စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး


စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုး 

(ကုမုဒြာဂျာနယ်၊ စက်တင်ဘာ ၂၈၊ ၂၀၁၆) မိုးမခ၊ အောက်တိုဘာ ၄၊ ၂၀၁၆
 
မနက်အစောကြီး ဘကြီးမိုး တစ် ယောက် မောနင်းစတားကိုအသွား ကားပေါ်မှာရှိနေတုန်း တော်ဝင်နှင်းဆီ ကိုစိုးညွန့် ဆီက ဖုန်းလာတယ်။ စိတ်တိုင်းကျ ကိုအောင်ထိုက် ဆုံးရှာပြီတဲ့။

ဘကြီးမိုး ယုံဖို့ ခက်လိုက်တာ။ ၁၂ ရက်နေ့ ဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီမှုပွဲမှာ နာယကစားပွဲမှာ ထိုင်နေကြတဲ့ အန်ကယ်ဦးတင်ဦး၊ ဦးအုန်းထွန်းနဲ့ ဘကြီးမိုးတို့ကို ပြုံးပြုံးရွှင်ရွှင် လန်း လန်းဆန်းဆန်း မျက်နှာချိုချိုနဲ့ သူ နေ ကောင်း ပြီလို့ ကိုအောင်ထိုက်က ဘကြီးမိုး တို့ သုံး ယောက်စလုံးကို လက်ဆွဲ နှုတ် ဆက်ပြီး လာပြောတာ၊ ဘကြီးမိုးတို့ အား လုံးကလည်း ဝမ်းသာကြပေါ့။

အဲသည်ပွဲမှာ တက်ရောက်လာသူများကို ကျင်းပခွင့် အခန်းပေးတာက တော်ဝင်နှင်းဆီကိုစိုးညွန့်၊ လက်ဖက်ရည်နဲ့ မုန့်ကျွေးတာက စိတ်ကိုင်းကျ ကိုအောင်ထိုက် လေ။ သည်တာဝန်ကို သူတို့နှစ်ယောက်က ယူနေကျ။ သည်တစ်ခါ ဦးဝင်းတင် ဖောင် ဒေးရှင်း မှတ်ပုံတင်ပြီး ဖွဲ့စည်းဖြစ်ရင် သူ တို့နှစ်ယောက်ကို ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ လုပ်ကြဖို့ ဘကြီးမိုးတို့က ပြောပြီးသား၊ ချောဆွဲပြီးသား။

ဪသာ်…ကံတရားဟာ ဆန်းကြယ်လှပါကလား။ ငွေရေးကြေးရေးလည်း ပြည့်စုံ၊ စိတ်သဘောထားကလည်း အလွန်ကောင်း၊ ယုံကြည်ချက်ကလည်း ခိုင်မာ၊ နိုင်ငံရေး စိတ်ဓာတ်လည်း ပြင်းထန်၊ နိုင်ငံရေးလုပ် ကြသူတိုင်းကို အမြဲကူညီလေ့ရှိတဲ့ ကို အောင်ထိုက် အသက် ၆၅ နှစ်အရွယ်မှာ ကွယ်လွန်ရှာပေါ့။

ကိုအောင်ထိုက် ဆုံးပြီဆိုတော့ ကို အောင်ထိုက်နဲ့ ဘကြီးမိုး ဘယ်လို့ ဆုံစည်းတာလဲဆိုတာ ပြန်တွေး ပြန်စဉ်းစားမိပါ တယ်။ ကိုအောင်ထိုက်ကို မတွေ့မဆုံရမီ စိတ်တိုင်းကျ ဆိုတဲ့ဆိုင်ကို ဘကြီးမိုး စ ရောက်ဖူးတာ ပြည်လမ်းနဲ့ မပိုလမ်းထောင့် က ဝါးတဲကြီးနဲ့ စိတ်တိုင်းကျဆိုတဲ့ဆိုင်မှာ ကုလားပဲဟင်းနဲ့ နံပြား ကောင်းလှဆိုလို့ သွားစားတာ။ အဲသည် စိတ်တိုင်းကျဆိုင်ရှင်က ကိုအောင်ထိုက်တဲ့၊ ဆေးကျောင်း က အရေးတော်ပုံတပ်သားအဖြစ်နဲ့ ထွက်ပြီး ဆိုင်ဖွင့်တာတဲ့၊ မော်လမြိုင်ကတဲ့။ တစ် ယောက်စကား တစ်ယောက်နား တစ်ဆင့် စကား ကြားရပါတယ်။

