ငြိမ်းချမ်းအေး - ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရေး စာအုပ်နှင့် ပတ်သက်၍

  ငြိမ်းချမ်းအေး - ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရေး စာအုပ်နှင့် ပတ်သက်၍
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၆
“Never speak ill of the dead” ခုခံချေပပိုင်ခွင့် မရှိတော့တဲ့ သေသူတဦးတယောက် အကြောင်းကို မကောင်းမပြောသင့်ဘူး ဆိုတာဟာ အရှေ့တိုင်းကော၊ အနောက်တိုင်းမှာပါ လူ့ယဉ်ကျေးမှု အဖြစ် လက်ခံကျင့်သုံးလေ့ ရှိတဲ့ လူ့အခြေခံ ကျင့်ဝတ် တခုပါ။

“သမိုင်းကို ပြန်သုံးသပ်ရင် ဘယ်သူ့ အပေါ်မှ အားနာလို့ မရဘူး” ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဝေဖန်ချက်၊ သုံးသပ်ချက်က သမိုင်းဆိုင်ရာ တန်ဖိုးရှိတဲ့ အချက်ဖြစ်ဖို့လိုပါတယ်။

“အရည်အချင်းက သာမန်ပါ”၊ “အနားပြာပါ” ဆိုတဲ့ အပြောမျိုးတွေကတော့ သမိုင်းတန်ဖိုးမဲ့သလို ဘက်မလိုက်တဲ့ တတိယ အစုအဖွဲ့ရဲ့ အကိုးအကား အချက်အလက် အထောက်အထားတွေလည်း ပြနိုင်ဖို့လိုပါတယ်။

အခု ထွက်လာတဲ့ ဦးဝင်းထိန် ရေးတဲ့ “ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု (ကောင်းကင်သစ် စာပေထုတ်၊ ၂၀၁၆ အောက်တိုဘာ၊ တန်ဖိုး ၃,၀၀၀ ကျပ်)” စာအုပ် စာမျက်နှာ ၂၂-၂၃၊ “အုန်းကျော်မြင့်ကို ကျွန်တော့်ရဲ့ အကဲဖြတ်ချက်”ပါ အထက်မှာ စကားလုံး ရေးသားချက်တွေကို ခေတ်ပြိုင်ထဲက မှန်၏၊ မှား၏ ပြန်လည် သုံးသပ်ဝေဖန်တဲ့ စာတွေ ဖတ်ချင်မိပါတယ်။ စာအုပ်ပါ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ညွှန်းဆိုတဲ့ “ဗိုလ်ကျတယ်၊ အနိုင်ကျင့်တယ်၊ သြဇာပြတယ်” စတဲ့ အကျင့်စရိုက်ကို ပုံပေါ်စေတဲ့ စကားလုံးတွေ အတွက်လည်း ပြန်လည် ဖြေရှင်းမယ့်သူ ပေါ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။

စာရေးသူ ဗိုလ်ကြီးဟောင်းလည်း ဖြစ်တဲ့ အမှုတွဲလည်း ဖြစ်တဲ့ ဦးဝင်းထိန်ဟာ ဗိုလ်ကြီး အုန်းကျော်မြင့်ကို ဘာကြောင့် အဲဒီလို မှတ်ချက် ပြုသလဲဆိုတာ စဉ်းစားစရာပါ။ အဲဒီခေတ် မတူညီတဲ့ စစ်ကျောင်း နှစ်ခု ဖြစ်တဲ့ OTS, DSA စစ်ဗိုလ်အချင်းချင်း ပြိုင်ဆိုင်မှု အရင်းခံ ပြီးများ ပြောသလား တွေးချင့်စရာပါ။

အရပ်သား အမြင်နဲ့ ပြောရရင်တော့ လူငယ်ဘဝမှာ အထက်-အောက် အမိန့်ပေး စနစ် ပုံစံသက်သက်မဟုတ်ဘဲ “တက္က သီလ” တွေးခေါ်မြော်မြင်ကြံစည်ခြင်း အကျင့်ကို ပြုစု ပျိုးထောင် အလေ့အကျင့် တည်ဆောက်မှု (စနစ်က ခွင့်ပြုသလောက်) တတ်စွမ်းသမျှ ပေးနိုင်တဲ့ အရပ်သား ဆရာ၊ ဆရာမတွေ ရှိရာ အရပ်ကျောင်း တက္ကသိုလ်ကို တက်ခဲ့ဖူးတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်ကို ပို အမှတ်ပေးမိပါတယ်။

