ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့ မေးခွန်းများ - အပိုင်း (၄)

Than Htay Maung


ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့ မေးခွန်းများ - အပိုင်း (၄)
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၆


(ဃ) တပ်မတော်က All Inclusive ပါဖို့ မူလသတ်မှတ်ထားချက်မူကို ဖြေလျော့လိုက်ရင် စိန်ခေါ်လာ နိုင်မှူများ
ဒေါ်အောင်ဆန်းစုကြည်ဟာ UNFC နဲ့တွေ့ဆုံပွဲမှာ အကျပ်အတည်းဖြစ်လာနိုင်မဲ့အရေးကို မှန်းဆပြီးပြောလာပါတယ် ...

“အကောင်းဆုံးကတော့ လက်မှတ်ထိုးပြီးဝင်လာရင်ကောင်းတာပေါ့။ အဲတော့ လက်မှတ်ထိုးနိုင် အောင်လို့ ဒီအန်စီအေ အပေါ်မှာပတ်သက်ပြီးတော့ ဘယ်လိုအလျှော့အတင်းလုပ်မလဲ။ ဘယ်လိုအဓိပ္ပာယ်ဖော်မလဲဆိုတာကို ကျမက ဦးတည်စေချင်တယ်။ လက်မှတ်မထိုးဘဲနဲ့ တက်ရအောင်လုပ်ပေးဆိုရင် ဒါကတော့ မတရားဘူး။ လက်မှတ်ထိုးတဲ့လူတွေက ပြောမှာပါ ကျနော်တို့ကျတော့ လက်မှတ်ထိုးရတယ်။ သူတို့က လက်မှတ်မထိုးရဘူးဆိုရင်ကျမက ဘယ်လိုဖြေရမလဲ။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လက်မှတ်မထိုးတဲ့အဖွဲ့တွေကို တပ်မတော်နဲ့ထိပ်တိုက် မဖြစ်ရေး သတိတရားထားကိုင်တွယ်ဖို့လိုပြီး ဘယ်လိုပုံစံမျိုးနဲ့ထိန်းမလဲ၊ လက်မှတ်ကို ဘယ်အချိန်ကျ တပြေးတည်းဖြစ်အောင် ထိုးခိုင်းမလဲဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ တပ်မတော်ဘက်မှလည်း အောက်ခြေတပ်များကို ကိုင်တွယ်ရခက်ဟန်တူပြီး ဘယ်အခြေအနေကျမှ တိုက်ရမည်ဆိုတာ စစ်နည်းဗျုဟာမရှိလို့သတိပေးအမိန့်၊ ညွှန်ကြားချက်ဖြင့်သာ ယာယီထိန်းလို့ရပါတယ်။ တပ်မတော်ကို တဖက်သတ်အပစ်ရပ်ခိုင်းတဲ့ အသံဗလံတွေက ဖိအားဖြစ်စေပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းနိုင်ပါတယ်လို့ တပ်ဘက်က ဆိုလေ့ရှိပါတယ်။

တပ်ဘက်က ပြောလေ့ရှိတာက ကျေးရွာလူထုကို အဆိုပါအဖွဲ့အချို့က နိုင်ထက်စီးနင်း လုပ်လာရင် ပြည်သူဟာ အကာအကွယ်မဲ့ဖြစ်သွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အကြီးအကဲများ အတွက်ရော နိုင်ငံအုပ်ချုပ်ရေးယန္တယားပါ လုံခြုံရေးအတွက် စိုးရိမ်ရပါတယ်၊ အပစ်ရပ်စည်းကမ်း မရှိတဲ့အတွက် တိုင်းရင်သားလက်နက်ကိုင်တွေဟာ သူတို့ဒေသအတွင်း လာရင်ဘဲ ပိတ်ဆို့တားဆီးပေမဲ့ သူတို့တွေကတော့ တံခါးမရှိဒါးမရှိ မြို့တော်တွေအထိ ဥဒဟိုသွားလာနေတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် တန်းတူရည်တူပါဆိုတဲ့ UNFC အနေနဲ့ NCA လက်မှတ်ထိုးဖို့လိုပါတယ်လို့ တပ်ခေါင်းဆောင်ပိုင်းက ခံယူထားကြပါတယ်။