သူတို့အုပ်စုထဲမှာ အထင်ကရ ပုဂ္ဂိုလ် နှစ်ယောက်ကတော့ ကိုအောင်ထိုက်နဲ့ ကို စိုင်းပေါ့။ နောက်တော့ မြေနီကုန်းက ကို အောင်ထိုက်ဆိုင်ကို ကြုံတိုင်း သွားနေကျ။ သွားတိုင်း ကိုအောင်ထိုက်က နိုင်ငံရေး စကားတွေ အမြဲအာပေါင်အာရင်းသန်သန် နဲ့ ပြောပြီး ဘကြီးမိုးတို့ကို အလကား ကျွေး နေကျ၊ တိုက်နေကျ။ ကိုအောင်ထိုက်က နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များကို ထောက် ပံ့ကူညီ မှု အပေးနိုင်ဆုံးပုဂ္ဂိုလ်အဖြစ် ထင် ရှားပါ တယ်။ ပြီးတော့ စိတ်တိုင်းကျဆိုင် တွေကိုလည်း ဆိုင်ခွဲ(ဖရန်ချိုက်)တွေ စတင်တည်ထောင်တဲ့ပုဂ္ဂိုလ်၊ စိတ်တိုင်းကျ သူ ဌေးကြီးပေါ့လေ။

သူက လူပျိုကြီးခင်ဗျ။ သူ့ရဲဘော်ကိုစိုင်းကိုလည်း စိတ်တိုင်းကျ တစ်ဆိုင် ဖွင့်ခိုင်းဖူးတယ်။ ကိုစိုင်းကတော့ ဘကြီးမိုး တို့လို နိုင်ငံရေးသမား။ ကိုစိုင်းရဲ့ စိတ်တိုင်း ကျဆိုင်ကိုလည်း ဦးအုန်းမြင့်နဲ့ ဘကြီးမိုး သွားနေကျ၊ စားနေကျ။ ဦးအုန်းမြင့်နဲ့ ကို စိုင်းဟာ ဘယ်လောက်တွဲဖြစ် တွဲမိသလဲဆိုရင် ဘကြီးမိုး ဒုတိယတစ်ခေါက် ၁၉၉၆ ထောင်ထဲကို ရောက်သွားတော့ ဘကြီးမိုးရှိတဲ့ တွဲဖက်ကို သခင်အုန်းမြင့် ရော ကိုစိုင်း ပါ ရောက်လာလို့ ဆုံဖူးပါတယ်။

ကိုစိုင်းကတော့ ဖြူဖြူရှည်ရှည်၊ သဘောကောင်းကောင်း။ ဆေးပေါ့လိပ် သောက်ပြီး သီချင်းတအေးအေးနဲ့နေတဲ့သူ။ ထောင်ထဲမှာ သူရေးတဲ့သီချင်းတွေ ဟာ နာမည်ကြီးပေါ့။ သူလည်း ကိုအောင်ထိုက်လို လူပျိုကြီးပဲခင်ဗျ။ နောက် နိုင်ငံ ခြားကို ထွက်သွားပြီး ဟိုမှာ အိမ်ထောင် ကျကြောင်း၊ ကလေးရကြောင်း၊ ဒီဗီဘီမှာ မြင်ရတွေ့ရတာ။ လူချင်းတော့ ဘယ်တွေ့ရမလဲ။ သူ့လိုပဲ နိုင်ငံခြားပြေးတဲ့ ဘကြီး မိုးရဲ့သား မောင်ပန်းသီးလည်း ပြန်မှ မလာ နိုင်သေးတာပဲ။

ဒါနဲ့ သည်နေ့မနက် မောနင်းစတား ရောက်တော့ သားကြီး ပန်းသီးဆီက ဖုန်းလာပါတယ်။ ကိုအောင်ထိုက် ဆုံးတဲ့ သတင်းကြားရလို့ ဆက်တာတဲ့။

ကိုအောင်ထိုက်ကို ဘကြီးမိုး ထောင် ထဲမှာ မဆုံဖြစ်ပေမဲ့ ထောင်ပြင်မှာတော့ အမြဲဆုံပါတယ်။ ဒေါ်ကလျာနဲ့အတူ ဒေါ် ခင်နှင်းယုပွဲအတွက်လား မသိပါဘူး။ ဆိုင် မှာ မရှိဘူးဆိုလို့ ချင်းချောင်းထဲက သူ့အိမ် အထိ လိုက်သွားဖူးပါတယ်။ ကိုအောင် ထိုက်အိမ်ကို ဒေါ်ကလျာနဲ့ အဲသည်တစ် ခေါက်ရောက်ဖူးပြီး အခု သူ ကွယ်လွန်တော့မှ ဒုတိယတစ်ခေါက် ရောက်ရတာ ဖြစ်ပါတယ်။

မောနင်းစတားကို သားငယ်ညီညီ ရောက်လာတော့ ကိုဖုန်းနဲ့အတူ ကိုအောင် ထိုက်အိမ်ကို သွားကြပါတယ်။