တချက်က စစ်အာဏာရှင်စနစ်ဆိုးမှာ ကြီးနိုင်ငယ်ညှဉ်း လုပ်တတ်ဖို့ မွေးမြူသင်ကြားခြင်းကို စနစ်တကျ ခံခဲ့ရတဲ့ စစ်တပ်နဲ့ စစ်အုပ်ချုပ်ရေးပိုင်းမှာ “ဗိုလ်မကျသူ၊ အနိုင်မကျင့်တတ်သူ၊ အနည်းဆုံးအဆင့် သြဇာ မပြသူ” စစ်ဗိုလ် ရာထူး လက်ရှိ၊ လက်မဲ့ ဘယ်လောက်များကော ရှိနိုင်မလဲ တွေးမိပါတယ်။ အခုအချိန်အထိ မြင်နေရတာကတော့ နေရာတိုင်းမှာ ဗိုလ်ကျနေတဲ့ လက်ရှိစစ်ဗိုလ်တွေ၊ စစ်ဗိုလ်ဟောင်းတွေ၊ စစ်ဗိုလ်ပြုတ်တွေပါပဲ။ NLD ပါတီထဲမှာကိုပဲ မြင်ကြည့်နိုင်ပါတယ်။ အနည်းဆုံး အဆင့် ဗိုလ်ကျတဲ့ စကားတွေ ပြောတာ အမြဲ ကြားရတတ်ပါတယ်။ ဥပမာ - “ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြပြီး ရာထူးက ဖြုတ်လိုက်တယ်” ဆိုတဲ့ စကားမျိုးဟာ ဒီမိုကရေစီ စနစ်ရဲ့ စကားလား၊ စစ်အာဏာရှင်စနစ် စကားလား ဝေဖန်ချင့်ချိန်ကြည့်နိုင်ပါတယ်။

ဗိုလ်ကြီး အုန်းကျော်မြင့် ကြံစည်ခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းကို ဖြုတ်ချလိုတဲ့ အမှုဟာ လက်တွေ့ပိုင်းနဲ့ ဒီမိုကရေစီ အနှစ်သာရပိုင်း အားနည်းချက်တွေ ရှိကောင်းရှိနိုင်ပေမယ့် တိုင်းပြည်ရဲ့ အဓိက ပြဿနာ ဟာ မ-ဆ-လ စစ်အာဏာရှင် စနစ်ကြောင့်၊ ဗိုလ်ချုပ်နေဝင်း အမှူးပြုတဲ့ စစ်ဗိုလ်ချုပ်ကြီးများ ကိုယ်ကျိုးရှာမှုကြောင့် ဆိုတဲ့ အခြေခံ သိမြင်မှု၊ မြော်မြင်မှုကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ ဗိုလ်နေဝင်း ဆို မျက်မွှေးထော် မော်လို့မကြည့်ဝံ့တဲ့ ခေတ်မှာ လုပ်ကြံ ဖြုတ်ချဖို့ အထိ ကြံစည်ဝံ့တဲ့ သတ္တိဟာလည်း သူရဲကောင်းခေါ်ထိုက်ပါတယ်။ ရေးသားပြီးထဲက အဲဒီ ခေတ် သမိုင်းနဲ့ မှတ်တမ်းစာအုပ်တွေမှာလည်း ဒီလိုပဲ သုံးသပ်ကြပါတယ်။

ဗိုလ်ကြီးအုန်းကျော်မြင့်လို ပုဂ္ဂိုလ်မျိုးတွေနဲ့ သူ့ ဖြစ်စဉ်ထက် စောတဲ့ ၁၉၆၀ ဆယ်စုနှစ် နှောင်းပိုင်းမှာ ဖြစ်ခဲ့တဲ့ မ-ဆ-လ စစ်တပ်ရဲ့ ကရင်လူထု အပေါ် ရက်ရက်စက်စက် ပြုမူ ပုံတွေကို သိမြင်ရလို့ ဗိုလ်နေဝင်းကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့ဖူးတဲ့ စစ်အာဏာရှင် ဒေါက်တိုင် စစ်ထောက်လှမ်းရေး အရာရှိ ကရင်လူမျိုး ဗိုလ်ကြီး ကျော်စွာမြင့်လို ပုဂ္ဂိုလ်မျိုးတွေဟာ တိုင်းပြည်ရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သမိုင်းမှာ မှတ်တမ်းဝင် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ဒါကို ဗိုလ်ကြီးအုန်းကျော်မြင့် အမှုတွဲနဲ့ အတူ အရေးယူခံရတဲ့ စာရေးသူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က သူ့ကို တပ်က စစ်ဆေးစဉ် ဒီကိစ္စကို သိလျက်နဲ ဘာကြောင့် သတင်းမပို့သလဲ မေးခွန်းကို “အုန်းကျော်မြင့် ပါမှတော့ အဖြစ်ရှိမှာ မဟုတ်ဘူးလို့ ထင်လို့ သတင်းမပို့တာ” (စာမျက်နှာ ၂၉) ဆိုတဲ့ စာအုပ်ပါ ပုံဖော်မှုကတော့ အထင်ကရ မှတ်တိုင် တခုကို သေးသိမ်သွားစေပါတယ်။


