အဲဒိုဗေဒါ ● မြန်မာထမင်းဟင်း မကြိုက်သူများ တွေ့ဆုံပွဲ (သရော်စာ)


အဲဒိုဗေဒါ ● မြန်မာထမင်းဟင်း မကြိုက်သူများ တွေ့ဆုံပွဲ (သရော်စာ)
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၆

အပေါစား မြန်မာထမင်းဆိုင်တွေ "ရပ်"..တဲ့။
တဖက်ကလည်း နင်တို့ အော်ခွင့်မရှိဘူး၊ စားတဲ့လူရှိလို့ ရောင်းနေတာ၊ နင်မကြိုက်ရင် နင်မစားနဲ့တဲ့။

တဖက်ကလည်း အော်မှာပေါ့လေ။ ကိုယ့်ရပ်ကွက်ထဲက မြန်မာထမင်းဆိုင်တွေက ပေါပေါပဲပဲ ညစ်တီးညစ်ပတ်တွေပဲ ချက် ရောင်းနေတော့.. ဟိုဖက်ရပ်ကွက်က ပီဇာတွေချည်း သွားသွားဝယ်စားနေရတာကိုး။ မြန်မာတွေပဲလေ မြန်မာထမင်းဟင်းကိုပဲ အရသာရှိရှိလေး စားချင်ရှာကြမှာပေါ့။

တချို့က ထောက်ပြတာပေါ့၊ မြန်မာထမင်းဆိုင်တွေ ပိတ်လိုက်မှတော့.. ထမင်းကောင်း၊ ဟင်းကောင်းကိုလည်း ဘယ်မှာ သွားစားကြရမှာတုန်း။ ထမင်းဆိုင်တွေမှာ ပန်းကန်ဆေး၊ ဖုန်သုတ်နဲ့ ကပ်ရပ်စားနေတဲ့ မိသားစုတွေရဲ့ ဘဝတွေကို စာနာ သင့်တယ်..တဲ့။

တဖက်က ပြန်ပြောတယ်၊ သူတို့က အပေါစား ချက်ရောင်းနေတာတွေကို ရပ်ခိုင်းတာ။ ပိတ်လည်း မပိတ်ခိုင်းဘူး။ ကောင်းတဲ့ ထမင်းဆိုင်တွေကို ပြောတာလည်း မဟုတ်ဘူး..တဲ့။

အဲ့ဒါကိုက လွဲတာ။ မြန်မာထမင်းဆိုင်တွေ အားလုံး အပေါစားတွေချည်း ချက်ရောင်းနေတာ သိရဲ့သားနဲ့ အပေါစားမြန်မာ ထမင်းဆိုင်တွေ ရပ်ဆိုတော့ ထမင်းဆိုင်တွေ အားလုံးပိတ်လို့ အဓိပ္ပါယ်ထွက်မနေဘူးလား။

အဲ့ဒီတော့.. ဝါရင့် စားဖိုမှူးကြီးတွေဆို ဆွေ့ဆွေ့ကို ခုန်ရော။ တျားစွဲမယ်.. တကဲကဲ။ ဝါရင့် စားပွဲထိုးတွေကလည်း ဘာ ကြောင့် သူတို့ပေါရတယ်၊ ထမင်းသိုးဟင်းသိုးတွေ ဘာကြောင့်ရောင်းရတယ် ဆိုတာ.. ဝင်ဝင်ရှင်းပြကြတာများ ကမောက် ကမ၊ သောက်တလွဲတွေ ဖြစ်တော့ လူဟားစရာတွေကို ဖြစ်ရော (ဖြစ်မှာပေါ့ ရုပ်လေးပြ ပန်းကန်ချရတဲ့ စားပွဲထိုးက စားဖို အကြောင်း ဘာသိမှာမို့တုန်း)။

စားဖိုမှူးတွေ စိတ်ဆိုးကြတာ ထားပါဦး။ ထမင်းချက်၊ ဟင်းချက် မကောင်းတဲ့ကိစ္စ စားပွဲထိုးနဲ့ ဘာဆိုင်လို့ ဝင်ရှင်းပြရတာတုန်းလို့ မတွေးကြနဲ့ဦး၊ မြန်မာထမင်းဆိုင်တွေရဲ့ ရိုးရာက စားဖိုမှူးအဓိက မဟုတ်ဘူး။ စားပွဲထိုးက အဓိက..တဲ့။ စားဖိုမှူးတွေ ဘာချက် ချက်၊ ဘယ်လိုချက်ချက် စိတ်မဝင်စားဘူး၊ စားပွဲထိုးချောမှ လာစားကြတာ...တဲ့ဗျ။ ဘယ်ဆိုင်က ဘယ်စားပွဲထိုးလေးက ဘာအင်္ကျီဝတ်ထားတာ၊ ဘာနှုတ်ခမ်းနီးလေး ဆိုးထားတာ ကြည့်ပြီး လာစားကြတာ..ဆိုပဲ။

