သြဂဲနစ်ပစ္စည်းသုံးစွဲခြင်းသည် နိုင်ငံ၏ အဆင့်တန်းကို ပြခြင်း ဖြစ်

 သြဂဲနစ်ပစ္စည်းသုံးစွဲခြင်းသည် နိုင်ငံ၏ အဆင့်တန်းကို ပြခြင်း ဖြစ်
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၆

■ မြန်မာပြည် ၏ ပထမဆုံး နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ သြဂဲနစ် “ကော်ဖီထုတ်လုပ်မှု”
ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်းက ဓါတုဗေဒ ပစ္စည်းများ ကင်းစင်သည့် သဘာဝ စစ်စစ် သြဂဲနစ်ကော်ဖီ အသစ် စတင် ထုတ်လုပ် ဖြန့်ချိသည့် မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက် ယနေ့ နံနက် ၁၀ နာရီတွင် ဉာဏ်ကြီးရှင် ကော်ဖီဆိုင်ခွဲ တခုဖြစ်သည့် တာမွေ ကျိုက္ကဆံလမ်း၊ အမှတ် ၄၅၅ ရှိ Genius Lab Cafe/Coffee Training ၌် ပြုလုပ်ခဲ့သည်။


ဉာဏ်ကြီးရှင် ကော်ဖီလုပ်ငန်း တည်ထောင်သူနှင့် ပိုင်ရှင် ဦးငွေထွန်းက သြဂဲနစ် ကော်ဖီ အကြောင်း မိတ်ဆက် နေစဉ်

မြန်မာနိုင်ငံဩဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်းတည်ထောင်သူ တဦးဖြစ်သူ ဒေါက်တာ ဒေါ်သန်းသန်းစိန် (မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ထုတ်လုပ်ရောင်းချသူများ MFVP အသင်း ဒု ဥက္ကဌ) က အဖွင့် အမှာ စကားပြောကြားစဉ်

မိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံဩဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်းတည်ထောင်သူ တဦးဖြစ်သူ ဒေါက်တာ ဒေါ်သန်းသန်းစိန် (မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ထုတ်လုပ်ရောင်းချသူများ MFVP အသင်း ဒု ဥက္ကဌ) က သြဂဲနစ်စိုက်ပျိုးထုတ်လုပ်ခြင်း အတွက် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။  ဒေါ်သန်းသန်းစိန် က နိုင်ငံတနိုင်ငံ၏ လူနေမှု အဆင့်အတန်း၊ ကျန်းမာရေး ဗဟုသုတ အသိနှင့် ယဉ်ကျေးမှု အဆင့်အတန်းကို သဘာဝ သြဂဲနစ်ပစ္စည်းများ ထုတ်လုပ်၊ ရောင်းချ၊ ဝယ်ယူ သုံးစွဲခြင်း ရှိ၊ မရှိ ဟုသော အချက် ဖြင့် တိုင်းတာနိုင်ကြောင်း၊ ယခုလို ဉာဏ်ကြီးရှင်ကော်ဖီက ပြည်တွင်းဖြစ် သြဂဲနစ် စစ်စစ် ကော်ဖီများကို နိုင်ငံတကာ စံချိန်မီ လက်မှတ်ရ ထုတ်လုပ်နိုင်ခြင်း ကြောင့် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ဉာဏ်ကြီးရှင် ကော်ဖီအတွက် သြဂဲနစ် ကော်ဖီစိုက်ပျိုးနေသူ ရှမ်းပြည်နယ် လယ်ကိုင်း ဒေသခံ ကော်ဖီစိုက်တောင်သူ ဦးအောင်နိုင်ဦးက သူ့ရဲ့ သြဂဲနစ် စိုက်ပျိုးမှု အတွေ့အကြုံများကို ရှင်းပြနေစဉ်

