တည်ဘွားဦး ● ကလေးတယောက်ရဲ့ စစ်မြေပြင်သို့ ပြန်စာပေးပို့ခြင်း

 တည်ဘွားဦး ● ကလေးတယောက်ရဲ့ စစ်မြေပြင်သို့ ပြန်စာပေးပို့ခြင်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၆

မမီတော့တဲ့ ရထားကြီးကို
ငေးပြီး လွမ်းမနေနဲ့တော့
အားလုံးရဖို့ စိတ်ကူးထားတယ်ဆိုရင်
နိဗ္ဗာန်နဲ့ လွဲနေဦးမယ်
သားသားမှာ လက်တွေလည်း မရှိတော့
သားသားမှာ ခြေထောက်တွေလည်း မရှိတော့
မမီတော့တဲ့ ရထားကြီးကို ငေးမိတာပေါ့
အဘိုးကပြောတော့
ခြေကောင်းလက်ကောင်းလေးမွေးလာခဲ့လို့
ဝမ်းသာတယ်ဟေ့ ဆို
တော်ပါပြီ
သိပ်စိတ်ညစ်စရာတွေ မတွေးတာဘဲ
ကောင်းပါတယ်
ကျန်ရှိနေသေးတဲ့ သားသားရဲ့ ခန္ဓာကိုယ်ဟာ
ကျန်ရှိနေသေးတဲ့ သားသားရဲ့နိုင်ငံတော်ကြီးပါ
ဒီစာကိုတော့
စစ်မြေပြင်မှာရှိနေတဲ့ စစ်သားကြီးတွေဆီကို
ရောက်အောင်ပို့ပေးပါခင်ဗျား
အားလုံးကိုလေးစားပါတယ်
သားသားဖိုးထူး

တည်ဘွားဦး