ဝင်ငွေတောင် နာမည်ကြီး စာဖိုမှူး ၁ယောက် ရတဲ့ပိုက်ဆံက စားပွဲထိုးရတဲ့ ပိုက်ဆံရဲ့ အစွန်းထွက်တောင် မရှိဘူးတဲ့။ စားပွဲထိုးကို ပေးရတဲ့ ပိုက်ဆံက တဆိုင်လုံးကုန်ကျစရိတ်ရဲ့ ၃ပုံ ၂ပုံတောင် ရှိသတဲ့။ ဒါကြောင့် ထမင်းဟင်းကွာလတီ မမြှင့်နိုင်တာလို့ စားဖိုမှူးတချို့ကလည်း အကြောင်းပြတာပေါ့ (တကယ်တော့ သူတို့ကိုယ်တိုင်က ဘာမှမချက်တတ်ပဲ၊ စားပွဲထိုး မျက်နှာနဲ့ လုပ်စားနေကြတာလည်း ပါတာပေါ့နော်။ စားပွဲထိုး ကြည့်စားပါတယ်ဆိုမှ စားဖိုမှူးက ချက်တတ်စရာမှ မလိုတော့တာ)။ ဒီကြားထဲ စားပွဲထိုးက သူ့ကိုအားထားရောင်းနေရမှန်း သိတော့ သူတို့ကိုယ်တိုင် ဝင်ဝင်ချက်ချင်သေးတာ။ ဒီလို ထမင်းဆိုင်မျိုးမှ သောက်ပြောမခံရရင် ဘယ်ဆိုင်မျိုး အပြောခံရမလဲပြော။

ဝါရင့် စားပွဲထိုးတယောက် ဝင်ရှင်းတာက မင်းတို့ ပီဇာဆိုင်ကကောင်တွေကို ငါတို့ဆိုင်ကသုံးတဲ့ ဈေးဖိုးလောက်ပေးပြီး ထမင်းချက်ခိုင်းလိုက်ရင် ရူးပြီးတောင် တုန်ဆင်းသွားဦးမယ်...တဲ့။

နောက် စားပွဲထိုး တယောက်ကလည်း ငါတို့မှာ ရှိတဲ့ ဆန်ကွဲလေးနဲ့ ချဉ်ပေါင်းရွက်လေးနဲ့ ပီဇာတွေ၊ ချပါတီတွေကို လိုက် အတုခိုးပြီး ချက်ပြုတ်နေရတာ ဒီလောက်တော့ ညံ့မှာပေါ့..တဲ့။ သူတို့မှာရှိတဲ့ ဂျုံတွေ၊ မုန့်ဖိုတွေသာပေးကြည့်။ သူတို့ပီဇာနဲ့ မတူတူအောင် လုပ်ပြနိုင်တယ်..တဲ့။ (မြန်မာထမင်းဟင်းကောင်း စားချင်ပါတယ်ဆို ပီဇာကူးချမယ့် ရွှေဉာဏ်တော်စူးရောက် ကလည်း ရှိသေးတယ်)။

အဲ.. ပီဇာတွေ၊ ဂင်ချီတွေ၊ ချပါတီတွေပုံစံ လိုက်တုပြီး ချက်ရောင်းတဲ့ မြန်မာထမင်းဆိုင်က စားပွဲထိုးလေးက ပြောတယ်။ မြန်မာထမင်းဟင်း မစားရင် အမျိုးပျောက်သွားနိုင်တယ်..တဲ့။

ဝါရင့် စားဖိုမှူးတွေ ရှင်းတမ်းကလည်း ရှိသေးတယ်။ ထမင်းသိုးဟင်းသိုး ချက်ချင်လို့ ချက်တာ မဟုတ်ဘူးတဲ့။ စားတဲ့သူတွေက ထမင်းသိုးဟင်းသိုးပဲကြိုက်လို့ တမင် မသိုးသိုးအောင် ချက်ပြီး ရောင်းနေတာ...တဲ့။ (အရသာရှိတဲ့ ထမင်းဟင်းဆို မစားဘူး ကွာဆိုတဲ့ စားသုံးသူမျိုး အပြင်မှာ မြင်ဖူးချင်လိုက်ထှာ)။