တပ်မတော်က သံသယဖြစ်နေတာက သူတို့လက်နက်ကိုင်တာကို ဖက်ဒရယ်ရရင်တောင် စွန်လွှတ်မည့်ဟန်မတူသလို၊ ယခု ခွဲထွက်မပါဖူးလို့လက်ရှိခေါင်းဆောင်တွေက UWSA, NDAA မှလွဲလို့တိကျစွာ ကတိကဝတ်မပေးသလို၊ ပေးခဲ့ရင်တောင် နောက်လူများက ခွဲထွက်ခွင့်ကို ဥပဒေအတွင်း ထည့်သွင်းထားပြီး အစဉ်အမြဲ ဆက်လက် ကိုင်စွဲသွားကြမှာလား ဆိုတာကို မေးခွန်းထုတ်ကြပါတယ်။ ဒေါ်အောင်းဆန်းစုကြည်ကလည်း တောင်းဆိုချက်တွေ အားလုံး ရနိုင်ဖို့ ချက်ခြင်း မဖြစ်နိုင်သေးဘူးလို့ ဆိုထားရာ တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးပါဝင်နိုင်ရေး အတိုင်းအတာ အကန့်အသန့် အချိန်အဆကို တပ်မတော်ဘက်ကလည်း စောင့်ကြည့်နေတယ်လို့ ဆိုရမှာပါ။

(င) လက်နက်မကိုင်ထားတဲ့ ပြည်သူလူထုအချင်းချင်း ယုံကြည်မှု၊ နားလည်မှူ၊
ဗမာအပေါ် တချို့ (တိုင်းရင်းသားပါတီနဲ့လက်နက်ကိုင်တွေ) က အမြင်စောင်းအောင် ဘေးက သွေးထိုးမြှောက်ပင့်သူများ ရှိတယ် လို့ တပ်မတော်အရာရှိတချို့က သုံးသပ်ပါတယ်။ အများစုက နားလည်ကာ အတူတကွယှဉ်တွဲနေထိုင်ခြင်းကို ပြုမူကြပြီး ဗမာတိုင်းက လူမျိုးကြီးဝါဒဖြင့်ဆက်ဆံမှု မလုပ်ကြဘဲ တချို့တိုင်းရင်းသားများကသာ အုပ်စုလိုက်နေထိုင်ကာ ဗမာတွေကိုကော အခြားတိုင်းရင်းသားတွေကိုပါ ခွဲခြားဆက်ဆံမှုတွေ လုပ်ကြတယ်လို့ တပ်ဘက်က ဆိုတတ်ပါတယ်။

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ဟာ အာဏာရှင်ကို မတိုက်ခိုက်ဘဲ သူတို့ရပ်တည်ရေး အတွက် ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်၊ တနည်းအားဖြင့် ကိုယ်တိုင်လူမျိုးကြီးဝါဒ ကျင့်သုံးကာ ဗမာမုန်းတီးရေးတိုက်ကွက် ဖေါ်လေ့ရှိတယ်လို့ တပ်မတော်အရာရှိအချို့က ခံယူထားကြပါတယ်။  အဲသည်လို အစွန်းရောက်တဲ့သဘောထားနဲ့ လက်နက်ကိုင်စွဲထားတာတွေ၊ ရွေးကောက်ပွဲတွေမှာ ပါတီကြီးတွေအပေါ် အနိုင်ရအောင် လူမျိုးရေးတိုက်ကွက်ဖော်တာတွေ လုပ်တယ်လို့ သူတို့က သုံးသပ်တာတွေကို ကြားရလေ့ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ လူမျိုးတွေက NLD ကိုပဲ မဲပေးခဲ့တယ်ဆိုပြီး အပြစ်တင်တဲ့ ကြေညာချက်တစောင်ကို တိုင်းရင်းသားလက်နက်ကိုင်ပါတီတခုက ထုတ်မယ်ဆိုလို့ အဲသည်နယ်ထဲက ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်ဆွေးနွေးမှု လုပ်ခဲ့ရတဲ့ သာဓက ရှိခဲ့ပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ရဲ့ နယ်ပယ်ထဲက လှုပ်ရှားမှုတွေ၊ ဖြစ်ထွန်းမှုတွေကို အိမ်နီးချင်း NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့ရဲ့ နယ်ထဲက တိုင်းရင်းသားတွေက နှိုင်းယှဉ် ဆွေးနွေး ပြောဆိုကြတာ၊ ဆန္ဒထုတ်ဖော်တာတွေအတွက် အာမခံချက် ပေးဖို့ လိုတယ်လို့လည်း ထောက်ပြကြတာတွေ ရှိပါတယ်။

