲ့ သီတဂူကျောင်းတော်များမှာလည်း ဘုရားတွေ တည် ကျောင်းတွေဆောက်လုပ်နေကြပါပြီ။ ဒီကျောင်းခြံတွေက (၂၅) ဧကစီ ရှိကြတာမို့ ကျောင်းဆောင်တွေ ကို စိတ်တိုင်းကျ များများကြီးပိုဆောက်နိုင်ကြမှာဖြစ်ပါတယ်။

တက္ကဆက်ကနေ ဖလော်ရီဒါကို သွားကြရာမှာ မစ္စစ္စပီပြည်နယ် လူစီယားနားပြည်နယ် အယ်ဘားမား ပြည်နယ်တွေကို ဖြတ်သန်းပြီး ဖလော်ရီဒါပြည်နယ်ထဲဝင်လာတဲ့အခါ မှောင်စပျိုးလာပြီမို့ ပန်စန်ကိုလာ ဆိုတဲ့ မြို့မှာ ညအိပ်ရပ်နားခဲ့ကြတယ်။




အမေရိက တောင်ပိုင်းဒေသဟာ မြန်မာပြည်ရာသီဥတုနဲ့ ခပ်ဆင်ဆင်တူတယ်။ မြန်မာပြည်မှာ ပေါက်လေ့ရှိတဲ့ အပင်မျိုးတွေကို လမ်းတလျှောက်မှာ တမျှော်တခေါ်ကြီး စိမ်းစိမ်းစိုစိုနဲ့ တွေ့မြင်ကြရတယ်။ မြန်မာပြည်နဲ့ ရာသီတူလို့ အပင်ပေါက်တာတွေတူကြပေမယ့် သစ်ပင်ကို ထိန်းသိမ်းစောင့်ရှောက်တာချင်း ကတော့ ပြောင်းပြန်လောက်နီးနီး ကွာခြားမယ်ထင်ပါတယ်။




ကားလမ်းရဲ့ ဘေးဖက်ဝဲယာမှာ လူနေအိမ်တွေရှိရင်ရှိ မရှိရင် သစ်ပင်သစ်တောတွေနဲ့ ကာဆီးထား တယ်။ သစ်ပင်သစ်တောတွေကိုဖြတ်သန်းလိုက် တောင်ကုန်းတွေကို တက်လိုက် ဆင်းလိုက် ကွေ့လိုက် ကောက်လိုက်နဲ့ မောင်းနှင်သွားလာနေရတာ ကားမောင်းသူအတွက်လည်း ငိုက်မြည်းချင်စိတ်မရှိအောင် စိတ်ကိုလန်းဆန်းနေစေပါတယ်။

အမေရိကမှာ သစ်ပင်တွေကို ယန္တရားတွေ၊ မြေဆွေးမြေသြဇာတွေ အသုံးပြုပြီး စနစ်တကျစိုက်ပျိုး တယ်၊ စိုက်ပျိုးပြီးသားတွေကိုလည်း သေချာထိန်းသိမ်းစောင့်ရှောက်တယ်။ ကိုယ့်အိမ်ခြံထဲပေမယ့် သစ်ပင်ကို ကိုယ်ခုတ်ချင်တိုင်းခုတ်ခွင့်မရှိဘူး။ အုပ်ချုပ်ရေးရုံးမှာ ခုတ်ခွင့်ပါမစ် တောင်းယူရတယ်၊ အပင်ဟောင်းလှဲရင် အပင်သစ်အစားထိုးပြန်စိုက်ရတယ်။ အင်… မြန်မာ ပြည်မှာလည်း ခုတ်ခွင့်ပါမစ်ရလို့လားတော့မသိပါဘူး ဟိုတုန်းက သခင်တွေတောခိုခဲ့တဲ့ ကျားတွေ ဆင်တွေအလွန်ပေါများခဲ့တဲ့ ပဲခူးရိုးမတောကြီးကို ခုတ်ပစ်လိုက်ကြ တာ အခုဆို ပုဇဉ်းနားစရာ မြက်ပင်တောင်မရှိတော့သလောက်။



မေလ (၂၉) ရက်နေ့မနက်
ပန်စန်ကိုလာကနေ ခရီးဆက်ကြတယ်။ ဖလော်ရီဒါ ပြည်နယ်ဟာ အမြဲတမ်းလိုနေပူနေတာမို့ Sunshine State နေတောက်ပတဲ့ပြည်နယ်လို့ တင်စားခေါ်ဝေါ်ကြတယ်။ နေပူတော့ နေရောင်ခြည်ကထွက်တဲ့ (Vitamin D) ဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိနိုင်တယ်လေ။

မိုးလင်းကမိုးချုပ် အလုပ်ထဲမှာ အဲယားကွန်းနဲ့ပဲ အချိန်ကုန်နေကြရတဲ့လူတွေဟာ အားလပ်ရက်တွေ မှာ ဗီတာမင်ဒီဓာတ်ရရှိဖို့ ကမ်းခြေမှာ အပန်းဖြေရင်း နေလှန်းလေ့ ရှိကြတယ်။ အမေရိကမြောက်ပိုင်း အေးတဲ့ဒေသကလူတွေ Snowbirds တွေလည်း နိုဝင်ဘာ ဒီဇင်ဘာဆိုရင် အအေးရှောင်တဲ့အနေနဲ့ ဖလော် ရီဒါဘက်ကိုဆင်းလာပြီး နေပူလာလှန်းကြတယ်။ ကျန်းမာရေး ဗကေးရှင်းပေါ့။



