သျှင်မျိုးငယ် ● မျက်လှည့်

သျှင်မျိုးငယ် ● မျက်လှည့်
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၆

မှော်ဆရာဟာ ပန်းသီးတလုံးကို လေထဲမြှောက်လိုက်တယ်
ငှက်ကလေးတကောင်ဖြစ်သွားတယ်
လက်ဖျောက်တချက်တီးလိုက်တော့
ငှက်ကလေးဟာ ပုဝါကလေးတထည်လို လွင့်လို့။

မှော်ဆရာဟာ ကြိုးကလေးတချောင်း ဝှေ့ရမ်းလိုက်တယ်
မြွေတကောင်ဖြစ်သွားတယ်
မြွေကို ဆွဲဆန့်လိုက်တော့ ခါးပတ်တခုဖြစ်သွားလေရဲ့။

မှော်ဆရာဟာ လူတယောက်ကို သေတ္တာထဲထည့်ပြီး
ဓားနဲ့အချက်ပေါင်းများစွာ ထိုးနေတယ်
သေတ္တာတံခါးကို ဆွဲဖွင့်လိုက်တော့ လူဟာ မရှိတော့ဘူး
ဓားတွေကို ဆွဲနှုတ်ပြီး သေတ္တာကိုဖွင့်လိုက်တယ်
လူဟာ ပြန်ထွက်လာတယ်။

မှော်ဆရာဟာ ပြကွက် တကွက်ပြီးတကွက် ဆက်ပြနေတယ်
ကျွန်တော်ကြည့်နေတယ်
မှော်ဆရာဟာ ဘာတွေကို ပြောင်းလဲပေးမှာလဲ
ကျွန်တော် စောင့်ကြည့်နေတယ်။

နောက်ဆုံး...ပရိသတ်တွေ ပြန်သွားတဲ့အထိ
ကျွန်တော် စောင့်ကြည့်နေတယ်
မှော်ဆရာက ဘာစောင့်နေတာလဲ မေးတယ်
မှော်ဆရာကနေ ဘာအဖြစ်ပြောင်းလဲသွားမလဲဆိုတာ
ကျွန်တော် စောင့်ကြည့်နေတယ်လို့ ပြောလိုက်တယ်။

မှော်ဆရာက
ပြောင်းလဲသွားပြီလေ ဆိုတော့မှ
ကျွန်တော် ပြန်လာခဲ့တယ်
မျက်လှည့်ဆိုတာ မျက်စိရှေ့မှာ လိမ်ညာပြလိုက်တာပဲ။  ။

သျှင်မျိုးငယ်