ယခုနှစ်က စပြီး ဉာဏ်ကြီးရှင် အတွက် သြဂဲနစ် ကော်ဖီစိုက်ပျိုးမယ့် ရှမ်းပြည်၊ နွားဘန်းကြီးကျေးရွာက ဦးမင်းထွန်းက သြဂဲနစ် ကော်ဖီစိုက်ပျိုးဖို့ ဆုံးဖြတ်ချက် ချခဲ့တဲ့ အကြောင်းရင်းကို စိုက်ပျိုးရေး အတွေ့အကြုံများနှင့် ယှဉ် ပြောကြားနေစဉ်
ထို့နောက် ဉာဏ်ကြီးရှင် ကော်ဖီလုပ်ငန်း တည်ထောင်သူနှင့် ပိုင်ရှင်ဖြစ်သူ ဦးငွေထွန်းက ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံက သြဂဲနစ် စံသတ်မှတ်ထားချက်များကို လိုက်နာ၍ သြဂဲနစ် ကော်ဖီ အမျိုးအစားကို စတင်ထုတ်လုပ် ဖြန့်ချိမည်ဖြစ်ကြောင်း အသိပေးကြေညာရင်း ဉာဏ်ကြီးရှင် သြဂဲနစ်ကော်ဖီ အကြောင်းနှင့် နောက်ခံ ဖြစ်ပေါ်လာပုံများကို ရှင်းလင်းပြောကြားခဲ့သည်။  မြန်မာပြည် ရှမ်းတောင်တန်းထွက် သဘာဝပစ္စည်းစစ်စစ် သြဂဲနစ်ကော်ဖီများကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ခြင်း အပြင် ပြည်တွင်း၌လည်း သြဂဲနစ် ပစ္စည်း စားသုံး သုံးစွဲခြင်း ဓလေ့ကောင်း တည်ဆောက်နိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းကြီးမြင့်မှု မရှိစေရန်လည်း စီစဉ်ထားကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

Control Union က အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စံချိန်စံညွှန်းများအတိုင်း လိုက်နာကြောင်း ချီးမြှင့်ခဲ့သည့် သြဂဲနစ် လက်မှတ်

ဉာဏ်ကြီးရှင် ကော်ဖီလုပ်ငန်းကို ရှမ်းပြည်နယ်၊ ရွာငံဒေသတွင် အခြေစိုက်၍ အရည်အသွေးမြင့် ကော်ဖီများကို စိစစ်ရွေးချယ်ကာ နိုင်ငံတကာ အဆင့်မီ ကော်ဖီစေ့ ကုန်ကြမ်းများနှင့် ကော်ဖီမှုန့်များကို ထုပ်ပိုးမှု အဆင့်မြှင့်ပြီး ၂၀၁၂ ခုနှစ်က စ၍ စတင်ထုတ်လုပ်ခဲ့သည်။  ၂၀၁၆ ခုနှစ် တွင် ကော်ဖီထုတ်လုပ်မှု လုပ်ငန်းကို ပိုမိုတိုးချဲ့လာခဲ့ပြီး နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိရာ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံများတွင် ဉာဏ်ကြီးရှင်ကော်ဖီကို ရောင်းချလျက်ရှိပြီ ဖြစ်သည်။

၂၀၁၆ ဇူလိုင်လတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စံချိန်စံညွှန်းများအတိုင်း လိုက်နာကြောင်း Control Union ၏ ကွင်းဆင်းစစ်ဆေးချက်များဖြင့် သြဂဲနစ် အသိအမှတ်ပြုလက်မှတ်ကို လက်ခံရရှိခဲ့သည်။  သြဂဲနစ် အသိအမှတ်ပြု လက်မှတ်ကို ရယူရန်အတွက် ရွာငံမြို့နယ်၊ လယ်ကိုင်း ကျေးရွာကို ရွေးချယ်ခဲ့ပြီး သဘာဝအတိုင်း စိုက်ပျိုးထားသည့် သရက်၊ ထောပတ်နှင့် ပိန္နဲပင်များကြားတွင် ဒေသခံ ဓနုတိုင်းရင်းသားများက ကော်ဖီပင်များကို စိုက်ပျိုးကြသည်။  နိုင်ငံတကာ အဆင့်မီ သြဂဲနစ်လက်မှတ်ကို ရယူရန် အတွက် အချိန် ၂ နှစ် ကြာခဲ့သည်။  မြန်မာနိုင်ငံတွင် “ကော်ဖီထုတ်လုပ်မှု” အတွက် ပထမဦးဆုံးရရှိသော နိုင်ငံတကာ အသိအမှတ်ပြု သြဂဲနစ် လက်မှတ်အမျိုးအစား ဖြစ်သည်။ 


ဉာဏ်ကြီးရှင် ကော်ဖီ လုပ်ငန်း တည်ထောင်သူနှင့် ပိုင်ရှင် ဦးငွေထွန်း ရှမ်းတောင်တန်း ကော်ဖီစိုက်ခိုင်းတွင် တွေ့မြင်ရစဉ်

