မောင်လူရေး - ခရိုနီတွေထဲမှာ ဆိုက်ကားကို ထားရစ်ခဲ့


မောင်လူရေး -  ခရိုနီတွေထဲမှာ ဆိုက်ကားကို ထားရစ်ခဲ့ 
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆

အော် နိုင်ငံရေးများပြောပါတယ် ...

ရွေးကောက်ပွဲမှာ ဆိုက်ကားသမားတွေ NLD မဲရရေး ချွေးနဲ့ရင်းကြ။

ခု မဲနိုင်အစိုးရဖြစ်တော့ ကိုယ့်ခြေကိုယ်ရင်းပြီး ပဒလယ်လေး တက်နင်းမယ့်ဟာတောင် လိုင်စင်အသစ် ချမပေးတော့ဘူးဆိုဘဲ။ ပြောတာကတော့ "မကြည့်ရက်လို့" ။

စစ်ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်ပြုတ်တွေ ဘယ်မဲပေးသလဲ လူတိုင်းသိပါတယ်။ သူတို့ပါတီ သူတို့ပေးမှာပလေ။ ဖိုးလပြည့်တောင် လူသိရှင်ကြား ကြံ့ဖွတ်ကို ကြိုတင်မဲပေးကြောင်း သူ့ဖေ့ဘွတ်ကနေ ကြေညာခဲ့သေးရဲ့။

ခရိုနီတွေလဲ ဒီလိုပါဘဲ။

မဲပေးတဲ့ဖေဖေနိုင်လဲ သူတို့ကောင်းစား။

အော် မဲမပေးတဲ့ မေမေနိုင်တော့လဲ သူတို့ အကောင်းစားပါဘဲ။ ဘယ်တော့မှ သူတောင်းစား မဖြစ်ပါဘူး။

ကောင်းစားတာကလဲ ဖေဖေ့ခေတ် ကောင်းစားတာထက်တောင် လူရာဝင်နေသေး။ ဥပဒေမဲ့ကောင်းစားခဲ့ရာကနေ ဥပဒေနဲ့ ကောင်းစားခွင့်တောင် ရသွားဘီ။ တရားဥပဒေစိုးမိုးမှုမဟုတ်ဘဲ တရားဥပဒေအရ စိုးမိုးမှုတွေ ခိုင်သွားပြီပေါ့။

"သားသား လိမ်လိမ်မာမာနေနော်"

"ဟုတ်ကဲ့မေမေ"

ဒါလောက်နဲ့တင် နိုင်ငံတော်မုဒိမ်းကျင့်မှုအားလုံး ကွင်းလုံးကျွတ်လွတ်တဲ့အပြင်...

သူတို့အတွက် လူတကာကို တက်နင်းဖို့ လိုင်စင်တွေကလဲ အဆင်သင့်။

( မောင်လူရေး)