ထွန်းဝင်းငြိမ်း - ငြိမ်းချမ်းရေးလား၊ တိုက်ပွဲဝင်နေတယ်



ထွန်းဝင်းငြိမ်း - ငြိမ်းချမ်းရေးလား၊ တိုက်ပွဲဝင်နေတယ်
(မြန်မာသံတော်ဆင့်ဂျာနယ်) မိုးမခ၊ အောက်တိုဘာ ၂၄၊ ၂၀၁၆
ရုန်းကန်လှုပ်ရှားနေရဆဲ
ကျနော်တို့နိုင်ငံဟာ ဒီနေ့အချိန်ထိ ငြိမ်းချမ်းရေးရဲ့ အရသာကို မခံစားရသေးပါဘူး။ ပိုပြီး တိတိကျကျပြောရရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးဆီ ဦးတည်နိုင်မယ့် အခြေအနေကို အစပျိုးနေရတဲ့ကာလ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မရှိသေးတော့ တိုင်းပြည်ထူထောင်ရေး၊ တည်ဆောက်ရေး တွေ ကောင်းကောင်း မလုပ်နိုင်။ ဒါကြောင့် တည်ဆောက်ရေးကာလ ဆိုတာထက် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်နေရဆဲကာလ မပြီးဆုံးသေး ဘူးလို့ မြင်မိပါတယ်။ 

အခုခေတ်စားနေတဲ့ အာဘော်က ဒီမိုကရေစီရေးအတွက် အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြသူတွေကို သစ်ခုတ်သမားတွေနဲ့ ခိုင်းနှိုင်းကြပြီး၊ တော်လှန်ရေးကာလလွန်မြောက်လို့ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက်မယ့်သူတွေကို ပန်းပုဆရာတွေလို့ တင်စား ပြောဆိုနေကြ ပါတယ်။ တည်ဆောက်ရေး ကာလ ရောက်လာပြီဖြစ်တဲ့အတွက် လမ်းရှင်းတဲ့ သစ်ခုတ်သမားတွေ မလိုအပ်တော့ဘူး။ အသေးစိတ် ထုလုပ် ဖန်တီးနိုင်စွမ်းရှိတဲ့ ပန်းပုဆရာတွေသာ ပိုပြီး လိုအပ်ပါတယ်လို့ ပြောဆိုနေကြတာတွေရှိပါတယ်။ အဲဒီအယူအဆက လက်တွေ့နိုင်ငံရေး အခြေအနေတွေနဲ့ ကိုက်ညီတယ် ပြောလို့မရပါဘူး။ တရားမျှတမှု မထွန်းကားသေးတဲ့၊ ဥပဒေစိုးမိုးမှု မရှိသေးတဲ့၊ လူ့အခွင့်အရေး ဆုံးရှုံး နေရတဲ့ အနေအထားမှာ ပန်းပု ဆရာတွေလည်း လက်ရာမြောက်အောင် ထုဆစ်ဖို့ အခွင့်မသာပါဘူး။ ဒါကြောင့် ပြည်သူလူထုကြီးဟာ သစ်ခုတ်သမားစိတ်ဓါတ်နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ လှုပ်ရှားရုန်းကန် တိုက်ပွဲဝင်နေရဆဲပါ။ 

စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေး နှစ်ခုစလုံး စစ်စစ်မှန်မှန် တည်ဆောက်နိုင်မှ ရရှိမယ်လို့ မြင်ပါတယ်။ အဲဒီ အရေးနှစ်ခုစလုံးအတွက် အဓိက အတားအဆီးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့သာ ဖြစ်ပါ တယ်။ ဒီနေ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်ခံရမှုတွေ ကြုံတွေ့နေရဆဲပါပဲ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေ လုပ်ခလစာ၊ ထွန်တုံးတိုက်ပွဲ၊ ဒီမိုကရေစီပညာရေးစနစ် စတဲ့အရာတွေအတွက် လမ်းမပေါ်ထွက် ဆန္ဒပြနေရတုန်းပါ။ ဒါကတိုင်းပြည်ရဲ့လက်ရှိ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ အလွန်အရေးကြီးတဲ့ စိမ်ခေါ်မှုတရပ် ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ
NCA လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနား မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဘယ်သူတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်သလဲ၊ ဘယ်သူတွေက ငြိမ်းချမ်းရေးကို မလိုလား ဘူးဆိုတာ ပြည်သူတွေ မကြာခင်မှာမြင်ရမှာပါ။” လို့ ပြော ကြားတာကိုတွေ့ရ ပါတယ်။
အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်းထဲကနေ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၇ ချက်ကို အခုလို တွေ့ရတယ်။ 
 ၁။ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ဖို့
 ၂။ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်ပြင်ဆင်ဖို့ 
၃။ ပြင်ဆင်အတည်ပြုပြီးဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးမှုမူဘောင်နဲ့အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပဖို့ 
၎။ ကျင်းပပြုလုပ်တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ရလဒ်တွေကို စုစည်းပြီး ပြည်ထောင်စုသဘောတူညီချက် (21 st Century Panglon Conference Agreement) လက်မှတ်ထိုးဖို့  
၅။ ပြည်ထောင်စု သဘောတူညီ ချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသား အတည်ပြုဖို့ 
၆။ ပြင်ဆင်ရေးသား အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက် ပွဲတွေကို ကျင်းပဖို့ 
၇။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီအချက် ၇ ချက်ဟာ လက်ခံနိုင်တဲ့ အချက်တွေပါ။ ဒီနေ့ နိုင်ငံရေးအရ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းဖြစ်တယ်။ တခုရှိတာက အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံမှာ အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုလုပ်ကြမှာလဲ။ တိုက်ပွဲတွေ မဖြစ်ပွားအောင် ဘယ်ပုံဘယ်နည်း တားဆီးကြမှာလဲဆိုတာ မတွေ့ရပါဘူး။ စစ်တပ်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA မှာ ပါဝင်ခွင့်ကန့်သတ်ခံ ထားရတဲ့ AA, MNDA, TNLA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို ဘယ်လိုသဘောထားကြမှာလဲဆိုတဲ့ မေးခွန်းတွေရှိနေပါတယ်။

လမ်းပွင့်သွားတယ်ဆိုတဲ့ လက်မှတ်ရေးထိုးနိုင်ရေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားမှာပဲ "ကျမပြောချင် တာကတော့ အစိုးရအဖွဲ့၊ တပ်မတော်အဖွဲ့၊ တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးဟာ ဘယ်သူတွေက သဘောထား ပိုကြီးနိုင်သလဲ၊ ဘယ် သူတွေက ပိုပြီးတော့ခွင့်လွှတ် သည်းခံနိုင်လဲ၊ ဘယ်သူတွေက ပိုပြီးတော့နိုင်ငံရဲ့အနာဂတ်ကို အဓိပ္ပါယ်ပိုပြီးတော့ တန်ဖိုးထားနိုင်လဲ ဆိုတာ ကိုပဲ ပြိုင်ကြပါလို့ ပြောချင်ပါတယ်၊ တိုက်ခြင်း၊ ခိုတ်ခြင်း၊ တိုက်နိုင်ခြင်းကိုပြိုင်မယ့်အစား မီးငြိမ်းအောင် လုပ်နိုင်မယ့် အင်အားကိုပြိုင်ကြပါလို့ ပြောချင်ပါတယ်" လို့ ဆိုခဲ့ပါသေးတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ NCA စာချုပ် ထွက်ပေါ်လာအောင် ကြိုးစားပေးခဲ့တဲ့ လွန်ခဲ့တဲ့ အစိုးရသက်တမ်းက သမ္မတ ဦးသိန်းစိန်နဲ့ ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးနိုင်ဖို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အစိုးရကို အချက် ၈ ချက် တောင်းဆို ထားပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်း နေပြည်တော်က ဆွေးနွေးပွဲမှာ အချက် ၄ ချက်ကို ညှိနှိုင်းနိုင်ခဲ့ပြီး၊ ကျန်၎ ချက်ကို ဆက်လက် ဆွေးနွေးဖို့ သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ် စားလှယ်အဖွဲ့ DPN တို့အကြား တွေ့ဆုံဆွေးနွေးမှုက သဘောတူညီချက်တချို့ရရှိခဲ့လို့ နှစ်ဖက်နားလည်မှု ပိုမိုတည်ဆောက်နိုင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးနိုင်ရေး လမ်းပွင့်သွားကြောင်း နှစ်ဖက်လုံးက မီဒီယာတွေကို ပြောကြတယ်လို့လည်းဆိုပါတယ်။

