ငြိမ်းချမ်းအေး ● ဒီမိုကရေစီ ဆိုသူများ သိစေရန်



 

ငြိမ်းချမ်းအေး ● ဒီမိုကရေစီ ဆိုသူများ သိစေရန်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆

လူကုန်ကူးမှု၊ အိမ်တွင်း အကြမ်းဖက်မှု၊ အဓမ္မ လုပ်အားခိုင်း စေ ကျွန်ပြုမှု တွေ ပါဝင်တဲ့ အခု လူအများ စိတ်ဝင်တစား ရှိကြတဲ့ အင်းဝ အပ်ချုပ်ဆိုင် အမှုမှာ ဘာသာရေး၊ လူမျိုးရေး အသွင် မဆောင်ဖို့ အားလုံး သတိပြု စောင့်ထိန်းရပါမယ်။

ဒါပေမယ့် အခု ဖြစ်နေတာက လူမှုကွန်ရက်စာမျက်နှာတွေမှာ NLD၊ မေမေ စု၊ ဒီမိုကရေစီ အော်သူ တချို့ အင်းဝ အပ်ချုပ်ဆိုင် အမှုမှာ “မ-ဘ-သ” မလာဘူးလား၊ မပါဘူးလား ဆိုနေကြတော့ ပါစေချင်ပုံရတယ်လို့ ယူဆရပါမယ်။ ဒီမိုကရေစီ လိုလား ထောက်ခံသူများ ဆိုတဲ့ အွန်လိုင်းက လူတချို့ က အတော် ကြောက်စရာ ကောင်းတဲ့ အဆိပ်သင့်တဲ့ မှိုင်းတွေ တိုက်နေကြတယ်။ တချို့ ကတော့ ဒါကို မ-ဘ-သ အပေါ် သရော်မှု၊ လှောင်မှု သဘော ဆိုချင်ကြတာပေါ့။ ဒါပေမယ့် ဒီလို အချိန် လှောင်စရာ၊ ပြောင်စရာ အချိန်မဟုတ်ပါ။ အချိန်မရွေး ထ မီးတောက်ကြီး ဖြစ်နိုင်တဲ့ မီးစာ အကြီးကြီး ရှိတဲ့ အချိန်၊ အကဲဆတ်တဲ့ အနေအထားပါ။

ရာဇဝတ်မှုဟာ ရာဇဝတ်မှု သက်သက် ပဲ ဖြစ်ရမယ်၊ မြင်ရမယ် မဟုတ်ဘူးလား။ တာဝန်သိ တာဝန်ကျေ ပြည်သူ၊ စာနယ်ဇင်း ပူးပေါင်းပြီး ဥပဒေ ဘက်တော်သားဆိုသူတွေရဲ့ ပျက်ကွက်မှုကို ဖြည့်ဆည်း ပေးတယ်၊ လမ်းမှန်ရောက်အောင် လုပ်နေတယ်၊ လူ့အခွင့်အရေး ကော်မရှင် ဆိုပြီး ကြားက ပွဲစား အလုပ် ဝင် လုပ်ပေးနေတဲ့ လူတွေကို ရှက်တတ်အောင် သင်ပေးနေတယ်၊ တည့်မတ် မှန်ကန်စေဖို့ ကြိုးစားနေကြတယ်၊ တရားမျှတမှု ဖော်ဆောင်နိုင်အောင် ဆက်လက် စောင့်ကြည့် ဝန်းရံနေတယ်။

ဒီလိုပဲ ဖြစ်ရမှာပေါ့။ မဆိုင်တဲ့ အမျိုးဘာသာသာသနာ ကို တလွဲ အသုံးချ၊ “မ-ဘ-သ” အမည်ခံပြီး လူမျိုးရေး၊ ဘာသာရေး အသားပေး သွေးထိုးလိုသူ တွေကို သွား ခနဲ့ စရာ၊ လှောင် စရာ ဘာလိုမလဲ။

ရာဇဝတ်မှုမှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဇာတိ မရှိပါ။ လူမျိုးတိုင်း၊ ဘာသာတိုင်း လူတိုင်းမှာ လူကောင်း၊ လူဆိုး၊ စိတ်ကောင်းရှိသူ၊ မရှိသူ၊ လူသားဆန်သူ၊ လူစိတ်ကင်းမဲ့သူတွေ ရှိကြတာ လောကဓမ္မတာပါပဲ။
အစဉ် အဆက် အမျိုးသားရေး ကို အသုံးချ မှိုင်းတိုက်၊ လူမျိုးရေး မုန်းတီးမှု တွေ လုပ်နေတဲ့ စစ်အုပ်စု လော်ဘီတွေက ဒီ ရာဇဝတ်မှုကို လူမျိုး ၊ ဘာသာ အသားပေး ဇောင်းပေး လုပ်တာက မဆန်းပါ။ ဒါကို ဒီမိုကရေစီကို မြတ်နိုးသူ၊ တရားဥပဒေ ကို လေးစားသူ၊ တရားမျှတမှုကို လိုလားသူ အမှန် ဆိုရင် ရာဇဝတ်မှုကို ရာဇဝတ်မှု အဖြစ် ထောက်ပြ၊ တရားမျှတမှု ဖော်ဆောင်ဖို့ပဲ တောင်းဆိုရမှာပါ။



Facebook ကတော့ ငြိမ်းချမ်းရေး အတွက် ချစ်ခြင်း မေတ္တာနဲ့ စပါ ဆိုထားပါတယ်။


ကျနော်ကတော့ ငြိမ်းချမ်းရေး လိုချင်ရင် တရားမျှတမှု အလုပ် လုပ်ရမယ် ဆိုတဲ့ စကားကိုပဲ ထောက်ခံပါတယ်။