ဒါကြောင့် လူထုလူတန်းစား အဖွဲ့များ၊ (RSO, CSO) နဲ့မီဒီယာများက ပြည်ထောင်စုစိတ်ဓါတ်နဲ့ မတူကွဲပြားသူများ အတူတကွ ပူးတွဲနေထိုင်ရေး၊ အမုန်းတရား ဖြန့်ချိမှုများ ဖေါ်ထုတ်ကာ ဘေးပယောဂများကို မယုံကြည်ဖို့လှုံဆော် စည်းရုံးရပါမယ်။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်စေတဲ့ လှုံ့ဆော်မှူ မပါဘဲ ငြိမ်းချမ်းစွာ အတူနေထိုင်သွားကြဖို့ ဦးတည်ရပါမယ်။

(စ) နယ်မြေသတ်မှတ်တာက လက်နက်ကိုင်တွေ အချင်းချင်း သတ်မှတ်တာလား၊ဒါမှမဟုတ် လူနည်းစု၊ လူများစု မဲဆန္ဒအပေါ် အခြေခံပြီး အတူတကွ နေထိုင်ရေးဘုံမူဝါဒနဲ့ အတူတကွ နယ်မြေတွေ သတ်မှတ်ကြတာလား၊
နယ်မြေသတ်မှတ်တာဟာ လက်နက်ကိုင်တိုင်းရင်သားအဖွဲ့တွေကိုယ်တိုင်က တဖက်သတ် သတ်မှတ်နေတာတွေ့ရတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း RCSS/ SSA နဲ့TNLA တပ်ဖွဲ့များ သူပိုင်တယ်၊ ငါပိုင်တယ် အငြင်းပွားပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ရာ ပြည်သူများမြေဇာပင်ဖြစ်ခဲ့ရတယ်။ သေချာတာက အစိုးရကော တပ်မတော်ကိုပါ နယ်မြေသတ်မှတ်မှုကို အသိပေး ခွင့်တောင်းခဲ့တာ ရှင်းလင်းပြောပြတာ မရှိပါဘူး။ သူတို့ဟာ ဘယ်ကာလကတော့ဖြင့် သူတို့တပ်တွေလှုပ်ရှားခဲ့တဲ့ သမိုင်းကို လက်ညှိးထိုးကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာသတ်မှတ်တာအပြင် (လက်ရှိ အခြေခံဥပဒေအရလည်း) လူဦးရေနေထိုင်မှု၊ သိပ်သည်းဆ အစိတ်အကြဲ မူတည်ပြီး အခြေခံဖြစ်တဲ့ မြို့နယ်တမြို့နယ်ပေါ်မှာ သတ်မှတ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုအဖြစ် ခံယူချက်နဲ့ စုဝေးနေထိုင်တဲ့ လူဦးရေအပေါ်မှာလည်း နယ်မြေသတ်မှတ်တာ၊ ကိုယ်စားပြုခွင့် သတ်မှတ်တာလည်း ရှိပါတယ်။ “ဝ”များက စုဝေးနေထိုင်ကြလို့ မြို့နယ်တော်တော်များ ရရှိသွားကြပြီး၊ ရေကြည်ရာမြက်နုရာနေတဲ့ လားဟူလူမျိုးများဟာ ခပ်ကြဲကြဲနေထိုင်ခဲ့လို့ အခြားလူမျိုးများထက် မြို့နယ်ရရှိမှု အခွင့်အလမ်းနည်းသွားပါတယ်။ သို့သော်လည်း သန်းကောင်စာရင်း၊ လူဦးရေ စာရင်းအရတော့ လူမျိုးစု ကိုယ်စားပြု ကိုယ်စားလှယ်ကိုတော့ သူတို့ ဖြန့်ကျက်နေထိုင်ရာအလိုက် ရရှိကြလေ့ ရှိပါတယ်။ (တိုင်းရင်းသားဝန်ကြီးများ သတ်မှတ်ပေးခြင်း)