နောက်တချက်က စစ်သင်တန်းကျောင်းမှာ အကောင်းဆုံးဆု ရခဲ့သူ တဦးဖြစ်တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ အရည်အချင်းကို ဦးဝင်းထိန်က “သာမန်ပါ၊ အနားပြာပါ” လွယ်လွယ် ကောက်ချက်ပြု ရေးခြင်းအတွက် ဆက်စပ် မေးခွန်းတခုလည်းထုတ် စရာရှိလာပါတယ်။ ကိုယ်တိုင် စစ်ကျောင်းမှာ ထိပ်တန်းက အောင်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဝင်းထိန်က ကော သာမန် အရည်အချင်း၊ အနားပြာရုံနဲ့ စစ်တက္ကသိုလ်မှာ ထိပ်တန်းအဆင့် ယူနိုင်ခဲ့သလားဆိုတဲ့ မေးခွန်းပါပဲ။

အခု နိုင်ငံတော်လုပ်ကြံမှု စာအုပ်ရေးသူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ ပြန် မှတ်ချက် ပြုရရင်လည်း အတိတ်က ဖြစ်ရပ်တွေကို ခေတ်ပြိုင် ပုဂ္ဂိုလ်များလို သုံးသပ်နိုင်စွမ်း မရှိပါ။ အခု မျက်မှောက် မြင်တွေ့နေရတဲ့ NLD ပါတီ ခေါင်းဆောင်ပိုင်းဝင် တဦးဖြစ်တဲ့ ဦးဝင်းထိန် ကိုပဲ ကြည့်ပြီး ပြောရရင် သူ့ရဲ့ အရည်အချင်းက မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ ယခု လက်ရှိပါတီ မှာ ယူထားတဲ့ ဗဟိုကော်မတီဝင်၊ ပြောရေးဆိုခွင့် ရှိသူ (သဘောဖြစ်နေတဲ့) ရာထူးတွေနဲ့ ထိုက်တန်ပါရဲ့လား မေးခွန်းတွေ အတွက်လည်း အငြင်းပွားဖွယ်ရာ ရှိနေတာ ငြင်းမရတဲ့ အချက်လို့ မြင်ပါတယ်။ ဒီအတွက်လည်း အထောက်အထား ပြစရာ ထူး မလိုလှဘူးလို့လည်း ယူဆပါတယ်။ အားလုံးလည်း သိမြင်နေရတဲ့ လွန်ခဲ့တဲ့ ၁ နှစ် အတွင်း ဦးဝင်းထိန်ရဲ့ စာနယ်ဇင်း ဖြေကြားချက် စကားတွေက သက်သေပြုပါတယ်။ (စကားချပ် - အသံ အရုပ်၊ စာသား မှတ်တမ်းတွေ စာနယ်ဇင်း မီဒီယာ ပုံနှိပ်၊ အွန်လိုင်း အစုံစုံမှာ ရှိပါတယ်။)

စစ်တပ်အသိုင်းအဝန်း၊ နိုင်ငံရေး အသိုင်းအဝန်း က ပုဂ္ဂိုလ်များ အခု ဒီဘက်ခေတ်မှာ မှတ်တမ်းတွေ ရေးကြတာ၊ ထွက်လာတာ ကောင်းပါတယ်။ သုတေသန လုပ် လေ့လာစရာ တွေ ဖြစ်ပါတယ်။ အကောင်းသဘော အဖြစ် ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ နိုင်ငံရေး အယူဝါဒ တိမ်းညွှတ်မှု၊ ကိုယ်ရည်သွေးမှု၊ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု၊ ခံစားချက်တွေ ပါမှာလည်း ဓမ္မတာပါပဲ။ ဒီအတွက် ဒါတွေကို စစ်ထုတ် ဝေဖန်ပိုင်းခြားတဲ့ ပြန်လှန် မေးခွန်းထောက်ပြချက်တွေနဲ့ စာတမ်းတွေ၊ စာအုပ်တွေသာ ကပ်လျက် များများ ထွက်နိုင်ဖို့သာ လိုပါတယ်။ ကိုယ်တွေ့ သိသူ၊ မီသူ ခေတ်ပြိုင် ပုဂ္ဂိုလ် တွေရဲ့ ရေးသားမှု ဆိုရင် ပို သမိုင်းတန်ဖိုး ရှိပါတယ်။

