ထွန်းဝင်းငြိမ်း - သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ အပိုင်း(၂)



ထွန်းဝင်းငြိမ်း - သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ အပိုင်း(၂)
(ပြည်သူ့အရေး ဂျာနယ်) မိုးမခ၊ နိုဝင်ဘာ ၁၃၊ ၂၀၁၆



သခင်သိန်းဖေ- မူရင်းဓာတ်ပုံကို လေးစားမှုဖြင့် ဖော်ပြသည်။
ဗိုလ်မှူးအောင်ပြောပြခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းခေါ် သခင်ရှုမောင်မောင်၏ သခင်ဘဝအစိတ်အပိုင်း အချို့ကို သခင်သိန်းဖေက ပြန်လည်ပြောပြရာတွင် အခြားသမိုင်းမှတ်တမ်းများ၌ မတွေ့ရသေးသော အချက်အလက်အသစ်များ ပါဝင်ပါသည်။ သို့သော် တွေးဆဖွယ်ကောင်းသောအချက်များအဖြစ် သခင် သိန်းဖေက ပြောပြပါသည်။
“တို့ဗမာအစည်းအရုံးကို သခင်သိန်းမောင်တို့၊ သခင်ဘသောင်းတို့ စခဲ့တာပဲ။ အန်ကယ်တို့ လူငယ်တွေ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့တာက သခင်တွေကို အတုယူကြတာပေါ့။ သခင်တွေက ထောင်လည်း ခဏခဏကျတယ်။ နိုင်ငံရေး အတက်ကြွဆုံးကလည်း သူတို့ပဲ။ အဲဒါနဲ့ အန် ကယ်တို့က သူတို့ကို အားကျပြီးတော့ သခင်ဝင်လုပ်ကြတာ။ သခင်ပေါက်စ ထောင်ခြောက်လဆိုတဲ့အတိုင်း မကြာဘူး။ အန်ကယ်တို့လည်း မြောင်းမြထောင်ထဲရောက်တာပဲ။ ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ် အစိုးရက သူတို့စစ်တပ်ကို ကိုလိုနီနိုင်ငံတွေကို လူအင်အား ငွေအင်အား ကူခိုင်းတယ်။ အန်ကယ်တို့က နယ်ချဲ့အစိုးရ စစ်တပ်ကို အကူအညီမပေးရေး၊ စစ်ဆန့်ကျင်ရေးအဆို တင်သွင်းမူကြောင့် ထောင်ကျတယ်။ အဲဒီအချိန်တုန်းကဒုတိယကမ္ဘာစစ် မဖြစ်ခင်အချိန်။ တို့ဗမာအစည်းအရုံးက အဲဒီအဆိုကိုတပြည်လုံး လုပ်ရမယ်ဆိုတော့ အဲဒါကို အန်ကယ် တို့က ခေါင်းဆောင်ပြီးအဆိုသွင်းတော့ အဖမ်းခံရတာပေါ့။”

