မောင်ရစ် - ထိုးမယ့်ဆင် နောက်တလှမ်းဆုတ် ဆိုသတဲ့လား ဒီမိုကရေစီ



မောင်ရစ် - ထိုးမယ့်ဆင် နောက်တလှမ်းဆုတ် ဆိုသတဲ့လား ဒီမိုကရေစီ
(အယ်ဒီတာ့လက်ရေး) မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၆

အမေရိကန်ပြည်ထောင်စု နိုဝင်ဘာလ ၈ ရက်နေ့ဟာ သူတို့သမ္မတရွေးကောက်ပွဲနေ့ပါ။ အဲသည်နေ့ဟာ ဒီမိုကရက်ပါတီအတွက်တော့ အမှောင်ကျ အင်္ဂါ ( Black Tuesday) လို့ ဆိုရပါမယ်။ အများတကာနဲ့ မြန်မာပြည်သူအတော်များများ မျှော်လင့်တောင့်တနေကြသလို ဒေါ်ကလင်တန် သမ္မတ ဖြစ်မလာဘဲ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ဒေါ်နယ်ထရန့် နှာတဖျား၊ ဆံတမောက် အသာနဲ့ သမ္မတကြီးအဖြစ် ရွေးချယ်ခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ကြီးတ၀ှမ်းလုံး '၀ပ်' သွားလိုက်တာများ မနည်း နှာနှပ်ယူရတယ်လို့ ပြောချင်ပါတော့တယ်။ ဘယ်သူကမှ မထင်ထားဘူးကိုး။ မီဒီယာတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးဝါရင့်တွေနဲ့ မျိုးဆက်သစ်တွေက ငါတို့ ဟီလာရီ အသာစီးနဲ့ အနိုင်ရမယ် ထင်ထားတာ တကယ်တန်း မဲပုံးတွေ ထုတ်ရေလိုက်တော့ မြို့သူ မြို့သား မဲတွေထက် တောသူ တောင်သား နယ်မြို့တွေက မဲတွေက အသာရပြီး ဒေါ်နယ်ထရန့်ကြီး နိုင်သွားတယ်ပဲ ဆိုကြပါစို့။

အမေရိကန်တွေက မဲရှုံးလို့ တောခို သူပုန်ထ၊ တပ်မတော်က အာဏာတွေ သိမ်း၊ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးတွေ ဖွဲ့ကြတယ်လို့တော့ မကြားမိသော်ငြား စိတ်မကျေနပ်သော ကျောင်းသူ ကျောင်းသား လူငယ်တွေကတော့ မြို့ကြီးတွေမှာ လမ်းပေါ်ထွက်ပြီး တပတ်လောက်တော့ ဆန္ဒပြလိုက်ကြပါတယ်။ အကောင်းဆုံ အရှုံးသမား ဒေါ်ကလင်တန်ကတော့ အရှုံးကို လက်ခံပြီး ပြည်သူတွေက ရွေးချယ်ခံခေါင်းဆောင်ကို သဘောထားကြီးစွာနဲ့ လက်သင့်ခံဖို့ နားချပါတယ်။ လက်ရှိသမ္မတ အိုဘားမားကတော့ ချောမွေ့သာယာတဲ့ အာဏာလွှဲပြောင်းမှု ဖြစ်စေဖို့ အာမခံချက်ပေးပါတယ်။ ဒီလိုနဲ့ ပြီးသွားတယ် ဆိုကြပါစို့။

တကယ်တန်းမှာကျတော့ လမ်းပေါ်က ဆန္ဒထုတ်ဖော်တာတွေ၊ အရှုံးသမားတွေက သဘောထားကြီးကြောင်း ထုတ်ပြတာတွေနဲ့ ပြီးမသွားပါခင်ဗျ။ အရှုံးကို သင်ခန်းစာယူကြတဲ့ အဆင့်ကို တနိုင်ငံလုံးက လူကြီး လူငယ် အဖွဲ့အစည်းတွေက သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်ကြတော့တာပါပဲ။