အခု ဦးဝင်းထိန် ရေး “ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု”စာအုပ်မှာ ယေဘုယျ အများသိပြီး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦး (အခု NLD နာယက) တယောက် ဗိုလ်နေဝင်းရဲ့ သားတပည့် အနေအထားကနေ လူထုနဲ့ တပ်မတော်သားများရဲ့ ထောက်ခံမှုကို (ဗိုလ်နေဝင်းထက်) ပိုရလာလို့ ဗိုလ်နေဝင်းရဲ့ မျက်မုန်းကျိုးမှု ခံလာပြီး အပြစ်ရှာခံ ထိလာပုံ၊ အလုပ်သမား အရေးအခင်းမှာ “နေဝင်း-စန်းယု ကျဆုံးပါစေ” ကြွေးကြော်ကြပေမယ့် ဗိုလ်ချုပ်ကြီး တင်ဦးကိုတော့ “ကျန်းမာပါစေ” ဆုတောင်းခံရပုံ စတဲ့ ယခင် သိပြီး အကြောင်းအရာတွေကို ဖတ်ရပါတယ်။ (စကားချပ် - အဲဒီတုန်းက နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်စိန်ဝင်းဟာလည်း အလုပ်သမားများရဲ့ ကျန်းမာပါစေ ဆုတောင်းမေတ္တာ ရတယ်လို့ အခြား သမိုင်းမှတ်တမ်းများမှာ ဖတ်ဖူးပါတယ်၊ ဒီအကြောင်းကိုတော့ ဗိုလ်ကြီးဟောင်း ဝင်းထိန်ရဲ့ စာအုပ်မှာ မတွေ့ရပါဘူး။)

ဒါ့အပြင် နည်းနည်းပို လူအများ သိဖို့ ခက်ခဲတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် တယောက် ဗိုလ်ချုပ်ကြီးကျော်ထင် (နောင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့သူ) ရဲ့ ကိုယ်ရေးအရာရှိ ဖြစ်လာပုံကို အခု စာအုပ်ရေးသူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် အမြင်အရ အင်မတန်တော်တဲ့ ဗိုလ်ကြီးစိန်သောင်း လူမှုရေးပြဿနာ တခု ဖြစ်လာလို့သာ ဗိုလ်ကြီးအုန်းကျော်မြင့် အဲဒီ နေရာ ရလာတယ် ဆိုတဲ့ သဘောဖတ်ရပါတယ်။ ဗိုလ်ကြီးစိန်သောင်း သာ ပြဿနာ မတက်ရင် ဒီလို ဗိုလ်ကြီးအုန်းကျော်မြင့် နေရာမရဘူး၊ ဒါဆိုရင် ဒီ ဗိုလ်နေဝင်းကို လုပ်ကြံဖို့ကိုလည်း ကြံစည်နိုင်မှာမဟုတ်ဘူး ဆိုတဲ့ သဘောမျိုး ရေးထားတယ်လို့ နားလည်မိပါတယ်။

ဒီစာအုပ်ကို သမိုင်းအဖြစ်အပျက်တရပ်ကို လေ့လာလိုသူ လူငယ် တယောက်အနေနဲ့ ပြောရရင်တော့ သမိုင်းအချက်အလက် အသိ အသစ် မရခဲ့ပေမယ့် စာအုပ်ပါ စာရေးသူရဲ့ အသုံးအနှုန်းများကို ကြည့်ပြီး ဖြစ်ရပ်ပါ အဓိက ဇာတ်ကောင် ရေးခံရသူ ထက် စာအုပ်ရေးသူရဲ့ စိတ်နေသဘောထားကိုသာ မြင်လိုက်ရပါတယ်။

ဒါကြောင့် ချေပခွင့် မရှိတော့ပြီဖြစ်တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဘက်က ပြန်လည်ချေပမယ့် ထဲထဲဝင်ဝင် သိမီ ပေါင်းသင်းသူများရဲ့ အချက်အလက်ကို အခြေခံတဲ့ ထောက်ပြဝေဖန်စာအုပ်များ နောင်မှာ ပေါ်လာရင် ကောင်းမယ်လို့ ထင်မြင် ယူဆမိကြောင်းပါ…။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၇၊ ၂၀၁၆
(ဆက်သွယ်ရန်နှင့် ပြန်လည် ဝေဖန်ရန် -- nyeinchanaye81@gmail.com)