“အန်ကယ်တို့ နိုင်ငံရေး စလုပ်နေတုန်းက ၉၁ ဌာနအုပ်ချုပ်ရေး ထွက်လာတဲ့အချိန်၊ အင်္ဂလိပ်ပြေးတဲ့ အချိန်မှာ မီးတုတ်သခင်သိန်းမောင်က သခင်တွေကိုခေါ်ပြီး ပြောတယ်။ တို့က ယှဉ်ပြိုင်အစိုးရ လုပ်ရ မယ်။ အင်္ဂလိပ်အစိုးရ ထောင်သလို ထောင်ရမယ်။ အင်္ဂလိပ်ကလည်း ဘုရင်ခံ၊ တို့ကလည်း ဘုရင်ခံ။ သူက ကော်မရှင်နာဆိုရင်၊ တို့ကလည်း ကော်မရှင်နာ။ ဒီစတြိတ် ခရိုင်အဆင့်ကအစ တောကသူကြီး အထိ၊ အဲဒါ တွေကို တို့ကလည်းသူကြီးနဲ့ မြို့ပိုင်နဲ့၊ နယ်ပိုင်နဲ့၊ အရေးပိုင်နဲ့။ အဲလိုလုပ်ရမယ်ဆိုပြီး လောလောဆယ်မှာ ၉၁ ဌာန အုပ်ချုပ်ရေးအတုယူပြီး လုပ်ဖို့ တရားဟောသွားတာ။ အဲဒီနည်းက အင်မတန် မှန်သွားတယ်။ မြစ်ဝကျွန်းပေါ်မှာ နယ်တွေအကုန်လုံးသိမ်းပြီး ခုနကပြောသလိုပဲ သူကြီး ကစ၊ မြို့ပိုင်ကစ အန်ကယ်တို့က အကုန်လုံးခန့်ခွင့်ပေးတယ်။ ဂျပန်ပြေးတဲ့အချိန်မှာ အန်ကယ်တို့က အုပ်ချုပ်ရေးတွေကို ကြေညာတာပဲ။”

ဂျပန်တော်လှန်ရေးကာလ
သခင်သိန်းဖေသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် သခင်ကျော်စိန်နှင့်အတူ မြေအောက် တော် လှန်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ခဲ့သည်။ ဂျပန်ကင်ပေတိုင်၏ ဖမ်းဆီးခြင်းခံရသည်။ ကံအားလျော်စွာ ရာထူးအဆင့်မြင့်မားသော အလံဝါ စစ်ဗိုလ်ချုပ်တဦနှင့် ခင်မင်ရင်းနှီးသော ဒေါ်ခင်ခင်ကြီး ၏ကူညီမူကြောင့် ဂျပန်လက်မှလွတ်ခဲ့ရပုံကို ယခုလိုပြောပြသည်။

“ဂျပန်တော်လှန်ရေးကို လူတွေက စကားသာပြောနေကြတယ်။ လက်ထိလက်ရောက်ဘယ်သူမှမလုပ်သေးဘူး။ သူကသာ ဂျပန်တော်လှန်ရေးလုပ်မယ်ဆိုပြီး လုပ်တာ။ အန်ကယ် အဲဒီတုန်းက အင်းယားကန် အမှတ် ၂၉ အခုမစုနေတဲ့အိမ်နဲ့ နှစ်အိမ်၊ သုံးအိမ်ခြားလောက် မှာ နေတယ်။ ပိုင်ရှင်တွေကတော့ အိန္ဒိယထွက်ပြေးသွားတယ်။ အန်ကယ်တို့ အဲဒီအိမ်သွားနေတဲ့အချိန်မှာ သခင်ကျော်စိန်က ဂျပန်တော်လှန်ရေး အတွက် စာတမ်းရိုက်ပြီးတော့ အန်ကယ့်ကို လာတိုင်ပင်တယ်။ အန်ကယ်ကမလုပ်နဲ့ ၊ ဂျပန်ခေတ်ဆိုတော့ အသတ်ခံရတာများတယ်ဆိုပြီးတော့ မန္တလေးသွားပြီး အဲဒီကြေ ညာစာတမ်းတွေကမ်းတာ။ ကမ်းတော့ သူလည်းအဖမ်းခံရ၊ အန်ကယ်လည်းအဖမ်းခံရတယ်။ အန်ကယ်က အဲဒီ အချိန်မှာ ကြိုးစက်လုပ်ပြီး ဂျပန်စစ်တပ်ကို ကြိုးသွင်းနေတဲ့အတွက် ဒေါ်ခင်ခင်ကြီးနဲ့လည်း တွဲနေတာ ကိုး။ ဒေါ်ခင်ခင်ကြီးက ဂျပန်အလံဝါတွေ၊ သူ့အိမ်လာ၊ အန်ကယ်တို့နဲ့ မိတ်ဆက်ပေးပေါ့။ အန်ကယ့်ဖမ်းတော့ ပုလိပ်ရုံးကြီးအပေါ်ထပ်မှာ ထားတယ်။ ညဆို လေယဉ်ပျံဗုံးလာကြဲတော့ အပေါ်ထပ် ကကောင်တွေဆင်းလို့မှမရဘဲ။ အဲဒီမှာပဲနေကြရတာ။ ဒေါ်ခင်ခင်ကြီးကျေးဇူးကြောင့် ဂျပန်အလံဝါကိုယ်တိုင် က အန်ကယ့်ကိုလာပြီး အင်တာဗျူးလုပ်တယ်။ အင်တာဗျူးလုပ်တဲ့အတွက် နည်းနည်းသက်သာတာ။ နို့မို့ရင် ဟိုတုန်းက လေယဉ်ပျံစီးတယ်ဆိုတာလက်နှစ်ဖက် ခြေနှစ်ဖက်တုပ်၊ ကောင်းကင်မှာဆွဲထားပြီး ရိုက်တာ။ အဲလိုမျိုးတော့ အရိုက်မခံရဘူး။ ဒေါ်ခင်ခင်ကြီးကို ပိုးနေတဲ့ ဂျပန်အလံဝါက ဘယ်လို အစီရင်ခံလိုက်သလဲ မသိဘူး။ အန်ကယ်သက်သာသွားတယ်။ အလံဝါက ရန်ကုန်မှာနှစ်ယောက် ရှိတယ်။ ဒေါ်ခင်ခင်ကြီးက ဘိလပ်ပြန် အမျိုးသမီးကြီး ။ ဟိုက်စကူးမှာကျောင်းဆရာမ ဝင်လုပ်သေးတယ်။ ဂျပန်ခေတ်မှာ သီးသန့်နေ တာ။ သူကချောတော့ အလံဝါတွေက သူ့ကို သွားပြီးပိုးကြတာ။ သခင်ကျော်စိန်က တယောက်တည်း ဇာတ်လိုက်လုပ်တာ။ ဂျပန်တော်လှန်ရေးလုပ်မယ်ဆိုပြီးတော့။ အန်ကယ့် ဆီလာပြောတော့ တော်လှန်ရေး လုပ်တာလည်း လုပ်ပေါ့လို့ပြောပြီး ဗမာ type writer နဲ့ ငွေကျပ် ၅၀၀ ပေးလိုက်တယ်။ ကြေညာချက်တွေ ကို အဲဒီ type writer နဲ့ ရိုက်ပြီးတော့ မန္တလေးယူသွားရင်း အဖမ်းခံရတာ။ အဲ့ဒါကို အကြောင်းပြုပြီးလိုက် လာတော့ အန်ကယ့်ပါ အဖမ်းခံရတာ။ ဟိုတုန်းက ဂျပန်အဖမ်းခံရရင် သက်သာတာမှ မဟုတ်ဘဲ၊ ခြေသလုံး ကို မျဉ်းလုံးနဲ့ လှိမ့်တာတို့၊ လေယဉ်ပျံ ပျံတာတို့ လုပ်ခိုင်းတာ။ ဒေါ်ခင်ခင်ကြီးကျေးဇူးကြောင့် ကျန်တဲ့ ဂျပန်တွေက အန်ကယ့်ကိုမညှဉ်းပါဘူး၊ မေးရုံလောက်ပဲမေးတာ။”