ဒါတွေဟာ ကျင်းပမည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ နိုင်ငံရေးဆွေးနွေးပွဲမှာ အကြိတ်အနယ်ဆွေးနွေးရမှာဖြစ်ပြီး ပလောင်နဲ့ဝ တို့က ပြည်နယ်အဖြစ် တောင်းဆိုမယ်လို့သိရပါတယ်။ ရှမ်းဆိုတဲ့ အမည်ပေးမဖြုတ်ပေမဲ့ ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမှာ  ပအို့က ရှမ်းထက် များနေတာ ရှိပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UNFC ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ လူမျိုးဆိုတာနဲ့ပတ်သက်ပြီး အခုလို လမ်းညွှန်ထောက်ပြသွားပါတယ် ...

“Identity အမျိုးမျိုးရှိတယ်။ တခုတည်း မဟုတ်ပါဘူး။ ဒီတော့ ကျမက ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာတယောက်လို့ သတ်မှတ်ရမှာလား။ ကိုယ့်ကိုယ်ကို ဘာလဲ၊ ဘယ်လူလဲဆိုတာ သတ်မှတ်တာ အမျိုးမျိုးရှိတယ်။ လူတိုင်းလူတိုင်းမှာ ရှိပါတယ်။ အဲဒါ Diversity ပဲ။နောက်ဆုံးတော့ ဒိုင်ဗာစီတီ အရင်လာသလား၊ ယူနီတီလာတာလား။ Diversity of the unity ဆိုတာ ဒီမတူကွဲပြားမှုဆိုတာ ကျမတို့ အချင်းချင်းကြားထဲမှာ မဟုတ်ဘူး၊ ကျမတို့ တယောက်ချင်း တယောက်ချင်းအတွင်းမှာကို မတူကွဲပြားမှုတွေ အစုံရှိပါတယ်။ ဥပမာဆို ကချင်။ ကချင်ဆိုပေမယ့် ကိုယ်ကိုးကွယ်တဲ့ဘာသာဆိုလို့ ကိုယ့်ရဲ့ Identity ပဲ။ ကိုယ်ကိုးကွယ်တဲ့ဘာသာဆိုလဲ မတူတဲ့ကချင်တိုင်းရင်းသားတွေ ရှိတယ်။ ကချင်ပြည်နယ်မှာ ဆိုတာလဲ မတူတဲ့အရပ်ဒေသက လာတာရှိတယ်။ကိုယ့်ရဲ့မိဘက မတူညီတဲ့ အခြေအနေတွေ ရှိတယ်။ အဲဒီလိုအမျိုးမျိုး မတူညီတာ တွေရှိတယ်။ ကျမစဉ်းစားမိတာကတော့ တကယ်ကြီးတဲ့သစ်ပင်ကြီးတွေ ခိုင်ခံ့တဲ့ သစ်ပင်ကြီးတွေဆိုတာ အမြစ်တွေ အများကြီးရှိပါတယ်။ ဒီအမြစ်တွေ အများကြီးစုဆောင်း ပြီးတော့မှ ခိုင်ခံ့တဲ့ အပင်ကြီးတခု ဖြစ်လာတာပါ။ အမြစ်တခုတည်းရှိတဲ့အပင်တွေဟာ မခိုင်ခံ့ပါဘူး။ဥပမာဆိုရင် မုန်လာဥ ဆွဲထုတ်လိုက်ရင် ပါသွားတာပဲ။ သူကအမြစ်က တခုတည်း ရှိတယ်။ တကယ်တော့ မြစ်မ ပင်မတခုတည်း ရှိတယ်။ နည်းနည်းလေးပေါ့။ တခြားအမြစ်သေးသေးလေးရှိရင် ရှိမယ်။ ဒီလို အမြစ်ကြီးကြီးတခုတည်း ရှိတာ မခိုင်ခံ့ပါဘူး။ ဆွဲနှုတ်လိုက်လို့ရှိရင် တခါတည်းပါသွားတာပဲ။ ဒီလို Diversity ရှိတဲ့ အမြစ်တွေအများကြီးရှိတဲ့ သစ်ပင်ကြီးတွေသာ တကယ်ကို ခိုင်ခံ့နိုင်မှာပါ။ အဲဒီတော့ ကျမတို့ကနေပြီးတော့ Diversity of Strength ဆိုပြီးတော့ လက်တွေ့ကျကျ သဘာဝ အရမှန်တယ်လို့ ကျမမြင်တယ်။”