ပထမဆုံး သင်ခန်းစာ ထုတ်ကြသူတွေက မီဒီယာ စာနယ်ဇင်းသမားတွေပါ။ သူတို့တွေရဲ့ လွဲချော်မှုကို ၀န်ခံရင်းနဲ့ကနေ ပြည်သူတွေကို အသိပညာပေး၊ သတင်းပေး၊ အချက်အလက်မှန်တွေ၊ ပွင့်လင်းမြင်သာမှုတွေ သတင်းပို့နေကြသူတွေဟာ အားနည်းမှုတွေ ရှိတယ်၊ ပြည်သူတွေဟာ သတင်းအချက်အလက် အစစ်အမှန် မှန်မှန်ကန်ကန်ဆိုတာထက် အစွန်းရောက်တဲ့ အယူအဆတွေရဲ့ ဖိဆီးမှုတွေ ခံစားခဲ့ကြရတယ်၊ သည်တော့ ငါတို့တွေ သည်ထက်ပိုပြီး စာနယ်ဇင်းအလုပ် ဆထက်တံပိုး လုပ်ကြရမယ်လို့ ကောက်ချက်ဆွဲကြတာပါ။ မီဒီယာတွေဟာ ထရန့်ကို ဝေဖန်ခဲ့ကြသော်လည်း အဲသည်ဝေဖန်ထောက်ပြတဲ့ အသံတွေထက် အစွန်းရောက်သူတွေရဲ့ ၀ါဒဖြန့်မှုအသံတွေက ကျယ်လောင်လွန်းတာမို့ သူတို့ ပရိသတ်ဆီကို အရောက် မပို့နိုင်ခဲ့ဘူးလို့ သူတို့က ၀န်ခံကြတာပါ။

ဒုတိယ သင်ခန်းစာ ယူကြသူတွေက ဒီမိုကရက်နိုင်ငံရေးပါတီနဲ့ တိုးတက်သောအမြင်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ သူတို့တွေ လစ်လျူရှုထားမိတဲ့ လူတန်းစားတွေဟာ အမေရိကန်မြို့ကြီး ပြကြီးတွေ အပြင်ဘက်က တောနယ် မြို့ငယ် လူထု လူတန်းစား အလုပ်သမားတွေ မိသားစုတွေ ဖြစ်နေတယ်။ သူတို့ကို အဖက်လုပ်ပြီး မစဉ်းစားမိတာ၊ မစည်းရုံးမိတာဟာ အလွန်လွဲမှားတယ်လို့ ၀န်ခံကြတာ ဖြစ်ပါတယ်။ ဆင်းရဲ ချို့တဲ့တာ၊ ဗဟုသုတ အားနည်းတာ၊ အလုပ်အကိုင် ရှားပါးတာ၊ ရှေးရိုးစွဲ အမြင် ထက်သန်တာတွေဟာ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်တယ်၊ ၀ဋ်နာ ကံနာပဲဆိုပြီး လစ်လျူရှုထားလို့ မရဘူး ဆိုတာပါ။ ၀ါဒဖြန့် မှိုင်းတွေမိသွားတဲ့ လူထုဟာ ကြောက်စိတ်၊ စိုးရိမ်စိတ်၊ ဒေါသစိတ်တွေနဲ့ မဲလက်မှတ်ကို အသုံးချလိုက်တဲ့အခါ လူအများထောက်ခံသူဟာ မဲရှုံးနိုင်တယ်လို့ သူတို့ ကောက်ချက်ဆွဲကြပါတော့တယ်။

နောက်သင်ခန်းစာယူကြသူတွေကတော့ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်ကုမ္မဏီကြီးတွေ ခင်ဗျ။ ဖေ့စ်ဘွတ်နဲ့ ဂူးဂဲမှာ မဟုတ်တန်းတရားတွေ လုပ်ကြံသတင်းမှားတွေ အစွန်းရောက်မှိုင်းတိုက်တာတွေကို ထိထိရောက်ရောက် တားဆီး ရှင်းလင်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သူတို့က သင်ခန်းစာ ထုတ်ကြပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ဂူးဂဲပေါ်မှာ အစွန်းရောက် အမုန်းပွား သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေကြသူတွေ အဖွဲ့တွေအကြောင်း စာနယ်ဇင်းသမားတွေက ထုတ်ဖော်ဝေဖန်ကြပါတယ်။ အဲဒါတွေကို ဗဟုသုတနည်းသူ၊ ကိုယ်ခံအားနည်းသူတွေက မြိန်မြိန်ရှက်ရှက် စားသုံးပြီးတော့ ဆုံးဖြတ်ချက်တွေ ချကြတာကြောင့် လို့ ဆိုကြပါတယ်။ သတင်းမှားကော သတင်းမှန်ကောကို ဖေ့စ်ဘွတ်ပေါ် ဂူးဂဲပေါ် ရှာဖွေလို့ ရပေမယ့် သတင်းမှားကို ပိုပြီး လူကြိုက်များ အားကိုးကြတာမို့ ဒါကို ကာကွယ်သင့် ကြိုတင် ဖယ်ရှားသင့်တယ်လို့ နည်းပညာကုမ္မဏီတွေက ယူဆကြပါတယ်။