အခွင့်အရေးတွေ ဆုံးရှုံးနေရလို့
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးအရ ရှေ့ဆက်သွားနိုင်ဖို့ စိတ်စောနေပုံရပါတယ်။ တိုင်းရင်းသားတွေကတော့ မိအေး အကြိမ်ကြိမ် နာခဲ့ကြတာမို့ နိုင်ငံရေးအရ အာမခံချက်မရှိရင် တပ်မတော်နဲ့ လက်မှတ်ထိုးဖို့ မဖြစ်နိုင်ဘူးဆိုတာ သမိုင်းအရ၊ သူတို့ဘ၀အရ စွဲစွဲမြဲမြဲသိနေ တာတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန် လက “ဗမာမဟုတ်တဲ့ ကျနော်တို့ တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြ ပါလိမ့် မယ်။ ကျနော်တို့ဟာ ၁၉၄၇ခုနှစ် ပင်လုံမှာ ပြုလုပ်ခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံစေဖို့ အကောင်အထည် မဖော်နိုင်ခဲ့လို့ ကျနော်တို့ လိုလားတောင်းတတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံ တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပါပဲ”ဟု ၂၁ ရာစုပင်လုံညီလာခံ အဖွင့်နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

၂၁ရာစုပင်လုံ အဖွင့်မိန့်ခွန်းမှာလည်း ကာချုပ်ပြောကြားတဲ့ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲဆန္ဒကိုသာ ဦးစားပေး ဖော်ဆောင် နေခြင်းဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုတဲ့အပေါ် လက်ရှိအနေအထားမျိုးမှာ အခြေအနေနဲ့ မကိုက်ညီသေးဘူးလို့ မွန်ပြည်သစ် ပါတီ NMSP ဒုတိယ ဥက္ကဌ နိုင်ဟံသာက တုန့်ပြန်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ တပ်မတော်အနေနဲ့လည်း ဒီမိုကရေစီစနစ်ကို လက်ခံပါက အရပ်သားအစိုးရရဲ့ ဦးဆောင်မှုအောက်တွင် ခံယူသင့်ကြောင်း၊ လက်ရှိတပ်မတော်ဟာ အစိုးရရဲ့ လက်အောက်ခံအဖြစ် မနေဘဲ သီးသန့် အခွင့်အာဏာရယူထားခြင်းမှာ ဒီမိုကရေစီ မဆန်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့လည်း နိုင်ဟံသာက တပ်မတော်အပေါ် ပြန်လည်ထောက် ပြခဲ့တာကိုတွေ့ခဲ့ရပါတယ်။

ညီညွတ်ရေးအလုပ်
တကယ်တော့ NLD အစိုးရက တပ်မတော်ကို ထိန်းနိုင်တာနဲ့ အပစ်ရပ်ပြီသား ဖြစ်သွားမှာ အသေအချာပါပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး အရ ရိုးရိုးသားသား တန်းတူညီမျှစွာနဲ့ဖြေရှင်းနိုင်ခဲ့ရင် မပြေလည်စရာ အကြောင်းမရှိပါဘူး။ ဒီတော့ ဗမာ့တပ်မတော်က ထိုးစစ်အားလုံးကို ရပ်ပစ်ရမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ အာဏာရ ထားတဲ့ အင်အားကြီးသူက ပိုကြီးသဘောထားကြီးရစမြဲပါ။ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်ရေး အလုပ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးရရှိဖို့ စစ်မှန်တဲ့ ညီညွတ်ရေးလုပ်ငန်းစဉ်ကို မလွဲမသွေ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ ညီညွတ်ရေးအစပြုဖို့ ယုံကြည်မှုကို စတင်တည်ဆောက်လေ့ရှိပါတယ်။ 

