အမေရိကန်ရဲ့ ပထမဆုံးလူမည်းသမ္မတကို ၈ နှစ်လုံးလုံး အာဏာဖီဆန်ခဲ့တာ ရီပတ်ဘလစ်ကန်ပါတီ တဲ့လား



အမေရိကန်ရဲ့ ပထမဆုံးလူမည်းသမ္မတကို ၈ နှစ်လုံးလုံး အာဏာဖီဆန်ခဲ့တာ ရီပတ်ဘလစ်ကန်ပါတီ တဲ့လား
(မိုက်ခဲစိန်) အောက်တိုဘာ ၄၊ ၂၀၁၆


ကမ္ဘာတလွှားက နိုင်ငံရေးပရိသတ်တွေက အမေရိကန်က လူမည်းသမ္မတ ဘရပ်ဟူစိန်အိုဘားမား နိုင်ငံရေးစင်မြင့်ပေါ်မှာ ၈ နှစ်လုံးလုံး အသုံးတော်ခံခဲ့တာကို ပွဲကြည့်သလိုကြည့်ပြီး အားပေးခဲ့ကြ ဝေဖန်ခဲ့ကြတယ်။ အခုဆိုရင်ဖြင့် လူမည်းသမ္မတကြီး သက်တမ်း ၂ ခု စာ ကုန်လို့ သူ့အိမ်ပြန်ချိန် ရောက်ပါတော့မယ်။ အမေရိကန်နိုင်ငံရေးသမိုင်းစာမျက်နှာမှာ အာဏာရသမ္မတတဦးကို သက်တမ်း ၈ နှစ်လုံးလုံး မထီလေးစား၊ မရိုမသေ၊ ဆန့်ကျင် ကန့်ကွက် ဖီဆန်မှုတွေ တောက်လျောက်လုပ်ပြီး အချိန်ကုန် အားထုတ် လုပ်ဆောင်ခဲ့သူ ကန့်သတ်ဖိနှိပ် အနိုင်ထက်စီးနင်းလုပ်ခဲ့သူ အပြိုင်နိုင်ငံရေးပါတီ အပြိုင် လွှတ်တော်အမတ်တွေကတော့ ရီပတ်ဘလစ်ကန်တွေပဲ ဖြစ်ပါတော့တယ်လို့ ဒီမိုကရက် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟယ်ရီရိဒ်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။

အမေရိကန်က အာဏာပြိုင် နိုင်ငံရေးပါတီကြီး ရီပတ်ဘလစ်ကန်တွေကိုယ်တိုင်က မထီလေးစား အရိုအသေတန်နေမှတော့ ကမ္ဘာအလယ် အမေရိကန်တွေအလယ်မှာ အိုဘားမားခင်ဗျာ မျက်နှာငယ်ရှာရလိမ့်မယ်လို့ မြင်ချင်စရာပါပဲ။ ဟုတ်ပါတယ်။ သူတို့ချည်းသာ ထင်တိုင်းပေါက်ခဲ့မယ်ဆိုရင် အိုဘားမားဟာ ပထမ ရက် ၁၀၀ အတွင်းမှာ အိမ်ဖြူတော်ပေါ်က ဆင်းပြေးရမယ့် အပေါက်ပါ။ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ သူရဲ့ ပင်ကိုယ်ခေါင်းဆောင်မှု အရည်အချင်း၊ အင်အားကောင်းတဲ့ သူ့အစိုးရ၊ နောက်လိုက်ကောင်းတဲ့ ဒီမိုလွှတ်တော်အမတ်တွေ ခေါင်းဆောင်တွေကြောင့် အိုဘားမားဟာ ရှေးရိုးစွဲ လက်ယာစွန်း အားကောင်းတဲ့ ရီပတ်ဘလစ်ကန်တွေကို အံတု ကျော်လွှားပြီး အုပ်ချုပ်မင်းလုပ်တော် မှုနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။

အခု အိုဘားမား၏ သက်တမ်းနောက်ဆုံးရက်များမှာတောင် အိုဘားမား အမည်တင်သွင်းတဲ့ ပြည်ထောင်စု ဗဟိုတရားသူကြီးလောင်းကို ရီပတ်ဘလစ်ကန်လွှတ်တော်က ပယ်ချထားပြီး ကြားနာခွင့်တောင် မပေးဘူးလို့ အာဏာဖီဆန်ထားလိုက်ပါသေးတယ်။ ရီပတ်ဘလစ်ကန်တွေ ကဏ္ဍကောစ လုပ်ချက်တွေက အများသားပါ။ အိုဘားမား စတက်တက်ချင်းမှာ လွှတ်တော်ခေါင်းဆောင်တွေက ဒီကောင် ၄ နှစ်သက်တမ်းပဲ ခံတဲ့ သမ္မတဖြစ်စေရမယ်လို့ တရားဝင် ကြိမ်းဝါးခြိမ်းခြောက်ခဲ့တာပါ။ အိုဘားမား ဘတ်ဂျက်တင်သမျှကို ပယ်ချပြီး အစိုးရ ရပ်ဆိုင်းသွားအောင် နှစ်တိုင်း ဂြိုလ်မွှေကြပါတယ်။ အိုဘားမားကို အမေရိကန်သားမဟုတ်ဆိုပြီး မွေးစာရင်း တောင်းကြည့်တာကို သွေးထိုး မြှောက်ပင့်လုပ်ခဲ့ကြပါတယ်။ အထက်လွှတ်တော်မှာ အိုဘားမား တင်သွင်းတဲ့ အဆိုတွေကို အကြိမ် ၅၀၀ ကျော် ပိတ်ဆို့ခဲ့ကြပါတယ်။