ရှမ်းပြည် ရွာငံဒေသရှိ ဉာဏ်ကြီးရှင် ကော်ဖီစိုက်ခင်းက ကော်ဖီ သီးများ
မိတ်ဆက်ပွဲတွင် ရှမ်းပြည် လယ်ကိုင်းနှင့် နွားဘန်းကြီးကျေးရွားများက ကော်ဖီစိုက်ပျိုးသူများကလည်း ဉာဏ်ကြီးရှင် အတွက်  ဩဂဲနစ်ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။  ကော်ဖီစိုက်တောင်သူများ၏ ပူပေါင်းဆောင်ရွက်မှု၊ စနစ်တကျ မှတ်တမ်းများ ထားရှိခြင်းနှင့် ထုတ်လုပ်မှု အဆင့်တိုင်းတွင် မှတ်တမ်းတင်သော လုပ်ငန်းများကြောင့် ယခုကဲ့သို့ နှစ်ကာလတိုအတွင်း စမ်းသပ်စစ်ဆေးမှုများကို ဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၁ ရက်နေ့က စ၍ ဉာဏ်ကြီးရှင် ကော်ဖီက သြဂဲနစ် လက်မှတ်ရ ကော်ဖီအမည်ဖြင့် စူပါမားကတ်များ၊ သစ်သီးဝလံဆိုင်များ၊ ကော်ဖီဆိုင်များနှင့် လက်ဆောင်ပစ္စည်းရောင်းချသော ဆိုင်များတွင် ကော်ဖီစေ့၊ ကော်ဖီမှုန့်နှင့် အသင့်သောက်သုံးနိုင်သော ကော်ဖီမှုန့် အတောင့် (Capsules) များကို ထုတ်လုပ် ဖြန့်ချိ ရောင်းချသွားမည် ဖြစ်သည်။  ကော်ဖီရောင်းချရရှိမှုထဲက ၁၀ ရာခိုင်နှုန်းကို ဒေသအကျိုးပြုလုပ်ငန်းများတွင်လည်း ဉာဏ်ကြီးရှင် ကော်ဖီက  ပြန်လည် လှူဒါန်းမည် ဖြစ်သည်။


အသစ်ထွက်ရှိသည့် ဉာဏ်ကြီးရှင် သြဂဲနစ် ကော်ဖီ အထုပ်များ၊ ထုပ်ပိုးမှု ဖြစ်စဉ် အပါအဝင် ထုတ်လုပ်မှု ဖြစ်စဉ် အဆင့်ဆင့် တွင် သဘာဝ သြဂဲနစ် နည်းပညာကိုသာ အသုံးပြုသည်ဟု ဆိုသည်။

ဒေသခံ တောင်သူများ၏ လုပ်အားဖြင့် ဓါတုဗေဒ ပစ္စည်းများ သုံးစွဲခြင်း မရှိသည့် ဉာဏ်ကြီးရှင်သြဂဲနစ် ကော်ဖီကို သောက်သုံးခြင်းဖြင့် ကျန်းမာရေး အတွက် စိတ်ချရပြီး ဘေးထွက် ဆိုးကျိုးများ မရရှိစေခြင်း၊ သဘာဝရေမြေကို ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် တိုင်းရင်းသား ကော်ဖီစိုက်တောင်သူများ၏ လူနေမှု ဘဝများကို မြှင့်တင်ပေးနိုင်ခြင်း အကျိုးကျေးဇူးကြီး ၃ ခုကို တပြိုက်နက်တည်း လုပ်ဆောင်ရာ ရောက်သည်။

ဉာဏ်ကြီးရှင်သြဂဲနစ် ကော်ဖီကို ဝယ်ယူသုံးစွဲရန်နှင့် တဆင့် ရောင်းချရန် အောင်နေလင်းထွန်း ကုမ္ပဏီ၊ အမှတ် ၁၆၈-၁၊  မြင်သာ (၁၀) လမ်း၊ ၁၄/၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဖုန်း ၀၉၉ ၇၀၂ ၀၀ ၇၀၂ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရှိရသည်။

သတင်းရေးသားသူ - ငြိမ်းချမ်းအေး (မိုးမခ)
@ Moemaka Media
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka
Email : editors@moemaka.net
Phone: +95 (0) 9 252 249 094 ; (0) 9 421 743 753 ; (0) 9 504 10 58 ; (0) 9 430 463 99 (Mandalay)
ဉာဏ်ကြီးရှင် သြဂဲနစ် ကော်ဖီ ဖိတ်စာ

ဉာဏ်ကြီးရှင် သြဂဲနစ် ကော်ဖီ လိုဂို