ယုံကြည်မှုကို တည်ဆောက်ရာမှာ တနိုင်ငံလုံး အပစ်ရပ်စဲကြောင်းကျေညာချက်တွေ၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုးတွေ၊ အလုပ်တူပူးပေါင်းဆောင်ရွက်မှုတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတာတွေနဲ့ အစပျိုးကြပါတယ်။ အာဏာရ အစိုးရနဲ့ တပ်မတော်တို့ရဲ့ ဘယ်လောက်သဘောထားကြီးမလဲဆိုတာ ပြည်သူတွေ စောင့်ကြည့်နေကြပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတော်လှန်ရေး လက် နက်ကိုင်အဖွဲ့တွေကြားမှာ အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတွေနဲ့ တန်းတူရေး အခြေခံတွေ ကို လိုက်နာကြရပါတယ်။ ယုံကြည်မှု ခိုင်မြဲမှ ညီညွတ်ရေးတည်တံ့မှာ ဖြစ်ပါတယ်။ တန်းတူရေးကို အခြေခံတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရလဒ်ကို တိုးတက်ဖြစ်ပေါ်စေပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး
ညီညွတ်ရေးကိုဆောင်ရွက်ရာမှာ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မဖြစ်မနေတည်ဆောက်ကြရမှာပါ။ စစ်မှန်တဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးဆိုတာ မူမဲ့ အညံ့ခံရေးမဟုတ်ပါဘူး။ အမျိုးသားအကျိုးစီးပွားတရပ်လုံးအပေါ်မှာအခြေပြုတဲ့ သင့်မြတ်ရေး ဖြစ်ရ ပါမယ်။ အုပ်စုတစု၊ အဖွဲ့အစည်းတခုအတွက် အခြေမပြုရပါဘူး။ မြန်မာ့နိုင်ငံရေးနဲ့ သက်ဆိုင်သူအင်အားစုအသီးသီးရဲ့ ဒီမိုကရေစီ ရပိုင်ခွင့် တွေကို လုံးဝ အသိအမှတ်ပြုရပါမယ်။ ပေါင်းချင်သူနဲ့ပေါင်း၊ မပေါင်းချင်သူကို ၀ိုင်းပယ်ဆန့်ကျင် သွေးခွဲတာမျိုး မဖြစ်ရပါဘူး။ ပြုမူဆောင်ရွက် ချက်မှန်သမျှဟာ ရိုးသားပြီး ပွင့်လင်းဖြောင့်မတ်ရပါမယ်။ ဒီမိုကရေစီကျရပါမယ်။ လိမ်ညာလှည့်ဖြားတာမျိုး၊ အကောက်ကြံတာမျိုး မဖြစ်စေရ ပါဘူး။ အဲဒီအခြေခံတွေကို မူတည်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အစစ်နဲ့ အတုကိုခွဲခြားရမှာဖြစ်ပါတယ်။

တိုင်းရင်းသားပြဿနာ
ကျနော်တို့ နိုင်ငံရဲ့ ဒီနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ပိုပြီးနက်ရှိုင်းစေတဲ့ အကြောင်းတရပ်လည်းရှိပါတယ်။ ဒါကတော့ ကျနော်တို့ တိုင်းပြည်မှာ လွတ်လပ်ရေးနဲ့အတူ အရေးအကြီးဆုံး ဖြေရှင်းရမယ့် ပြဿနာကြီးတရပ်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုပြဿနာ ဖြစ်ပါတယ်။ အရင်းခံကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပြဿနာပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်အစိုးရတွေက အမျိုးသားရေးအခြေခံ သဘောထား တွေဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ပြဿနာတွေအပေါ်မှာ မှန်ကန်စွာ မဖြေရှင်းနိုင်ခဲ့ကြပါဘူး။