သဘောမတူတာကြတာ၊ သူလုပ်သမျှကို သဘောထားကွဲလွဲကြတာကို လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ရီပတ်ဘလစ်ကန်ပါတီက အိုဘားမားအပေါ် ဆက်ဆံတာဟာ အမေရိကန်ကြီးသား မပီသဘူးလို့ ဆိုရလိမ့်မယ်ဆို ဟယ်ရီရိဒ်က အထက်လွှတ်တော်ကြမ်းပြင်က မိန့်ခွန်းမှာ ပြစ်တင်လိုက်ပါတော့တယ်။

ဟယ်ရီရိဒ်က ဒီလိုမျိုး ရီပတ်ဘလစ်ကန်တွေရဲ့ စိတ်နေစိတ်ထားကြောင့်လည်း သူတို့ပါတီဟာ ဒေါ်နယ်ထရန့်လိုမျိုး လူကို ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် တင်ဖို့ ကိန်းဆိုက်စေခဲ့တယ်လို့ ထောက်ပြလိုက်ပါတယ်။

ဒေါ်နယ်ထရန့်ကို ပြည်တွင်း ပြည်ပက သတင်းစာတွေ ပညာရှင်တွေက သမ္မတမဖြစ်ထိုက်သူလို့ ထောက်ပြ ဝေဖန်နေချိန်မှာ ရီပတ်ဘလစ်ကန်တွေကတော့ ဒေါ်နယ်ထရန့်ဟာ သူတို့အတွက် ဘုရားသခင်က ရွေးပေးလိုက်သူပဲလို့ မျက်စိမှိတ် ဇွတ်နှစ်နေလို့ ဆိုနေကြပါတယ်။

ဒေါ်နယ်ထရန့်ဟာ မကောင်းဆိုးဝါးဆိုရင် ရီပတ်ဘလစ်ကန်တွေကိုယ်တိုင် မွေးဖွားလိုက်တဲ့ အကောင်ကြီးဖြစ်တယ်။ သူတို့ကျေးဇူးကြောင့် ဒီလိုလူ ခေတ်စားလာတယ်လို့ ဒီမိုကရက် အထက်လွှတ်တော် ခေါင်းဆောင်က ပြစ်တင်လိုက်ပါတယ်။

အမေရိကန်မှာ အများစုမဲအရ ပေါ်ပြူလာဖြစ်တဲ့သူက သမ္မတလုပ်ကြေး ဖြစ်ပါတယ်။ သည်လိုနဲ့ ၂၀၀၈ မှာ ရွေးကောက်ပွဲ နိုင်ပြီး အိုဘားမား သမ္မတ ဖြစ်လာတာပါ။ သမ္မတဖြစ်တိုင်းလည်း လမ်းကို ရွှေခင်းနိုင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံရေး တိုက်ပွဲတွေ အတိုက်အခံတွေနဲ့ သူတင် ကိုယ်တင် ချကြရတာပါ။ ဥပဒေနည်း၊ လွှတ်တော်နည်း၊ လူထုနည်းတွေ၊ မီဒီယာနည်းတွေ အကုန်သုံးပြီး အိုဘားမားလည်း ကြံ့ကြံ့ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါနဲ့ ဆက်စပ်ပြီး မြန်မာပြည်ကို ကြည့်လိုက်တော့ အိုဘားမားအထွက် ဒေါ်အောင်ဆန်းစုကြည် အ၀င် ဖြစ်ပါတယ်။ လူထုအများစု ထောက်ခံမှုနဲ့ လွှတ်တော်နဲ့ အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အိုဘားမားကြီးတုန်းကကဲ့သို့ အာဏာဖီဆန် ကန့်ကွက် ကန့်သတ်ဖို့ ကြိုးစားနေကြတဲ့ အစွန်းရောက်တွေ အကြမ်းဖက်တွေ အဆိုးမြင်ဝါဒီတွေ အာဏာပြိုင်ပါတီတွေ ကို ရင်ဆိုင် ဖြေရှင်းနေရတယ်လို့ ခံစားမိကြောင်းပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ (လက်နက်ကိုင်) အာဏာကို ချုပ်ကိုင်ထားတဲ့ ၂၅% (အုပ်ချုပ်မှု၊ ဥပဒေပြု) အာဏာကို သိမ်းပိုက်ထားတဲ့ တပ်မတော် အင်အားစုတွေ၊ ခေတ်အဆက်ဆက် ပန်းပန်နေတဲ့ ခရိုနီတွေ လက်နက်ကိုင်တွေ ရာဇ၀တ်ဂိုဏ်းစတားတွေလည်း ဥပဒေအပေါ်မှာ အထိုင်ကျနေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ လက်ရှိ ၅ နှစ်ကို အားနဲ့ မာန်နဲ့ ဖြတ်သန်းနေပါပြီ။

အမေရိကန် အထက်လွှတ်တော်အမတ် ဒီမိုကရက်ပါတီ ခေါင်းဆောင် ဟယ်ရီရိဒ် ပြောတာလေးကို ကြိုတင် စဉ်းစားနိုင်ဖို့ တင်ပြလိုက်ကြောင်းပါ ခင်ဗျ။

ညွှန်း - http://www.huffingtonpost.com/entry/harry-reid-gop-obama_us_57ed1c78e4b082aad9b97321?