အနောက်နိုင်ငံသားတွေက အလုပ်လည်းလုပ်တယ်၊ လုပ်လို့ရလာတဲ့ငွေကြေးကိုလည်း စိတ်ပျော်ရွှင် ချမ်းမြေ့မှူအတွက် အသုံးချလေ့ရှိတယ်။ တစ်ပတ်မှာ နာရီ (၄၀) အလုပ်လုပ်မယ်၊ ကျန်တဲ့အချိန်ကို ပျော်ပျော် ပါးပါး အနားယူတယ်။ တချို့အချိန်တွေစုထားပြီး ဗကေးရှင်းထွက်ကြတယ်ပေါ့။ ငွေကိုအခွန်ဆောင်တာက လွဲလို့ သီးသန့်စုဆောင်းသိမ်းဆည်းထားတယ်လို့ သိပ်မရှိကြဘူး။



အမေရိကမှာ နားရက်မရှိဘဲ အလုပ်ထဲမှာချည်းအချိန်ကုန်ကြရတာတော့ ဒို့မြန်မာတွေပါပဲ။ သနားစရာ ကောင်းပါတယ်။ စက်ရုံ အလုပ်ရုံတွေမှာ စက်ဆီအလိမ်လိမ်းကပ်၊ သားသတ်ရုံတွေမှာ သွေးသံတရဲရဲနဲ့ ဆင်းရဲ တဲ့ဒဏ်ကိုတွန်းလှန်နေကြရတာ။ တစ်ချို့နှလုံးမခိုင်တဲ့သူတွေဆို လှီးရင်းဖြတ်ရင်း ညှစ်ရင်းသတ်ရင်းနဲ့ မူးလဲကြ သူတွေလည်းရှိကြပါသတဲ့။ အလုပ်ရှိမှ ထမင်းရှိမှာမဟုတ်လား၊ လုပ်ရတာပဲပေါ့။




မိုးလင်းကမိုးချုပ် ဆူရှီးလိပ်ကြရတဲ့ရွှေမြန်မာတွေဟာလည်း တစ်နှစ်လုံးမှာမှ တရားဝင် (၃) ရက်ပဲ အလုပ်ပိတ်ပါသတဲ့။ (ဂျပန်ကုမ္ပဏီရဲ့ ပရက်ရှာအောက်မှာ) အဲဒီလို မနားမနေလုပ်ပြီးမှ ရလာတဲ့ငွေလေးတွေကို ခွဲဝေပြီး တချို့က အိမ်ပေးမင့် ကားပေးမင့် မီးဖိုးရေဖိုးပေးမင့် ကျန်းမာရေးပေးမင့်တွေထဲသွား၊ တချို့မြန်မာပြည် မိဘဆွေမျိုးများဆီပို့၊ တချို့ကို သာရေး နာရေး ဘာသာရေး အလှူအတန်းလေးတွေထဲထည့်လှူပြီး ဘဝတန်းတူအောင် ရပ်တည်နေကြရတာ ဗကေးရှင်းဆိုလို့ ကိုယ့်မြို့မှာရှိတဲ့ပန်းခြံတောင် ရောက်အောင် မသွားရရှာတဲ့သူတွေအပုံကြီး။ အကြောင်းမသိတဲ့ ရွာကမောင်ခွေးတို့ မိပွေးတို့ကတော့ မီလျှံနာလောက် အောင့်မေ့ပြီးမှာလိုက်ကြတာ iPhone ဆိုလည်း နောက်ဆုံးပေါ်မှတဲ့၊ လက်ကိုင်အိတ်ဆိုလည်း Gucci ဆိုလား ဘာဆိုလား ဘရန်းမှကိုင်မှာတဲ့ အံမယ်။

ထားပါတော့ ဒါက အရှေ့နဲ့အနောက် နိုင်ငံသားတို့ရဲ့ Life Style တွေကို သိသာရုံ ကြုံတာနဲ့ ပါးပါးလေးပုတ်ပြတာပါ။



စာရေးသူတို့အဖွဲ့ဟာ နေ့လည်စာကို ဖလော်ရီဒါပြည်နယ် ဂိမ်းစ်ဘေးမြို့က (ကိုမောင်မောင့် သူငယ်ချင်း) ကိုယုခိုင်အောင်ရဲ့ စားသောက်ဆိုင်မှာ စားကြတယ်။ ကိုယုခိုင်က ဆရာတော်များကိုရော ဧည့်သည်တွေကိုပါ အခမယူဘဲ ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။ အဲဒီနောက် ခရီးဆက်ကြတာ ဖလော်ရီဒါ၊ ဝက်စ်ပန်းဘိခ်ျမြို့က သီတဂူသံဃဝိဟာရကို ည (၇) နာရီလောက်မှာ ရောက်ခဲ့ကြတယ်။

မေတ္တာဖြင့်-
သီရိဘုန်းစံ
အပိုင်း (၃) ဆက်ရန်-