“ဂျပန်တော်လှန်ရေးက ဘယ်သူမှမလုပ်ရဲဘူး။ အဲဒီထဲမှာစွပ်စွပ်ရွတ်ရွတ်နဲ့လုပ်တာ သခင်ကျော်စိန်ပဲ။ သူကပထမဆုံးလုပ်တာ။ ငပုတွေ နဲ့ ပေါင်းကတည်းက သူတို့ကိုချရမယ်ဆိုတာ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ကလည်း အဲဒီသဘောရှိတယ်။ တော်လှန်ရေးလုပ်တော့ သခင်အောင်ဆန်းက ခေါင်းမဆောင်ဘူး။ သခင်မြကခေါင်းဆောင်တာ။ သခင်ချစ်သေသွားတာ သိပ်နှမြောဖို့ ကောင်းတယ်။ သခင်မြရဲ့အတွင်းရေမှူးက သခင်ချစ်။ သခင်အောင်ဆန်းက ဂျပန်ပြည်က လာတော့ ရန်ကုန်မှာမဆင်းဘဲ ပုသိမ်ရောက်သွားတယ်။ ပုသိမ်ကနေ မီးရထားနဲ့လာပြီး ကြည့်မြင်တိုင်မှာ ဆင်း၊ ကြည့်မြင်တိုင်ကနေ သခင်ဗိုလ်တို့ကသူ့ကိုခေါ်လာပြီး ရွှေတောင်တန်းက သခင်မြအိမ်မှာ ဌာနချုပ် လုပ်ထားတော့ သခင်မြနဲ့ဆုံပြီးတော့မှ သင်္ဃန်းကျွန်းကနေ ဂျပန်ပြည်ပြန် သွားတာ။ ဒီလာတော့ သူ ပုသိမ်ကိုပုသိမ်သင်္ဘောနဲ့ လိုက်သွား တယ်။ ပုသိမ်ကအပြန်မှာသခင်မြနဲ့တွေ့တော့ အင်္ဂလိပ်ခေတ် တုန်းက underground ကသင်္ဃန်းကျွန်းက မုန်လာတို့၊ ဂေါ်ဖီတို့စိုက်တဲ့ တရုတ်ခြံမှာ။သခင်မြက head quarter ။ အဲဒီတုန်းကတကယ်လုပ်ဖော်ရတာသခင်ချစ်။ သူက organizer ပဲ။ သခင်မြနဲ့တွေ့ဖို့၊ဘာဖို့ အကုန်သူက စီစဉ်တာ။ အောင်ဆန်းကလာတော့ ရန်ကုန်မှာမဆင်းဘဲ ပုသိမ်ကိုသင်္ဘောနဲ့လိုက်သွားတာ။ လိုက်သွားပြီးပုသိမ်ကနေ ပြန်လာတော့ ကြည့်မြင်တိုင်ဘူတာမှာ ဆင်းတယ်။ ဆင်းပြီး ကြည့်မြင်တိုင်က ရုံးကူးတံတားကနေပြီး သူ့ကိုအန်ကယ်တို့ထဲက တယောက်က ခေါ်လာတယ်။ ခေါ်လာတော့ သခင်မြက ရွှေတောင်တန်းမှာ UG ခေါင်းဆောင်နော်။ ရွှေတောင်တန်းအမှတ် (C) မှာနေတယ်။”
“အဲဒါ အောင်ဆန်းကိုသခင်မြနဲ့တွေ့ပြီးတော့မှ သင်္ဃန်းကျွန်းသွားကြတာ။ သင်္ဃန်းကျွန်း camp က သခင်မြရဲ့ camp ။ အန်ကယ်တို့က အဲဒီသွားတယ်။ သူတို instruction ပေးရင် အဲဒီကနေပေးတယ်။ အန်ကယ်တို့တော်လှန်ရေး ထဲမှာ အသုံးအတည့်ဆုံးက သခင်ချစ်ပဲ။ သူကသခင်မြရဲ့အတွင်းရေးမှူး။ အန်ကယ်တို့ တွေ့ချင်ရင် ခေါ်ပြီးသခင်မြနဲ့တွေ့ပြီး သခင်ချစ်ကိုယ်တိုင် ပဲခူးကနေပြီး