ဒီလိုမဖြေ ရှင်းနိုင်ခဲ့ကြတဲ့ အတွက် တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ မွေးရာပါအခွင့်အရေးတွေဖြစ်ကြတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကို ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းဖြေရှင်းသလို မဖြေရှင်းနိုင်ဘဲ ဖိနှိပ်ရေးကိုသာ အလေး ပေးခဲ့တဲ့အတွက် လူမျိုးစုတွေနဲ့ ပဋိပက္ခပိုမိုပြင်းထန်လာခဲ့ရပါတယ်။ ဆက်လက်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ် လာခဲ့ရပါတယ်။ ဒီနေရာမှာ အဆိုးဆုံးကတော့ စစ်အစိုးရအဆက်ဆက်ဟာ ဒီပဋိပက္ခတွေကို အသုံးချပြီး သူတို့အကျိုးစီးပွားအတွက် ဆောင် ရွက်ခဲ့ကြလို့ တိုင်းပြည်လည်း ဆင်းရဲတွင်းနက်နေတာ အားလုံးအသိ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖေါ်ဆောင်မှုနဲ့ လက်တွေ့နိုင်ငံရေး
လွန်ခဲ့တဲ့ အစိုးရ ငါးနှစ်သက်တမ်းမှာ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရကိုယ်စား ပြည်ထောင်စုငြိမ်းချမ်းမှုဖေါ်ဆောင်ရေးကော်မတီ MPC ကို ဦးဆောင်ခဲ့တဲ့ ဦးအောင်မင်းကာလကတည်းက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို ဘယ်တော့ လက်မှတ်ထိုးနိုင်ကြမလဲ ဆို တာကိုသာ ထပ်ခါတလဲလဲ ပြောဆိုခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါတိုင်း လက်မှတ်ထိုး ရေးသည်သာ ပထမ၊ လက်မှတ်ထိုးရေးသည်သာ ဒုတိယ၊ လက်မှတ်ထိုးရေးသည်သာ တတိယ အနေနဲ့ ဆက်လက် ဖိအား ပေးခဲ့တာ ဖြစ်ပါတယ်။ အပစ်ရပ် NCA လက်မှတ်ထိုးလိုက်ရင်ပဲ ငြိမ်းချမ်းရေး ရသွားတော့ မလိုလို တနိုင်ငံလုံးကို ထင်ယောင်မှား စေခဲ့တာပါ။ 

“မဆွေးနွေးဘဲ နေတာထက်စာရင် ဆွေးနွေးကြတာ ကောင်းတယ်၊ ဒါဟာ Process လုပ်ငန်းစဉ်ဖြစ်တယ်။” ဆိုတဲ့အသံတွေကလည်း ကျယ် ကျယ်လောင်လောင် ထူထောင်ဖြန့်ကျက်ထားတာပါ။ တကယ်တော့ ဥပဒေစိုးမိုးရေး အခြေခံမှာ နိုင်ငံရေးမူဘောင် လမ်းကြောင်းမှန်ပေါ် မှာ ဆွေးနွေးကြမှသာ အကျိုးရှိမှာ ဖြစ်ပါတယ်။ မှားယွင်းတဲ့ နိုင်ငံရေး မူဘောင် အကန့်အသတ်တွေထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့ရင် နှစ်ပေါင်း ရာချီကြာေ အာင် ဆွေးနွေးပေမယ့် တိုင်းရင်းသားပြည်သူလူထုအတွက် ကောင်းကျိုး မမြင်နိုင်ပါဘူး။

စစ်ရေးမှာ အအောင်မြင်ဆုံးညွှန်းကိန်း
စစ်တပ်က သူတို့ရဲ့အားသာချက်က စစ်ပွဲတွေကိုဖန်တီးတာ စစ်တိုက်တာလို့ ယူဆကြပါတယ်။ စစ်ရေးအန္တရာယ်ရှိရင်၊ လုံခြုံရေး ခြိမ်းခြောက် မှုရှိရင် စစ်တပ်ရှိနေဖို့ လိုအပ်တယ်။ စစ်တပ်အင်အားကြီးဖို့လိုအပ်တယ်လို့ လူတွေကယူဆကြမယ်။ အဲဒီအခါမျိုးမှာ စစ်တပ်ရဲ့ အရေးပါမှု အခန်းကဏ္ဍက ပိုမိုမြင့်မားလာမယ်လို့ စစ်ခေါင်းဆောင်တွေက တွက်ဆတတ်ကြပါတယ်။

