လင်းခါး ● ဓာတ်ပုံထဲက ကျောကုန်းတွေဟာ ပိုင်ရှင်မဲ့

 
လင်းခါး ● ဓာတ်ပုံထဲက ကျောကုန်းတွေဟာ ပိုင်ရှင်မဲ့
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၆

မလုံခြုံ မပြည့်ဝတဲ့ လူ့ဘဝရယ်လို့ ရလာရင်
သောကများရတဲ့ ကျောကုန်းတခုတော့ ရလာမှာပဲ
သင့်ကျောကုန်းဟာ ဘယ်လိုကျောကုန်းလဲ

တိုက်အမြင့်ကြီးပေါ်ကနေ ရေထဲ
ကျောကုန်းကြီး ပြုတ်ကျလာ
ရေဒီကယ် စပ်ဖျင်းဖျင်း ကျောကုန်းများ၊
အများဆန္ဒအရ ကျောကုန်းကြီးဟာ
လေပေါ် ငှက်မွှေးတမျှ လွင့်ပါသွား
အမြဲမှီတွယ်လျက် ဆိုရှယ်ဒီမိုကရက် ကျောကုန်းတွေ၊
ပုဂ္ဂလ လစ်ဘရယ်ကျောကုန်းတွေ၊
လမ်းပေါ် ကျောပြောင်တွေနဲ့
အရာအားလုံးရဲ့ကျောခိုင်းခြင်းကိုခံရတဲ့
ကျေးတော် ကျွန်တော်မျိုး ကျောကုန်းတွေ
ကျောကော့အောင် ခံနေကြရ၊

ဆဲဗင်းဇူလိုင် ကျောပေါက်ကြီးတွေဟာ
ဒီမိုကရေစီကျောကုန်းတွေကို ငေးနေ
ကမ်းခြေမှာ ကျောကုန်းငယ်လေးတခု
လူ့ဘဝက ထွက်သွားပြီ
တိတ်တဆိတ် ကျောချသွား မြေကြီးထဲက
ကျောကုန်းများ
ပါလက်စတိုင်း ကာတွန်းဆရာရဲ့ ကျောကုန်းဟာ အမြဲ
ပေါက်ကွဲမှုတွေ ရှေ့မှာ၊
ကျည်ဆံဗရပွနဲ့ ကျောကုန်းတွေနောက်မှာ
ကျောရိုးမပါတဲ့ ကျောကုန်းတွေ
တချို့ကျောကုန်းတွေဟာ ကြိမ်ဒဏ်ခံရပြီး
တချို့ကျောကုန်းတွေက မွေ့ရာပေါ်မှာ

ကျောကုန်း မညီမျှမှုဟာ
ကျောကုန်းတွေကို တော်လှန်ရေးထဲ တွန်းပို့
ကျောကုန်းတွေဟာ တော်လှန်ရေးထဲ ဝင်မိရင်
ဘယ်တော့မှ ကျောခိုင်းတော့မယ် မဟုတ်ဘူး

ပျော်ရွှင်နေရချိန်မှာတော့ လူတိုင်း
ကိုယ့်ကျောကုန်းကို မေ့နေကြမှာပဲ
သင့်ကျောကုန်းရော မာရဲ့လား သာရဲ့လား။

လင်းခါး
၂၀၁၆