နောက်တချက်ကတော့ နယ်ခြားမဲ့ အတားအဆီးမဲ့ ဆိုင်ဘာအကြမ်းဖက် သောင်းကျန်းမှု ဖြစ်ပါတယ်။ ဆိုင်ဘာလုံခြုံရေး အကာအကွယ်တွေကို ထိုးဖောက်ပြီး အစိုးရ၊ လွှတ်တော်၊ ပါတီ၊ နိုင်ငံရေးသမား၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်း အဖွဲ့အစည်းစုံက သတင်းအချက်အလက်တွေ ကိုယ်ရေးကိုယ်တာတွေ လျိ့ဝှက်ချက်တွေကို ခိုးယူခြင်း၊ ဖြန့်ချိ တိုက်ခိုက်ခြင်း၊ အလွဲသုံးစားလုပ်ခြင်းတွေဟာ အင်တာနက်ခေတ်မှာ တိုးပွားသည်ထက် တိုးပွားလာပြီး လူ၊ အဖွဲ့အစည်း၊ မိသားစု၊ ကုမ္မဏီတွေသာမက နိုင်ငံတော်တွေကို ထိခိုက်အောင် မင်းမဲ့စရိုက်ဖြစ်အောင် လုပ်စွမ်းနိုင်တယ်ဆိုတာကို သိရှိလက်ခံရတာပါ။ ဒါတွေကို ဘယ်လို ပြင်ဆင်မလဲ၊ ပညာပေးမလဲ၊ အရေးယူကြမလဲဆိုတာကိုတော့ အစိုးရတွေနဲ့ ကုမ္မဏီကြီးတွေက လူသိရှင်ကြား သင်ခန်းစာ ထုတ်မပြသေးဘူးလို့ ဆိုရပါမယ်။

နောက်တခုကတော့ ... သူတို့ကတော့ internet troll လို့ ခေါ်ကြတယ်။ troll ဆိုတာ မှင်စာတွေ၊ ကြပ်တွေလို့ ဘာသာပြန်ရမလား မသိဘူးဗျ။ သူတို့က ဘာမှန်းညာမှန်း သိလို့ တတ်လို့ မဟုတ်၊ သူတို့ စိတ်ချဉ်ပေါက် စွဲလန်းတဲ့ တစုံတရာ တစုံတဦးနောက်ကို တကောက်ကောက်လိုက် နှောက်ယှက်တိုက်ခိုက်တဲ့ လမ်းသရဲလိုမျိုးတွေပေါ့။ အင်တာနက်ပေါ်မှာလည်း အဲသည် troll တွေ မှင်စာတွေ ကြပ်တွေဟာ ခေတ်အလွန်စားလာပါတယ်။ သူတို့ ကြိုက်တဲ့လူနောက် တကောက်ကောက်လိုက်တာထက် သူတို့မကြိုက်တဲ့ လူတွေ အကြောင်းအရာတွေကို တကောက်ကောက် နောက်ကလိုက်ပြီး တစိုက်မတ်မတ် ဆဲဆို ရုန့်ရင်းကြမ်းတမ်း စော်ကား မော်ကား လိုက်လုပ်၊ အကြမ်းဖက်မယ်၊ ဘာညာ လိုက်လံ ခြိမ်းခြောက်၊ နှောက်ယှက်တာမျိုး လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ သူတို့တွေကို ပဒူအုံ တုတ်ထိုးလိုက်သလို လုပ်မိ ဆွမိ မှိုင်းတိုက်မိလိုက်ရင် ကိုယ့်စာရိတ်နဲ့ ကိုယ် လိုက်ပြီး အနှောက်အယှက်တွေ ပေးပါလိမ့်မယ် ခင်ဗျား။ internet troll တွေဟာ hate news ကော၊ fake news ကော သောကော ရောကော အကုန်လုံး လိမ်းကျံပြီး မင်းမဲ့စရိုက်တွေ အင်တာနက်ပေါ်မှာ ပြုမူကြတာတွေ ဆိုးဝါးလာနေကြောင်း၊ သူတို့တွေကို သတိထားဖို့ အင်တာနက်သားများကလည်း မကြောက်မရွံ တွန်းလှန်ပစ်ဖို့ လိုကြောင်း အင်တာနက်အကဲခတ်အဖွဲ့တွေက ထောက်ပြလာကြပါတယ်။