ကိုပေါက်တို့ မတူးတို့ကို တွေ့ပါတယ်။ မတူးက ကိုအုန်းထွန်းရဲ့သမီးပါ။ ကိုပေါက် ကတော့ မတူးရဲ့ ခင်ပွန်းပေါ့။ ဦးဝင်းတင် ဖောင်ဒေးရှင်းမှာ ကိုအောင်ထိုက်နဲ့အတူ တွဲလုပ်နေကျပါပဲ။ ကိုပေါက်၊ မတူးတို့အ ပြင် မဒုံနဲ့ ကြူကြူသန်းတို့ကိုလည်း တွေ့ပါတယ်။ အိမ်ရှေ့မှာ ထိုင်ခုံတွေ ခင်းခါစ၊ မဏ္ဍပ်လည်းထူဖို့ လုပ်နေကြတာ ဖြစ်ပါ တယ်။

ချင်းချောင်းထဲအဝင်မှာ မော်တော်ပီ ကယ်တွေ လမ်းရှင်းနေတာ တွေ့ရလို့ ကို အောင်ထိုက်ကြီး တယ်ဟုတ်ပါလားလို့ အောက်မေ့နေတုန်း ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဖြိုးမင်းသိန်းလာသွားလို့တဲ့၊ ဖြိုးမင်းသိန်းအထွက် ဘကြီးမိုး အဝင်လောက် ဖြစ်မှာပေါ့။

ကိုအောင်ထိုက်ရဲ့နာရေးကို အတိုက် အခံလုပ်ခဲ့ကြတဲ့ နိုင်ငံရေးသမားတွေ အားလုံးလာကြမှာပေါ့။ ဒေါ်အောင်ဆန်းစု ကြည်ဆီကလည်း ပန်းခြင်းတော့ လာမှာ ပဲ။ အဲ ဘကြီးမိုးကလည်း ဦးဝင်းတင်ဖောင်ဒေးရှင်းအတွင်းရေးမှူး ကျော်အောင်ဆီ ဖုန်းဆက်ပြီး ပန်းခြင်းစီစဉ်ဖို့ ပြောလိုက် ရသေး။

ကိုအောင်ထိုက်ဟာ ဦးဝင်းတင်ရှိစဉ် ကပဲ ဦးဝင်းတင်ဖောင်ဒေးရှင်းကို အမြဲ အစွမ်းကုန် အကူအညီပေးခဲ့သူ ဖြစ်ပါတယ်။ ကိုအောင်ထိုက်ဟာ ဦးဝင်းတင်ကို အလွန် ချစ်ခင်လေးစားတဲ့သူ ဖြစ်ပါတယ်။ ဘကြီး မိုးကိုတော့ ကိုအောင်ထိုက်က အတော် ချစ်ပုံရတယ်ခင်ဗျ။ဘကြီးမိုးရဲ့မွေးနေ့တိုင်းကိုလည်း လာ၊ အားဆေးတွေ ဘာတွေလည်း ပေး။ ဘကြီးမိုးနဲ့ အော်ပီကျယ်နဲ့ တွဲပြီးရေးတဲ့ တို့နံ့နံ့ ဆောင်းပါးတွေကို အရမ်း သဘောကျပြီး ပြောလေ့ရှိပါတယ်။

ကိုအောင်ထိုက် ကျန်းမာရေးကတော့ တစ်နေ့ရွှေ တစ်နေ့ငွေဆိုသလိုမျိုးဖြစ်ပြီး ထိုင်းကို မကြာခဏ သွားရောက်ဆေးကု နေရသူ။ ကိုအောင်ထိုက်နဲ့ ကိုမိုးဝင်းတို့ကို ဘကြီးမိုး အမြဲလူလွဲ ခေါ်လေ့ရှိတာမို့ သူတို့ နှစ်ယောက်က အမြဲ ဟားလေ့ရှိပါတယ်။ နှစ်ယောက်စလုံးကတော့ ဘကြီးမိုးကို ဟားနေကျပါပဲ။ ဘကြီးမိုးကတော့ လွဲနေကျပဲလေ။

ကိုအောင်ထိုက် တစ်ခေါက်ပြန်လာ တိုင်း ပိုပြီး နေကောင်းလာသလို လန်းနေတာပဲ။

ခုတော့ သူ ရုတ်တရက် ကွယ်လွန် သွားပါပြီ။ သူ ကွယ်လွန်တော့ ၆၅ နှစ်ပဲ ရှိသေးတာ။

နိုင်ငံရေးတာဝန်တွေကိုလည်း ကျေ ပွန်အောင်လုပ်၊ လူမှုရေးတာဝန်တွေကိုလည်း ကျေပွန်အောင်လုပ်။ အခုတော့ အားလုံးကို ထားခဲ့ပြီး သူ သွားပါပြီ။ ကျန်တဲ့ သူတွေက ဆက်ပြီး နိုင်ငံရေးတာဝန်တွေ လုပ်ကြ၊ လူမှုရေးတာဝန်တွေလုပ်ကြပေတော့လို့ မှာထားခဲ့သလိုပါပဲ။

စိတ်တိုင်းကျ ကိုအောင်ထိုက်နှင့် ဘကြီးမိုးပါ။
ဘကြီးမိုး