ဧကရာဇ်ရန်နိုင် - ကိုယ်ပိုင်အကြွေး



ဧကရာဇ်ရန်နိုင် - ကိုယ်ပိုင်အကြွေး
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၆

ရန်သူအတွက် လူသတ်ဗုံးနဲ့
မိတ်ဆွေအတွက် ပေါင်မုန့်တုံး၊
ဒီ လမ်းစဉ် ၂ ခုစလုံးကို
ငါက တီထွင်ပြီး ချသုံးတယ်
စီမံချက် နှစ်ရပ် စလုံးကိုတော့
ငါ့ ရေတပ်နဲ့ ကြည်းတပ်တို့က
ထောက်ပို့ကြတာပေါ့

ငါ ကြဲချလိုက်တဲ့ လူသတ်ဗုံးက
မိတ်ဆွေရဲ့အိမ်ခေါင်မိုးပေါ်ကျပြီး
ငါ ကြဲချလိုက်တဲ့ပေါင်မုန့်တုံးက
ရန်သူရဲ့ပါးစပ်ပေါက်ထဲ ကျသွားတယ်

ဘာကမှားပြီး ဘယ်လိုရှင်းရမလဲဆိုတာ
ငါ သိပ်သိတာပေါ့

ငါ့အမှားကို ပြင်ဆင်ခွင့်ပေးပါ
ကမ္ဘာကြီးကို ငါ သိပ်ချစ်လို့ပါကွာ

ကမ္ဘာကြီးက
ငါ့ကို နေဖို့နိုင်ငံ ပေးထားတယ်လေ

ငါ့ အမှားကို မေ့လျှော့ခွင့်ပေးပါ
စစ်ပွဲကြီးကို ငါ သိပ်ချစ်လို့ပါကွာ

စစ်ပွဲကြီးက
ငါ့ကို ရှင်ဖို့ပိုက်ဆံ ပေးထားတယ်လေ
ရန်သူက မိတ်ဆွေ ဖြစ်လာပြီး
မိတ်ဆွေက ရန်သူဖြစ်လာတဲ့အခါ
ဘယ်လိုပြင်ရမလဲ ငါသိတာပေါ့

ဒါပေမဲ့ ဒီကနေ့ခေတ်ဟာ
လူတွေက ဗုံးတွေ ဖြစ်လာပြီး
ဗုံးတွေက လူတွေ ဖြစ်မလာတဲ့ခေတ်ပါ

အဲဒါကို ဘယ်လို အသစ်ပြင်ဆင်ကြမလဲ
ငါ့ ဦးနှောက်က အဆုံးမမြင်အောင်ပဲ
နဲနဲ လှတယ်

ငါ့ ဉာဏ်ပညာက အသုံးမဝင်အောင်ပဲ
မွဲ မွဲလှတယ်

ငါရယ်၊ ငါ့ မိတ်ဆွေတွေနဲ့ ငါ့ရန်သူများ
အားလုံးဟာ ပေါင်မုန့်စားကြတဲ့ လူတွေပါ
ငါတို့ဟာ ဗုံးတွေကိုလည်း တီထွင်ခဲ့တယ်
ငါတို့ဟာ လူတွေကိုလည်း တီထွင်ခဲ့တယ်
ငါတို့ဟာ ပေါင်မုန့်ကိုလည်း တီထွင်ခဲ့တယ်

ဒါပေမဲ့ အကန့်သတ်မဲ့စွာ မှားယွင်းလာခဲ့ကြ

ဥပမာ ဗုံးတွေက အရမ်းကိုများ များသွားတာမျိုးဗျာ
ပေါင်မုန့်က အရမ်းကိုရှား ရှားသွားတာမျိုးတွေကွာ
ငါတို့ဟာ မှားယွင်းစွာနဲ့ အကန့်အသတ်မဲ့ကာ
လူကြီးလူကောင်းမင်း
မနုဿ ဘောင်တွင်းက လူ့ဇတ်ဆောင်ရင်းတို့ရေ...
ကိုယ့်အကြွေးတွေ ကိုယ်ပြန်ဆပ်ကြရအောင်လား

ကျနော်တို့ဟာ တအားကိုဗိုက်ဆာလာတဲ့အခါ
ဗုံးတွေကိုမစားကြပဲနဲ့
ပေါင်မုန့်ကိုပဲ စားခဲ့ကြတယ်မဟုတ်လား
ထုတ်ထားတဲ့ဗုံးတွေကို ပြန်လည်ရုပ်သိမ်းပြီး
မထုတ်ရသေးတဲ့ပေါင်မုန့်တွေကို ဆက်ထုတ်သွားကြဖို့
ကိုယ်ပိုင်အကြွေးတို့အား ကိုယ်တိုင်ပေးစို့လား

စားပြီးတဲ့အစာအိမ်က အရင်လိုပဲ ပြန်ထပ်ဆာလာ
အကြွေးတွေသာ အမြန်ဆပ်ကြဗျာ ။ ။

ဧကရာဇ်ရန်နိုင်
၂၀၀၇