ဆောင်းလူ ● ပုံမှန်မဟုတ်သော လူတယောက်နှင့် အိမ်မြှောင်ကောင်

 ဆောင်းလူ ● ပုံမှန်မဟုတ်သော လူတယောက်နှင့် အိမ်မြှောင်ကောင်
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၆

အိမ်မြှောင်တကောင်က တစ်တစ် ... တစ်တစ် ... နဲ့ အိမ်မြှောင်သံနဲ့ စကားတွေပြောနေပြန်တယ် ......။ တနေ့ တနေ့ ပုံမှန် မဟုတ်တဲ့ လူတယောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကဲခတ်ရင်း ဟိုပြေး သည်ပြေး ...။ ဒါဟာ အိမ်မြှောင်တကောင်ရဲ့ ပုံမှန်လုပ်နေကြ အလုပ်တွေပဲ ထင်ပါတယ်။

လူတယောက်ကလည်း ပုံမှန်မဟုတ်တဲ့ အတွေးတွေနဲ့ စိတ်ဝတ္တုတွေ၊ ရုပ်ဝတ္တုတွေကြား ဗျာများရင်း ယောက်ယက်ခတ် နေရတယ် ...။ ဒါဟာလည်း ပုံမှန်မဟုတ်တဲ့ လူတယောက်ရဲ့ ပုံမှန်လုပ်နေကြ အလုပ်တွေပဲ ထင်ပါတယ်...။

အိမ်မြှောင်တကောင်က သဘာဝအလင်းဝန်းကျင်အောက်မှာ အစာရှာဖို့ ကြိုးစားကြည့်နေတယ် ...။

ပုံမှန်မဟုတ်တဲ့ လူတယောက်ကတော့ ဖန်တီးထားတဲ့ အလင်းဝန်းကျင်အောက်မှာ အသက်ရှင်ရပ်တည်ဖို့ သားရိုင်းဥပဒေ တွေကို တလုံးမကျန် လေ့လာဖတ်မှတ်နေရပြန်တယ်။

လူတယောက်က လူတယောက်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ လူ့ဘုံလူ့ဘဝကို စဉ်းစားခန်း ဝင်နေနိုင်တယ် ...။ အိမ်မြှောင်ကောင် ကလည်း အိမ်မြှောင်တကောင်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အိမ်မြှောင်ဘုံဘဝကို တွေးတောနေနိုင်တယ် ...။

ပုံမှန်မဟုတ်တဲ့ လူတယောက်ကတော့ ပြတ်သွားပြီး အသစ်ပြန်ပြန်ထွက်လာတဲ့ အိမ်မြှောင်ရဲ့ အမြီးအကြောင်း စဉ်းစားကြည့် မိနေတယ် ...။ သူ့ကိုယ်ဆီက ပျောက်ပျက်သွားပြီး ခဏ ခဏ ရှင်သန်နေတဲ့ အတ္တအသစ်တွေအကြောင်းတော့ မေ့လျော့နေ တယ် ...။ သူ့ကိုယ်ဆီက ပျောက်ပျက်ပြီး ခဏ ခဏ ရှင်သန်နေမြဲဖြစ်တဲ့ မောဟအသစ်တွေအကြောင့် မေ့လျော့နေတယ် ...။

အိမ်မြှောင်တကောင်ကတော့ လူတွေ ဘာလို့ သူတို့ လေးဘက်တွားသွားတဲ့ အလေ့အကျင့်ကို မလုပ်နိုင်ကြတာတုန်း တွေး တောနေတယ် ...။ ကမ္ဘာမြေဆွဲငင်အားကို ဇောက်ထိုးမိုးမျှော်မြင်နေရတဲ့ သူ့ဘဝကိုလည်း သူ မေ့နေပြန်ရော ...။

ဇောက်ထိုးမိုးမျှော်ဖြစ်နေတဲ့ အိမ်မြှောင်ဟာ လူဥတွေ ဥတာကို မြင်ဖူးချင်မိနေတယ် ...။
ပုံမှန်မဟုတ်တဲ့ လူတယောက်ကတော့ အိမ်မြှောင်လို ကမ္ဘာမြေဆွဲအားကို ဇောက်ထိုးမိုးမျှော် ကြည့်ချင်မိနေတယ် ...။

လတ်တလော ကမ္ဘာမြေဟာ အတည့်လား အစောင်းလားဆိုတာလည်း သတိရဖို့ သူတို့ မေ့လျော့နေပြန်တယ် ...။

အိမ်မြှောင်က ကြားလို့မှ မသင့်တော်တဲ့ သူနာမည်ကို နာမည်ပေးကင်ပွန်းတပ်ပွဲ အသစ်နဲ့ ပြောင်းပစ်ချင်တယ် ...။ ဖြစ်နိုင်ရင် သူ ခဏ ခဏ မော့ကြည့်မိတဲ့ လူကောင်သတ်မှတ်ထားတဲ့ နာမည်ကို မလိုချင်တော့ဘူး ...။

လူကလည်း သူ့ကိုသတ်မှတ်ထားတဲ့ လူမှာ နှစ်ချောင်းငင်ကိုဖြုတ်ပြီး အချိန်ကုန် ပင်ပန်းသက်သာပြီး အဓိပ္ပါယ်ရှိလှတဲ့ တချောင်းငင်ကို အစားထိုး .... လု လို့ အမည်တွင်ချင်တယ် ...။

အိမ်မြှောင်ကလည်း သူ့အလိုနဲ့သူ ....
လူကလည်း သူ့အလိုနဲ့သူ ....

နေရင်း ထိုင်ရင်းမှ ...
အိမ်မြှောင်က လူကို မော့ကြည့်လိုက်မိတယ် ....
လူကလည်း အိမ်မြှောင်ကို မော့ကြည့်လိုက်မိတယ် ...။

ဘယ်အကောင်က ဘယ်သူ့အထက်ကမှန်း ဇဝေဇဝါ ဖြစ်သွားတယ် ...။
အဲ့ဒီ ပုံမှန်မဟုတ်တဲ့ လူနဲ့ အိမ်မြှောင်ကောင်ကို သူတို့ သတိလစ်မေ့လျော့နေတဲ့ အကြောင်းတရားတခုက ကျောချင်းကပ် စောင့်ကြည့်နေပြန်ရော ....။

အိမ်မြှောင်ကလည်း မော့ကြည့်နေရတဲ့ လူကိုကြည့်ရင်း တွေးနေတယ် ...
လူကလည်း မော့ကြည့်နေရတဲ့ အိမ်မြှောင်ကိုကြည့်ရင်း စဉ်းစားမိနေတယ် ...။

သူတို့စဉ်းစားနေတဲ့အချိန်မှာ မိုးလေဝသကလည်း ဖောက်ပြန်နေလေရဲ့ ...။

နေ့လည် ၁၂း ၂၅ အချိန်၊ အောက်တိုဘာ ၂၅၊ ၂၀၁၆