တိုးနှောင်မိုး - နှင်းဆီအတွေးအခေါ်

တိုးနှောင်မိုး - နှင်းဆီအတွေးအခေါ်
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၆

ခွေးဟောင်တိုင်းခြေထဆေးနေမိမှတော့
ပင်လယ်မှာပျားတွေစွဲနေတယ်
သပြေသီးဟာဂီတလို့ သံသာသာရှိတိုင်း
ကြွက်သေတခုအရင်းပြုဖို့  ကဗျာမှာ လိုလား
တောင်းတမှုတိုင်းအဖြေမထွက်ဘူး
မေးခွန်းက တတက်စားလည်းကြက်သွန်
နှစ်တက်စားလည်း ကြက်သွန်
မိုးပေါ်ထောင် မပစ်မှန်းတော့ သိတာပေါ့
အသံကြောင့် ဖားသေခဲ့တယ်
ဉာဏ်ကြောင့် သေမလား
ကြေမလား
ကံကြောင့်ကြေမလား သေမလား
ဖော်မလင်နံ့ထွက်နေတဲ့ စူပါမားကက်ထဲက
ရောင်စုံလေးတွေ လွှင့်စင်ကျလာတိုင်း
ခွေးတွေက မကောင်းဆိုးဝါးမြင်သလို
တပြိုင်နက် ထအူပါတယ်
အရှိန်နဲ့ပြေးနေတဲ့ကားတစင်း
လေးဘီးစလုံး ဘရိတ်ထိုးအုပ်လိုက်သလို
သိုသိုသိပ်သိပ်ပျားရည်တွေ နိုင်ငံတော်စာရိတ်ထဲ စီးသွား
မူးလိုက်တာ
ဘယ်သူချက်တဲ့အရက်လည်း
တရေးနိုးသော်အကြံပေါ်တိုင်း ထလုပ်မရတဲနိုင်ငံရေး
ငယ်ဖြူ တောထွက်
အငြင်းအခုံများက လူမှုပတ်ဝန်းကျင်ထိ ဆေးဆိုး
စလောင်းကပူ အိုးကမပူတဲ့ သစ်ခုတ်သမား
သော့တိုင်းဖွင့်ဖို့ လွယ်နေတော့
မိုးဟာ မပြောမဆိုနဲ့ ရွာနေပါတယ်
ဗေဒင်ဆရာလက်သုံးစကားလို
ဦးသာ စိန်ပန်း ဒါန်းလှကို ရှာ
ရမလား
အောင်လှံထူ စစ်သူကြီးပွဲနဲ့ အဆုံးသတ်
သတ်သတ်နေတဲ့အသတ်များ
ပဒေသာသီး
၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀
ရေတွက်မရတဲ့အတွေးများ ချဉ်သီးပင်အောက်
ချဉ်သီးရှား နေခဲ့တယ်။ ။