ကိုရီးယားက စဥ့်အိုး၊ ကိုရီယားက မုန်ညင်း၊ ကိုရီးယားက အဆာပလာတွေသာပေး၊ ကမ္ဘာကျော်ကိုရီးယား ဂင်ချီအတိုင်း တ ထေရာတည်းတူအောင် လုပ်ပြနိုင်တယ်..တဲ့။ (လာပြန်ပြီ..ကော်ပီစိတ်ကိုက မပျောက်ဘူး။ ပုံစံသာ တူချင်တူမယ်၊ အရ သာက ဘယ်လိုလုပ် တူနိုင်ပါ့မလဲ။ တကယ်ဆို.. မြန်မာနိုင်ငံမှာ မုန်ညင်းချဉ်လည်း ဟိုရှေးပဝေသနီထဲက ရှိပြီးသား မဟုတ် ဘူးလား။ မင်းတို့ ဂင်ချီလို ပိုက်ဆံအများကြီး မသုံးနိုင်ပေမယ့်.. ငါတို့မုန်ညင်းချဉ်ကို ကမ္ဘာကျော်အောင် လုပ်ပြမယ်ကွ..ဆို တာမျိုး ဖြစ်သင့်တာ မဟုတ်ဘူးလား)။

ငါတို့က ဒီထမင်းသိုးဟင်းသိုး ရောင်းမှ ထမင်းကောင်းဟင်းကောင်းချက်ဖို့ အရင်းအနှီးရမှာ..တဲ့။ (ဆိုင်ရှင်မကြီး စိန်နားကပ် သာ ကြီးကြီးလာတယ်။ ထမင်းကောင်းဟင်းကောင်း ချက်ဖို့ အရင်းအနှီးက ပြည့်ပဲ မပြည့်နိုင်ဘူး)။

မြန်မာထမင်းဆိုင်တွေကို အုပ်စုဖွဲ့ပြီး စကားလုံးတွေနဲ့ အနိုင်မကျင့်သင့်ဘူးတဲ့။ ထမင်းသိုးဟင်းသိုး ချစ်သူတွေကို စော်ကား သလို ဖြစ်မယ်..တဲ့။ မြန်မာထမင်းဟင်း မကြိုက်သူများအဖွဲ့ကိုလည်း တရားစွဲမယ်..တဲ့။ (သူများအပြောမခံရအောင် ဘယ် လိုအရသာရှိအောင် ပြန်ချက်ပြမယ် မရှိဘူး၊ မကောင်းဘူးပြောသူတွေကို သတ်စေ.. လုပ်ချင်တာကလား။ မကောင်းဘူး ပြောသူတွေကို ဖမ်းလို့ မြန်မာထမင်းဟင်းတွေ ကောင်းလာမယ်လို့ အာမခံရင် သူတို့ကိုယ်တိုင်တောင် ပျော်ပျော်ကြီး လာ အဖမ်းခံကြမှာပါ)။

စားသုံးသူတွေ တောင်းဆိုတာက မြန်မာထမင်းဟင်းကိုပဲ ကောင်းကောင်းလေး၊ အရသာရှိအောင် ချက်ရောင်းဖို့။ ထမင်း ဆိုင်တွေအကြောင်းပြတာက ပီဇာဆိုင်လို၊ ချပါတီဆိုင်လို ဂျုံတွေ၊ မုန့်ဖိုတွေ မရှိလို့ မြန်မာထမင်းဟင်း မကောင်းတာ..တဲ့။ ဟုတ်တော့ ဟုတ်နေပြီ။ (မြန်မာထမင်းဟင်းကို ပီဇာမုန့်ဖိုတွေနဲ့ ချက်ပြုတ်နိုင်ရေး နိုင်ငံတော်က ထောက်ပံ့ပေးသင့်တယ် ဆိုတာက ပါသေးတယ်)။

အိမ်နီးချင်းရပ်ကွက်က တုံ့ယမ်းဟင်း ကမ္ဘာကျော်သွားလို့ မြန်မာ့ထမင်းဟင်းကိုလည်း ကျော်အောင်လုပ်ကြမလား မှတ် တယ်၊ တုံယမ်းဟင်း အတုလိုက်ချက်ရောင်းကြပြန်တယ်။ ကဲ...

ပြောတော့.. မြန်မာ့ထမင်းဟင်းတွေ ကော်ပီချက်ရောင်းနေကြလို့ မြန်မာ့ထမင်းဆိုင်တွေ ဝင်ငွေထိခိုက်ပြီး ညံ့နေတာ..တဲ့။ (သူတို့ပြောမှပဲ ကြားဖူးတာ။ ထမင်းသိုးဟင်းသိုးကို ကူးပြီး ရောင်းရလောက်အောင် အောင်မြင်နေမှန်း မသိခဲ့တာပါ)။ သူတို့ ကသာ ဝင်ငွေထိခိုက်လို့ ထမင်းကောင်းဟင်းကောင်း မချက်နိုင်တာ ပြောတာ၊ စားပွဲထိုးတွေ ချမ်းသာချက်က သူတို့စီးတဲ့ ဖိနပ်တင် ထမင်းဆိုင် ၁ဆိုင်လုံးထက် ဈေးကြီးသေးတယ်။ ဒီလောက်သာ ချမ်းသာလာတာ၊ မြန်မာ့ထမင်းဟင်း တိုးတက်ဖို့ နိုင်ငံတကာလိုမျိုး မီးဖို၁ဖို ဝယ်ဖူးလား? ထမင်းအိုး၁အိုး ဝယ်ဖူးလား?..လို့။