(ဆ) လက်နက်ကိုင်တွေနဲ့ လက်နက်မဲ့ ပြည်သူလူထု အကြား ဘယ်လို အတူတကွ ဘုံသဘော တူညီချက်တွေနဲ့နေထိုင်ကြဖို့ စဉ်းစားမှာလဲ၊ သူတို့ရဲ့စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းမလဲ၊တပ်မတော်နဲ့ ဘယ်လိုပူးပေါင်းသွားကြမလဲ၊ မပူးပေါင်းရင် ဘယ်လို စခန်းဆက်သွားမလဲ၊

တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အများစုဟာ တောထဲမှာ အနေများလို့ နယ်မြေအနှံ့ ဖြန့်ကျက်နေတဲ့ မိမိလူမျိုးနဲ့ ထိတွေ့မှု အချိန်ကာလနည်းပါးတာမို့ လူမျိုးကို ကိုယ်စားပြုတယ်ဆိုတာ သံသယရှိဖွယ် ဖြစ်တယ်လို့ တပ်မတော် အရာရှိအချို့က သဘောထား ပေးလေ့ရှိပါတယ်။

 မကြာသေးမီက ကရင်ပြည်နယ်ကျေးရွာတရွာမှာ နှီးဖျာနေတဲ့ ဖထီးတစ်ဦးကို ကရင်တိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးက သဘောထားမေးတဲ့ဖြစ်စဉ်ကို တင်ပေးလိုက်ပါတယ်။

“ဖထီး ကျွန်တေိာတို့ တော်လှန်ရေးရဲဘော်တွေနဲ့ တပ်မတော်သားတွေ ဘယ်ဟာ သဘောကောင်းလဲ”
“ နင်စိတ်မဆိုးနဲ့နော်”
“ စိတ်မဆိုးပါဖူး၊ သူတို့က ကြက်ခိုးဘာခိုး မကောင်းဖူးမဟုတ်လား”
“ အေး။ပြောမယ်။ နင့် သေနတ်ဘေးချလိုက်၊ ကျည်ထွက်ဆို ငါ့ကို ပိတ်မှန်နေဦးမယ်”
ဆိုပြီးပြောလိုက်ပုံက ...
“ အေး ... ဘယ်အဖွဲ့မှ မကောင်းဖူး။ နင်တို့ မိုင်းထောင် ဘာထောင်၊ ငါတို့ တောင်ယာအလုပ်ပျက်တယ်”

တခါ နော်ဝေးရောက်နေပြီး KNUမှာ ထမ်းဆောင်ခဲ့တဲ့ မိတ်ဆွေတစ်ဦးက သူ့အတွေ့အကြုံရှင်းပါတယ်။

“ဗိုလ်ထက်ရေ၊ ကျွန်တော် မြန်မာနိုင်ငံပြန်တော့ ကားလမ်းမကြီးပေါ်မှာ သေနတ်ကြီးတကားကားနဲ့ ခါးထောက်ပြီး အကောက်ကောက်နေတာ၊ ဘေးက ဒရိုင်ဘာငိုပြနေတာတွေ့လိုက်ရတော့ ခံစားလို့မရတော့ဖူး။ ဘဝမေ့တာ မဟုတ်ပါ။ ဒီလို ပြည်သူလူထု ဝန်ပိစေတဲ့ အပြုအမူတွေ ကျွန်တော်တို့တွေ ဆင်ခြင်ဖို့သတိထားဖို့ကောင်းလာပြီ။ ခေတ်ကပြောင်းလာပြီ။”