ရှင်ကြီးခြေဆေး ဆိုတဲ့ ရွာ ၆မိုင်လောက်ဝေးတယ်။ အဲဒီကို အန်ကယ်တို့လေးယောက်ကိုသခင်ချစ်က ဗိုလ်နေဝင်း ရောက်နေတယ် ဆိုပြီးတော့။ ဗိုလ်နေ၀င်းနဲ့ ဗိုလ်မြင့်ဆွေက သခင်ဗစိန်လူတွေ။ သူတို့က ကုန်းကြောင်းလမ်းက ၀င်လာတာ။ ဝင်လာပြီးသခင်မြနဲ့ အဆက်ရတော့ အန်ကယ်တို့ကို ပထမဦးဆုံးလက်နက်ကိုင် သင်တန်းပေးတာ။ ဗိုလ်ချုပ်အောင်ဆန်း P.A ။သင်တန်းတက်တဲ့အထဲမှာ first batch ကပါတာ မောင်မောင် (ဗိုလ်ချုပ်မောင်မောင်)၊ မောင်ဝင်း၊ ပုသိမ်သိန်းဆွေ၊ အန်ကယ်၊ နောက် ဦးမောင်ကြီးရဲ့အထဲက တယောက်၊ ငါးယောက်၊ ခြောက်ယောက်လား သင်တန်းပေးတယ်။ သင်တန်းဆရာက ဗိုလ်မြင့်ဆွေနဲ့ သူကထမင်းစား စားပွဲထိပ်မှာ အန်ကယ်တို့က ၀ိုင်းထိုင်ရတယ်။ သင်တန်းဆရာက တော်တော်နဲ့ သင်တန်းမပေးဘူး။ သင်တန်းဆရာကြာလှချည်လားဆိုတော့ ခင်ဗျားတို့နားလည်အောင် ကျုပ်ကပုံဆွဲနေတာဆိုတော့ အန်ကယ်တို့ကသူဆွဲတဲ့ပုံ ၊ စက္ကူသေနတ်နဲ့ သင်တန်းတက်လာတာ။

သူကမော်တာဆိုလည်း မော်တာပုံပေါ့ လေ။ ပုံပြပြီးဘယ်လိုပစ်တယ်။ ခတ်တယ်ပေါ့။ မော်တာပါတယ်။ လိုက်မရှင်းဂန်း၊ ဟဲဗီးမရှင်းဂန်းပါတယ်။ အဲဒါပါပဲ။ ဒီလောက်ပဲသင်တာ။ ဆန်းတာက ဗိုလ်နေ၀င်းနဲ့ ဗိုလ်မြင့်ဆွေက သခင်ဗစိန်လူတွေ။ သခင်ကိုယ်တော်မှိုင်းရဲ့လူတွေက ဗိုလ်ချုပ် အောင်ဆန်းတို့၊ ဗိုလ်ဇေယျ တို့ ရှိနေတာပဲ။”

“အဲဒီတုန်းက ဗိုလ်နေဝင်းက ရဲဘော်သုံးကျိပ်ကနေဝင်လာပြီး ဒီမှာသင်တန်းလာပေး တာ။ စောစော ဝင်လာတာ။ သူကပုံတွေဆွဲပြီး သင်တန်းပေးတော့ အန်ကယ်မေးတယ်။ ခင်ဗျားလက်နက်လေး၊ ဘာလေး ပါမလာဘူးလားဆိုတော့ မပါဘူးဗျဆိုပြီး ပုံဆွဲသင်တာ။ သူတို့နှစ်ယောက်ပြောပုံအရဆိုရင်တော့ ကုန်းကြောင်းလာတာပဲ။ ဒီမှာတော့ အန်ကယ်တို့ကို သခင်ချစ်ကလာခေါ်ပြီး ပဲခူးကိုပို့တာပဲ။ U.G လုပ်တဲ့ အထဲမှာ သခင်ချစ်က အများဆုံးလုပ်ရတာ။ U.G In charge ကတော့ သခင်မြ။ သင်တန်းမှာ အန်ကယ်က ဆရာခင်ဗျားဟာ စက္ကူသေနတ်နဲ့ အလုပ် ဖြစ်ပါ့မလားဆိုတော့ ဖြစ်ပါတယ်ဆိုပြီး သေနတ်ကို ပုံတွေဆွဲပြပြီး သင်တန်းပေးလိုက်တာ။ ၂”မော်တာတို့၊ ၄”မော်တာတို့၊ မရှင်းဂန်း ၂ တို၊့ ၁ တို့ပါပဲ။ အမြောက်တွေ၊ ဘာတွေတော့ မသင်ဘူး။ ပုလင်းထဲ ဓာတ်ဆီထည့် အပေါ်ကရွှံ့နဲ့မံ၊ ဘေးက အဝတ်စုတ်စကို ကြိုးနဲ့ချည်ထားရတယ်။ အဲလို မီးလောင်ဗုံးမျိုးကို လိုတော့သုံးဖို့ လုပ်နည်းသင်ပေး တယ်။ အဝတ်စကို ဓာတ်ဆီဆွတ် မီးခြစ်ခြစ်ပြီးရှို့တာ ထိရောက်တယ်။ ပေါက် လည်းပေါက်တယ်။ ဗိုလ်နေဝင်းယူလာတဲ့ ပစ္စည်းကဒါပဲ။ မရှင်းဂန်းကလည်း ကောင်းကင်က ကျ မလာပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ လာတော့မှ  တော်လှန်ရေး သမားတွေက လက်နက်တွေ ရကြတာ။”

ဗိုလ်မှူးအောင်ပြောပြသော ဗိုလ်နေ၀င်း
ဗိုလ်မှူးအောင်ပြောပြခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းခေါ် သခင်ရှုမောင်မောင်၏ သခင်ဘဝအစိတ်အပိုင်း အချို့ကို သခင်သိန်းဖေက ပြန်လည်ပြောပြရာတွင် အခြားသမိုင်းမှတ်တမ်းများ၌ မတွေ့ရသေးသော အချက်အလက်အသစ်များ ပါဝင်ပါသည်။ သို့သော် တွေးဆဖွယ်ကောင်းသောအချက်များအဖြစ် သခင် သိန်းဖေက ပြောပြပါသည်။

“ဗိုလ်မှူးအောင်က ဗိုလ်နေဝင်းအကြောင်းပြောတော့ အဲဒီအချိန်မှာ ဗိုလ်နေဝင်းက သခင်ထွန်းအုပ်ရဲ့ အိမ် ကိုသွားတယ်။ ဘာလို့လာတာလဲဆိုတော့ မြင်းလောင်းဖို့ ပိုက်ဆံမရှိလို့ဆိုတော့ သခင်ထွန်းအုပ် က ငွေနှစ်ရာသူ့ကို ပေးလိုက်တယ်။ သခင်ထွန်းအုပ်ကပြောတယ်။ ဗိုလ်နေဝင်းကျုပ် ဂျပန်နဲ့ တွေ့ဖို့ရှိ တယ်။ ကြည့်မြင်တိုင်က သခင်ဗိုလ်အိမ်မှာ။ ဂျပန်နဲ့တွေ့ချင်ရင် သခင်တွေကို တွေ့ပြီးတော့ သူတို့နဲ့ ပြောဆိုတော့ ဗိုလ်နေဝင်းက သူ့ဆီကမြင်းလောင်းဖို့ ပိုက်ဆံယူပြီးတော့ အဲဒီအိမ်ကိုသွားတာ။ ဟိုကျတော့ ညနေလေးနာ ရီကို ဆူးလေဘုရားလမ်းက မြန်မာအဆွေတိုက်ရှိတယ်။ အဲဒီတိုက်မှာ ဟိုတုန်းက ဆူးလေဘုရားလမ်းမှာ ကုန်းတံတားရှိသေးတယ်လေ။ အဲဒီတံတားထိပ်မှာ ငှက်ပျောသီးနှစ်ဖီးကိုကိုင်ပြီးစောင့်နေ။ ညနေကျရင် ဂျပန်တွေလာပြီး မင်းခေါ်လိမ့်မယ်ဆိုပြီး လွှတ်လိုက်တာ။ ဗိုလ်နေဝင်းက မြင်းလောင်းဖို့ပိုက်ဆံမရှိလို့ ပိုက်ဆံသွားရှာတဲ့အချိန်မှာ သခင်ထွန်းအုပ်က ပိုက်ဆံပေးပြီးတော့ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူဝတ် ပြီး မြန်မာအဆွေတိုက်မှာ ငှက်ပျောသီးနှစ်ဖီးကိုင်ပြီးရပ်နေတဲ့ ဗိုလ်နေဝင်းကို ဂျပန်တွေကတွေ့တော့ ခေါ်ပြီး တင်သွားတာ။ သူက ဂျပန်နှစ်ယောက်ကြားထဲမှာ အရပ်ကရှည်တော့ ဂျပန်တယောက်က ဦးထုပ်ချွတ်ပြီး သူ့ကို ဆောင်းပေး တယ်။ သင်္ဘောပေါ်ကျတော့ ဒီ့ပြင်လူတွေက ကျောက်ကြိုးက ဆွဲတက်ရတယ်။ ပဲ့က တက်ရတယ်။ သူကတော့ ဂျပန်နဲ့ဆိုတော့ ရှောရှောရှုရှု ပါသွားတာ။ ကုန်းဘောင်ကနေ တက်ရတာ။ ဗိုလ်မှူးအောင်တို့က အရင်ရောက်နေတာကိုး။ သူကနောက်မှရောက်လာတော့ ဗိုလ်မှူးအောင်က အတွင်းကနေတယောက်ကို လှမ်းပြီး မေးတယ်။ ဘယ်သူလဲဟေ့လို့ တယောက်ကိုလှမ်းမေးတော့ သူက သခင်ရှုမောင်လို့ ပြောတာ။ သူသခင်ဖြစ်တာ သင်္ဘောပေါ်ကျမှဖြစ်တာ။ အဲ့ဒါ ဗိုလ်မှူးအောင်က ပြောတာ။”

“ဖဆပလခေတ်မှာအဖမ်းခံရတာ။ အန်ကယ်ကကင်းဘဲလမ်းဂါတ်တဲမှာပဲ။ အဲဒီကင်းဘဲလမ်းကပဲ ဗိုလ်ဇေယျ တောခိုသွားတာ။ အဲဒီညက အန်ကယ်ကထမင်းကျွေးတယ်။ ဗိုလ်နေဝင်းနဲ့ ဗိုလ်ဇေယျက မြင်း တယောက်တကောင်စီကိုင်ထားပြီး မြင်းလောင်းပြီးတော့ အိမ်မှာ ထမင်းလာစားတယ်။ မြင်းတကောင်စီ ရှိတဲ့ လူက ထရစ်ပယ်မတိုက်ဘူး။ အန်ကယ်က ဘေးကလူက ထရစ်ပယ်တိုက်တယ်။ သူတို့က ခင်ဗျား ဘယ်လိုလုပ် တစ်ပ်ရလဲတဲ့ ။ တစ်ပ်စာအုပ်တွေထဲက စံချိန်အကောင်းဆုံးဟာကို ရွေးထိုးတာလို့ ပြော လိုက်တာ။ အဲဒီည စားသောက်ပြီးတော့ ဗိုလ်ဇေယျက နောက်နေ့မနက် တောခိုတာပဲ။ ဗိုလ်နေဝင်းက လိုက်မယ်လို့ပြောတာ။ မနက်ကျတော့ ဗိုလ်နေဝင်းကို သွားခေါ်တဲ့ လူတွေ ခုထိရှိသေးတယ်။ ဆာဂျင်ကျော်ဟန်နဲ့ ဇော်ဝင်းဆိုတာ။ ထမင်းစားပွဲမှာ ဗိုလ်နေဝင်းက ဗိုလ်ဇေယျကို တောခိုမယ်လို့ ကတိပေး သွားတယ်။ အန်ကယ်က ဗိုလ်ဇေယျကို ဟေ့လူ ခင်ဗျားလူ လိုက်ပါ့မလားလို့ ခဏခဏပြောတော့ လိုက်မှာ ပါလို့ ပြောတာ။ ကျွန်တော်က မယုံလို့မေးတာ။ ဆာဂျင်နှစ်ယောက်က မင်္ဂလာဒုံမှာသွားခေါ်တော့ ဗိုလ်နေဝင်းက သူတို့ကို လှေကားထစ်ကနေ ကန်ချတာ။ လိုက်မသွားဘူး။ အဲဒါနဲ့ မိုးလင်းတော့ ဆာဂျင်နှစ်ယောက်လည်း ထွက်ပြေးခဲ့ရရော။ ဗိုလ်ဇေယျတောထဲမှာ ပစ်သတ်ခံရတာကလည်း ဗိုလ်နေဝင်း လွှတ်လိုက်တဲ့လူက နောက်ကနေ ပစ်သတ်တာလို့ ကြားရတာတွေ ရှိတယ်။”

ဒီမိုကရေစီရေးနှင့် စင်ပြိုင်အစိုးရ
ရှစ်ဆယ့်ရှစ်အရေးတော်ပုံကာလအတွင်း ၉၊ ၉၊ ၈၈ နေ့၌ ၀န်ကြီးချုပ်ဟောင်းဦးနု ဖွဲ့စည်းသော စင်ပြိုင် အစိုးရတွင် သခင်သိန်းဖေကို စီးပွားရေးဝန်ကြီးအဖြစ် ကြေညာချက်တွင် ထည့်သွင်းခဲ့သည်။ သို့အတွက် နဝတ စစ်အစိုးရက ပုဒ်မ ၁၀(ခ)အရ နေအိမ်အကျယ်ချုပ်ဖြင့် ၆ လ ခန့် ထိန်းသိမ်းခံခဲ့ရသည်။ ၂၁၊ ၁၁၊ ၈၈ တွင် ဖွဲ့စည်းသောနာယကကြီးဦးနု၏ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီတွင် အတွင်းရေးမှူး ၂ အဖြစ် ဆောင် ရွက်ခဲ့သည်။ သခင်သိန်းဖေသည် ပြည်သူတို့၏ စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် ဝါရင့်နိုင်ငံရေး သမားများနှင့်အတူ အသက် ၉၀ ကျော်သည်အထိ ခေတ်ပြိုင် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။

ကမ္ဘာပေါ်တွင် သခင်သိန်းဖေကဲ့သို့ အသက်အရွယ်အကြီးဆုံးနှင့် ထောင်အကြိမ်ကြိမ်ကျသည့်နိုင်ငံရေး သမားကြီးများကို မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်ခဲ့သောကာလ၌သာ တွေ့ရလိမ့်မည်ထင်ပါသည်။ သခင်သိန်းဖေသည် ထောင် ၁၁ ကြိမ်ကျခဲ့သည့်အတွက် ဗုဒ္ဓဘာသာအလိုအရ သူ့အတွက် ၁၁ မီးငြိမ်းပြီဟု ယူဆသလို ပြည်သူလူထုကိုလည်း ၁၁ မီးငြိမ်း စေလိုသူ ဝါရင့်နိုင်ငံရေးသမားကြီးဖြစ်ကြောင်း တင်ပြလိုက် ရပေသည်။

ထွန်းဝင်းငြိမ်း
၃၀၊ ၁၀၊ ၂၀၁၆
ပြည်သူ့အရေးဂျာနယ်
အတွဲ ၃၊ အမှတ် ၁၈၉၊ ဂ
၁၅ နိုဝင်ဘာ၊ ၂၀၁၆။