ဒါပေမဲ့ တချို့သောသမိုင်းအတွေ့အကြုံတွေအရ အဲဒီတွက်ဆမှုအမှားတွေနဲ့ မလိုအပ်ဘဲ အရဲစွန့်ပြီး စစ်ပွဲတွေဖန်တီးရာကနေ စစ်တပ်ကို အထိနာစေတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ၁၉၈၅ ခုနှစ်က အာဂျင်တီးနားပါပဲ။ စစ်အာဏာရှင်စနစ် အောက်မှာ ရှိတုန်းက အာဂျင်တီးနားစစ်ခေါင်းဆောင်တွေဟာ ဖေါ်ပြခဲ့တဲ့ တွက်ဆမှုအမှားတွေနဲ့ ဖောက်ကလန်စစ်ပွဲမျိုးကို တိုက်ခဲ့ပါတယ်။ ရလဒ်က စစ်ရှုံးပြီး စစ်အာဏာရှင်စနစ်ပါ အဆုံးသတ်သွားစေခဲ့တာကို တွေ့ရပါတယ်။

ဒါကြောင့် စစ်ရေးမှာ အအောင်မြင်ဆုံးညွှန်းကိန်းဆိုတာ စစ်ပွဲကိုရှောင်ရှားပြီး ကိုယ့်ရည်ရွယ်ချက်ကို ပေါက်မြောက်အောင် လုပ်နိုင်တာပဲ ဖြစ်တယ်လို့ ပညာရှင်တွေဆိုကြပါတယ်။ ဒီနေ့ ကျနော်တို့တိုင်းပြည်မှာ လိုအပ်နေတာက စစ်တိုက်တဲ့ ဗိုလ်ချုပ်တွေထက် စစ်မှန်တဲ့ ငြိမ်းချမ်း ရေးကို ဆောင်ကျဉ်းပေးမယ့် စစ်ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒီနေ့အထိတော့ ကျနော်တို့နိုင်ငံမှာ အလားအလာ မတွေ့ရသေးပါဘူး။

ငြိမ်းချမ်းရေးကို လူထုအားနဲ့သာ တည်ဆောက်နိုင်မှာဖြစ်တယ်
ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ပြီဆိုရင် အဓိကအင်အားစုကြီး ဟာ ပြည်သူလူထုဘဲ ဖြစ်ပါတယ်။ ဘယ်သမိုင်းမှာမဆို ကြီးကျယ်တဲ့ ပြောင်းလဲ မှုကြီးတွေ ဟာ ပြည်သူလူထုရဲ့တိုက်ပွဲနဲ့ ကင်းပြီးမဖြစ်ခဲ့ပါဘူး။ ပြည်သူလူထုဟာ မိမိတို့အကျိုးအတွက် စည်းရုံးညီညွတ်ကြပြီး တိုက်ပွဲဝင်မှသာ ရရှိနိုင် မှာဖြစ်ပါ တယ်။ ပြည်သူလူထုစည်းရုံးမှုနဲ့ တိုက်ပွဲဝင်မှု မပါတဲ့ ပြောင်းလဲမှုတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တိုင်းချစ် ပြည်ချစ် ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်ရဲ့ လက်ရှိအကြပ်အတည်းက လွတ်မြောက်ေ အာင် ဆောင် ရွက်ရာမှာ ငြိမ်းချမ်းရေးလိုလားကြတဲ့ ပြည်သူလူထုကြီးကို စည်းရုံးပြီး အဲဒီသူတွေကိုယ်တိုင် နိုးကြား တက်ကြွစွာနဲ့ သဘောထားအမြင် ထုတ်ဖေါ်မှုတွေ၊ ဆွေးနွေးပွဲပြင်ပ၊ ညီလာခံပြင်ပ လူထုလှုပ်ရှားမှုတွေ အင်အားကောင်းကောင်း ပေါ်ထွက်လာမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာ ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း ၁၇-၁၀-၂၀၁၆
မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ ၅၊ အမှတ် ၃၂၊ အောက်တိုဘာ ၂၂-၂၈၊ ၂၀၁၆ နေ့ ထုတ်တွင်ဖေါ်ပြ ခဲ့သော ဆောင်းပါး။