အများအားဖြင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေဟာ ဘာသာရေးကျမ်းစာဆရာများ၊ ကျေးရွာသူကြီး၊
တပ်ဖွဲ့ဝင် မိသားစုတွေနဲ့သာ ထိတွေ့ခဲ့တာမို့ ငြိမ်းချမ်းရေးရပြီးပါက ပြည်ထဲရေးလက်အောက်ခံ ပြည်နယ်လုံခြုံရေး ရဲ အသွင်ပြောင်း တပ်ဖွဲ့ဝင်များအဖြစ် ထမ်းဆောင်ခြင်းဖြင့် ပြည်သူလူထုကို အနီးကပ်ထိတွေ့ဆက်ဆံလို့ရကာ မိမိလူမျိုးများအပြင်အခြားလူမျိုးများကိုလည်း တန်းတူရည်တူ ဆက်ဆံစောင့်ရှောက်သင့်ပါတယ် လို့ ပြောချင်ပါတယ်။

တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ၂၁ ရာစု ပင်လုံညီလာခံ ဆွေးနွေးစဉ်ကာလဟာ ၃နှစ်မှ ၅နှစ် ထိကြာနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် ဆွေးနွေးဆဲကာလ၊ တနည်းအားဖြင့် အသွင်ကူးပြောင်းရေး ကာလအတွင်း လက်နက်ကိုင်တွေရဲ့ စားဝတ်နေရေးကို သေချာစွာ ဖြည့်ဆည်းပေးမှသာ ပြည်သူလူထုကို အကောက်ကောက်တဲ့ ကိစ္စ လျှော့ပါးသွားနိုင်သလို တကယ်လို့ ထိရောက်စွာ မလုပ်ပေးနိုင်ဘဲ ကြပ်တည်းလာပါက ကျည်ပေါက် သေနတ်သံများ ထွက်လာဖို့ တာစူကာ ငြိမ်းချမ်းရေးညီလာခံကို ရိုက်ခတ် လာနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံတကာထောက်ပံ့မှု အကူအညီ ရယူပြီး အဓိက ဝမ်းရေးဖြည့်ဆည်းပေးနိုင်တဲ့
စိုက်ပျိုးရေးလုပ်ငန်းအစီအစဉ်များ လုပ်ဆောင်ပေးသင့်သလို ကျန်းမာရေးကိစ္စပါ ထည့်ပေးသင့်ပါတယ်။

ဖက်ဒရယ်သဘောတူလိုက်ပြီးရင် လက်နက်ကိုင်များက တပ်မတော်နဲ့ ပူးပေါင်းရင်တော့ နိုင်ငံတော် (အစိုးရ၊ လွှတ်တော်၊ ပြည်သူ) က စားဝတ်နေရေး တာဝန်ယူသွားမှာဖြစ်လို့ ပူပင်စရာမလိုဘဲ တပ် လက်အောက်ကို မဝင်လိုပါက နိုင်ငံတော်တရားဝင် ဘတ်ဂျက်နဲ့ သွားနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ (သို့မဟုတ်ပါကလည်း ညီလာခံက အကြံပေးလာမယ့် ၀န်ကြီးဌာန တခုခုအောက်မှာ) အမှုထမ်းမှသာ ရေရှည် ရပ်တည်သွားနိုင်ပါတယ်။ NCA  လက်မှတ်ထိုးတာဟာ နိုင်ငံတကာသတ်မှတ်ချက် စံနှုန်း ဖြစ်ပြီး CODE OF CONDUCT ဆိုတဲ့ နယ်မြေပိုင်းခြားမှု၊ စည်းမျည်းစည်းကမ်း၊ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့တွေက တပ်မတော် အပါအဝင် လက်နက်အဖွဲ့ တွေပါ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်မပိစေရေးအတွက် ကြီးကြပ်တားဆီး ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်တယ်။



(ဆက်လက်ဖော်ပြပါမည်)