ပြီး.. သူတို့ကသာ မလိုက်မဖက်နဲ့ ဟိုပီဇာ ကူးချ၊ ဒီချပါတီ ကူးချနဲ့၊ ပေါက်ကရ လိုက်ချက်ရောင်းနေတာ။ မြန်မာ့ထမင်းဆိုင် တိုးတက်ရေးအတွက်ကျ ပီဇာဆိုင်တွေ၊ ချပါတီဆိုင်တွေ ပိတ်လိုက်ရင်ရပြီ..ဆိုပဲ။

တကယ်ဆို.. မြန်မာထမင်းဟင်း မကြိုက်သူများအဖွဲ့ကလည်း မှားနေတာရှိတယ်။ တကယ်ဖြစ်သင့်တာက မြန်မာထမင်းဟင်း မစားသူများ ဆိုပြီး ဖြစ်ရမှာ။ ဟုတ်တယ်လေ၊ မြန်မာတွေပဲ မြန်မာထမင်းဟင်း မကြိုက်ပဲ နေပါ့မလား။ ထမင်းဆိုင်က အပေါစားတွေမို့သာ မစားချင်ကြတာလေ။ မကြိုက်မှတော့ ကောင်းအောင်ချက်ပေးပါ..လို့ တောင်းဆိုနေစရာမှ မလိုတာ။

ကျနော်လည်း မြန်မာမို့ မြန်မာထမင်းဟင်းကို ကြိုက်ပါတယ်။ မစားတာပါ။ နိုင်ငံခြားဖြစ်မှ အထင်ကြီးလို့လည်း မဟုတ်ဘူး။ မြန်မာကို အထင်သေးလို့ မစားတာလည်း မဟုတ်ဘူး။ ချက်တာပြုတ်တာ ညံ့လွန်းလို့ မစားတာ၊ ရိုင်းရိုင်းပြောရရင် ရွံလို့ မစားတာ။ တကယ်ဆိုရင် ပီဇာတွေ၊ ဂင်ချီတွေ၊ ချပါတီတွေချည်းပဲလည်း အမြဲမစားချင်ပါဘူး။ မြန်မာထမင်းဟင်းကိုပဲ နေ့ တိုင်း မြိန်မြိန်လေး စားချင်ပါတယ်။

ကျနော် တောင်းဆိုချင်တာက ၅ချက်ပဲ ရှိတယ်။

၁။ မြန်မာထမင်းဆိုင် ဆုပေးပွဲမှာ နိုင်ငံတကာပညာရှင်တွေပါ ခေါ်ပြီး အကဲဖြတ်ပေးပါ။

၂။ ဆုရဖို့ ထိုက်တန်သူ မရှိပါက မည်သူ့ကိုမှ မပေးခြင်းဖြင့် ထမင်းကောင်း ဟင်းကောင်း ချက်ချင်စိတ်ကို မြှင့်တင်ပေးပါ။

၃။ ထမင်းဟင်း ဆင်ဆာအဖွဲ့မှ အဆင့်မမီသော ထမင်းသိုးဟင်းသိုးများကို ချက်ရောင်းခွင့်မပေးခြင်းဖြင့် မြန်မာထမင်းဆိုင်များ ကို မြှင့်တင်ပေးပါ။

၎။ မြန်မာထမင်းဆိုင်များကလည်း ပီဇာတွေ၊ ဂင်ချီတွေ၊ ချပါတီတွေလို ကမ္ဘာမကျော်ချင်နေပါ၊ မြန်မာထမင်းဟင်း စစ်စစ် ကိုပဲ၊ အရသာရှိအောင် ချက်ရောင်းပေးပါ။

၅။ အရေးကြီးဆုံး ၁ချက်ကတော့.. အဝေးပြေးကားတွေပေါ် ယာဉ်စီးသူများအား ပေါပေါပဲပဲ မြန်မာ့ထမင်းသိုး၊ဟင်းသိုးများဖြင့် တလမ်းလုံး နှိပ်စက်ခြင်းများ "ချက်ချင်းရပ်" "ချက်ချင်းရပ်"။

အဲဒိုဗေဒါ 12102016
(မြန်မာ့ထမင်းဆိုင်စစ်စစ်၊ ထမင်းကောင်းဟင်းကောင်း ချက်ရောင်းသူများအား မဆိုလိုပါ)