စက်တင်ဘာ ၂၁ ဒီနေ့ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့လည်း ဖြစ်ပါတယ်။ ဗမာပြည် ငြိမ်းချမ်းရေး အတွက် ဆိုရင် တရားမျှတမှုကို ဖော်ဆောင်ဖို့ပဲ ပြောရပါမယ်။ တိုင်းပြည် အုတ်မြစ် ဖွဲ့စည်းပုံ ကစလို့ မတရားတဲ့ တရားဥပဒေတွေ ရှိနေတာမို့ တရားဥပဒေ အတိုင်း ဖြစ်ရမယ် မပြောလိုပါ။ တရားမျှတမှု Justice ကိုသာ တောင်းဆိုရပါမယ်။ ဒါမှ ဗမာပြည် ငြိမ်းချမ်းပါမယ်။

ဒီလို တရားမျှတမှု တောင်းဆိုရမယ်၊ ဖော်ဆောင်ရမယ် ဆိုတာ မှာ အိမ်တွင်း အကြမ်းဖက်မှု၊ မတရား ကျွန်ပြုမှု၊ လူသားနဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်မှုက အစ နိုင်ငံတော် အဆင့် မူဝါဒ၊ ပေါ်လစီတွေနဲ့ လူအများကြား (နိုင်ငံသား လူမျိုးစု လူတန်းစား စုံ အကြား) သယံဇာတ၊ အရင်းအမြစ်၊ ဓန ခွဲဝေမှု မမျှတမှု အဆုံးထိ “တရားမျှတမှု ကို အခြေခံမှု” ပါရပါမယ်။ ဒီ့အတွက် တောင်းဆို တိုက်ပွဲဝင် အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ရပါမယ်။ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ဖို့ မဖြစ်ရပါ၊ မဟုတ်ရပါ။

အခု အင်းဝ အပ်ချုပ်ဆိုင် ဖြစ်စဉ်မှာ မ-ဘ-သ က ပစ်မှတ်ထားနေတဲ့ လူအုပ်စု ဝင်တဲ့ ဖြစ်နေလို့ကို စတင် ဖော်ထုတ်သူတွေနဲ့ မီဒီယာ က လူမျိုးရေး၊ ဘာသာရေး အရောင် ပယောဂ မကပ်အောင် ကျင့်ဝတ် ဘောင် စည်းကမ်းတွေနဲ့ သတင်းတွေကို တင်ပြနေကြရတာပါ။

အွန်လိုင်း မှာ အမောင်တောင် မှန်း မြောက်မှန်း မသိဘဲ မေမေ ချီးမွမ်းခန်းဖွင့်၊ မေမေ တရား လက်ကိုင်ထား ပွားများပြီး ဒီမိုကရေစီ နာမည်ခုတုံးလုပ် လူပြိန်းကြိုက် နာမည်ကျော်ကြားသူတွေကို ကြုံတိုင်း ပြောတဲ့ စကားနဲ့ပဲ နိဂုံးချုပ် ထပ်ပြောပါမယ်။

ခင်ဗျားတို့ မပါရင်၊ ပါးစပ် ပိတ်နေရင် ဗမာပြည် ဒီမိုကရေစီ သန့်ရှင်း အဆင့်မီ အရည်သွေး ပြည့်ဝ သိက္ခာ ရှိပါမယ်။ အဆိပ်အတောက် တွေ နဲ့ လူပြိန်းကြိက် အွန်လိုင်း Like များအောင် ရေးမယ့် အစား ကိုယ့် အဆင့် ကိုယ် သိပြီး ပါးစပ်ပိတ်နေတာက ခင်ဗျားတို့ ချစ်တယ် ဆိုတဲ့ တိုင်းပြည်၊ လိုလားတယ် ဆိုတဲ့ ဒီမိုကရေစီ နဲ့ ကြည်ညိုလေးစားတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီရာ ရောက်ပါတယ်။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၁၊ ၂၀၁၆
ဒီမိုကရေစီခေတ်ရဲ့ အမှိုက်သရိုက်တွေ အကြောင်း ယခင် ရေးဖူးတဲ့ မိုးမခ ဆောင်းပါးတွေကို အောက်ပါ Links များမှာ ဖတ်ရှုနိုင်ပါတယ်။  

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ
@ http://moemaka.com/archives/41156
http://www.moemaka.blogspot.com.au/2014/12/blog-post_61.html

ဒီမိုကရေစီကို အိုးမည်းသုတ်သူများ
@ http://gita.cc/archives/42100
http://www.moemaka.blogspot.com.au/2015/01/blog-post_611.html

ဒီမိုကရေစီကို ဝမ်းယောင်စေသူများ
@ http://gita.cc/archives/42310
http://www.moemaka.blogspot.com.au/2015/02/blog-post_77.html

ဒီမိုကရေစီနည်းကျ သရော်ပါ
@ http://gita.cc/archives/42543
http://www.moemaka.blogspot.com.au/2015/02/blog-post_811.html

ဒီမိုကရေစီကို ‘ပြာ’ စေသူများ
http://moemaka.com/archives/42924
http://blog.moemaka.com/2015/03/blog-post_973.html

ဒီမိုကရေစီရဲ့ အမှိုက်သရိုက်များ
http://moemaka.com/archives/53594
http://blog.moemaka.com/2016/09/blog-post_50.html