ဒုတိယအကြိမ်မြောက် မြန်မာအမျိုးသမီးများ ပန်းချီပြပွဲ ကျင်းပမည်


ဒုတိယအကြိမ်မြောက် မြန်မာအမျိုးသမီးများ ပန်းချီပြပွဲ ကျင်းပမည်
 (မိုးမခအထောက်တော် (ရန်ကုန်)) အောက်တိုဘာ ၂၉၊ ၂၀၁၆

မိုးမခမိတ်ဆွေ ပန်းချီဝါသနာရှင်တို့ရေ။ လာမဲ့ဆောင်းဦးပေါက် ဒီဇင်ဘာနှင်းမှုန်တွေကြားမှာ မိတ်ဆွေတို့ စိတ်ဝင်စားစရာ သွားရောက်ကြည့်ရှုချင်စရာ ပန်းချီပြပွဲတစ်ခုအကြောင်း သတင်းကောင်း ပါးပါရစေ။ ဒီပန်းချီပြပွဲကတော့ မြန်မာပန်းချီလောကမှာ ထင်ရှားတဲ့ အမျိုးသမီးပန်းချီဆရာမကြီး ဒေါ်နွဲ့နွဲ့ရီ ဦးစီးတဲ့ “ဒုတိယအကြိမ်မြောက် မြန်မာအမျိုးသမီးများ ပန်းချီပြပွဲ” ပါ။

 ၂၀၁၆ ဒီဇင်ဘာ (၂) ရက်ကနေ ဒီဇင်ဘာ (၆) ရက်နေ့အထိ ရန်ကုန်မြို့ Yangon Gallery မှာ ပြပွဲခင်း ကျင်းပြသမှာဖြစ်ပါတယ်။ ၂၀၁၅ ဒီဇင်ဘာလမှာ မြန်မာအမျိုးသမီးများပန်းချီပြပွဲကို ပထမဆုံးအကြိမ် စတင်ပြသခဲ့တာဖြစ်ပြီး၊ ဒီပြပွဲစတင်ဖြစ်ပေါ်လာပုံကို ပြပွဲကို ၀ိုင်းဝန်းကူညီဆောင်ရွက်နေသူ ပန်းချီဆရာမ
မနှင်းဒါလီအောင်က အခုလို ပြောပြပါတယ်။

“ဆရာကြီး ဒေါ်နွဲ့နွဲ့ရီက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပန်းချီဝါသနာရှင်၊ ပညာရှင်၊ ပါရမီရှင်၊  မည်သည့် အသက်အရွယ် အမျိုးသမီးပန်းချီဆရာမတွေ ဖြစ်ပါစေ ပြပွဲလေးတပွဲလုပ်ချင်တယ်လို့ မနှစ်က ၂၀၁၅ မှာ အစည်းပွဲလေးလုပ်ပြီး ကျနော်တို့ကို တတ်နိုင်တဲ့ဘက်က ကူညီပေးကြဖို့ ခေါ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့ ဖေ့စ်ဘွတ်ကနေ ကြော်ငြာတယ်။ Myanmar women artist page လုပ်လိုက်ပြီး ကြော်ငြာတယ်။ နီးစပ်ရာ ပန်းချီဆရာမတွေကို ဖုန်းဆက်အကြောင်းကြားကြပါတယ်။ ဆရာမကြီးဒေါ်နွဲ့နွဲ့ရီက The Yangon Gallery မှာ date ယူ လိုက်ပါတယ်။ ၂၀၁၅ ဒီဇင်ဘာ ၁၂ ကနေ ၁၅ ရက်နေ့အထိ ပြပွဲလုပ်ဖြစ်ခဲ့ပါတယ်။ အခုလဲ လပိုင်းမှာ ပြပွဲထပ်လုပ်မယ်။ ဒီဇင်ဘာ ၂ ကနေ ဒီဇင်ဘာ ၆ ရက် ယူထားပြီးပြီ။  နောက်နှစ်တွေလဲ နှစ်စဉ်ပြပွဲလုပ်မယ်လို့ ပြောလာလို့ပါ။ အဲ့ဒါကြောင့် ကျနော်တို့ ပြပွဲ
တာဝန်ကိုယ်စီခွဲပြီး ကူညီဆောင်ရွက်ပေးကြတာပါ။ ၂၀၁၆ က ဒုတိယအကြိမ်ပေါ့နော်။ တနှစ်မှာ တခါပဲ
အမျိုးသမီးတွေစုပြီး စည်းစည်းလုံးလုံး ပြရတဲ့ပွဲတစ်ပွဲပါ။ ပန်းချီလောကမှာ ပန်းချီဆရာတွေ များပေမယ့် ပန်းချီဆရာမ ရှားပါး ပါတယ်။ ရှားရှားပါးပါး အမျိုးသမီးပန်းချီဝါသနာရှင်တွေ တတ်နိုင်တဲ့ ခွန်အားနဲ့
စုပေါင်းလုပ်ရတဲ့ ပွဲတစ်ပွဲပါ။ ဒါကြောင့် တနိုင်ငံလုံးက ပန်းချီဝါသနာရှင်၊ ပညာရှင်၊ ပါရမီရှင် အမျိုးသမီးတွေကို ပါဝင်စေ့ချင်ပါတယ်”

 အခုနှစ်ကျင်းပမယ့် ဒုတိယအကြိမ် အမျိုးသမီးပန်းချီဆရာမတွေ စုပေါင်းပြတဲ့ပွဲမှာ မန္တလေးနှင့်
ရန်ကုန်အပြင် မေမြို့။ ပြည်၊ ပေါင်းတည်၊ တောင်ကြီးမြို့မှ ပန်းချီဆရာမများ ပန်းချီဝါသနာရှင်များပါ ပါဝင်တယ်လို့ သိရပါတယ်။

 စိတ်ဝင်စားသူမိတ်ဆွေများ.. Myanmar Women Artist Page
ဖေ့စ်ဘွတ်စာမျက်နှာhttps://www.facebook.com/groups/131455037208669/ “မြန်မာအမျိုးသမီးများပန်းချီပြပွဲ”အကြောင်းကို ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။