အဲသည်နေရာမှာ အကြောက်တရားတွေ အမုန်းတရားတွေ မင်းမဲ့စရိုက်တွေ ကြီးစိုးလာလို့ နောက်တွန့် ကြောက်ရွံ့ပြီး ဘောင်းတော်ညိတ် စိတ်တော်သိ ဒူးထောက် အညံ့ခံသွားရမယ်လို့ သင်ခန်းစာယူသွားကြလိမ့်မယ်လို့ မထင်နဲ့လို့ ဒေါင်ဒေါင်မြည်ပြကြသူတွေကတော့ တီဗီပေါ်ကနေ ဒေါ်နယ်ထရန့်နဲ့ အပေါင်းအပါတွေကို ဟားတိုက်သရော်ခဲ့ကြတဲ့ လူရွှင်တော်မင်းသား မင်းသမီးတွေ ခင်ဗျ။ သူတို့တွေကတော့ ငါတို့တွေရဲ့ ပြက်လုံးတွေကို ဆင်ဆာလုပ်ပြီး အရှိန်လျော့ချလိမ့်မယ် မထင်ပါနဲ့တဲ့။ နောက်ပိုင်းဆို ခေတ်ကြီးရဲ့ ကမောက်ကမတွေ နိုင်ငံရေးသမားတွေရဲ့ ကမောက်ကမတွေ ပိုထင်ရှားလာလို့ ငါတို့တွေ ရှေးကထက် ပိုပြီး ပြက်ကြရလိမ့်မယ်လို့ စိန်ခေါ်လိုက်ကြောင်းပါ။

အထက်ပါကိစ္စတွေကတော့ လတ်တလော ဖြစ်ရပ်တွေ လှိုင်းတွေကနေ သင်ခန်းစာ ယူကြတာဖြစ်ပါတယ်။ နိုင်ငံရေး နောက်ခံသမိုင်းကြောင်းကနေ သင်ခန်းစာယူကြတာကလည်း စိတ်ဝင်စားစရာပါ။ အိုဘားမား သမ္မတ ၈ နှစ်လုံးလုံးမှာ မြန်မာလို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်လုံးမှာ (ကွန်ဂရက်နဲ့ ဆီးနိတ်) ရီပတ်ဘလစ်ကန်တွေက အများစုအမတ်တွေနဲ့ပါ။ သူတို့က ၈ နှစ်လုံးလုံး အိုဘားမားကို အာဏာဖီဆန်ခဲ့ကြတာပါ။ အတိုက်အခံ အတားအဆီးတွေ အများကြီးအောက်ကနေ ဒီမိုကရက်နဲ့ အိုဘားမားတို့က တိုင်းပြည်ကို တရွတ်ဆွဲ ခေါ်ခဲ့ရတာ။ သည်တော့ ကလင်တန် ဒီတခေါက် နိုင်ခဲ့ရင်လည်း လွှတ်တော် ၂ ရပ်လုံးမှာ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေချည်းမို့ နောက် ၄ နှစ်လည်း လွှတ်တော်တံတိုင်းကြီးကို ကျော်ပြီး အုပ်ချုပ် မင်းလုပ်ဖို့ လွယ်လှတယ် မဟုတ်ပါတဲ့။

အခုလို ထရန့်တယောက် ရီပတ်ဘလစ်ကန်တွေဘက်ကနေ သမ္မတဖြစ်၊ လွှတ်တော် ၂ ရပ်လုံးကလည်း အနိုင်ရပါတီက အမတ်တွေချည်းဆိုတော့ သည် ၄ နှစ်လုံးလုံး ရီပတ်ဘလစ်ကန်တွေချည်း တကွင်းလုံး စိတ်တိုင်းကျ ကစားဖို့ ချည်း ဖြစ်ပါစေတဲ့။ သူတို့တတွေ တကယ်တန်း စိတ်တူ ကိုယ်တူ တသဘောတည်း ရှေးရိုးစွဲနည်းတွေ ၀ါဒတွေနဲ့ ၄ နှစ်တာ အုပ်ချုပ်ဖို့ဆိုတာ လွယ်လှတာ မဟုတ်ပါလို့ သုံးသပ်ကြပါတယ်။

လူကြိုက်နည်းတဲ့ သမ္မတနဲ့ ရှေးရိုးစွဲတွေ ကြီးစိုးတဲ့ လွှတ်တော်အမတ်တွေဟာ လွှတ်တော်နဲ့ အစိုးရပြင်ပက အတိုက်အခံတွေ၊ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းတွေ၊ မျိုးဆက်သစ်တွေရဲ့ မျက်စိထောက်ထောက်ပြီး စိန်ခေါ်မှုတွေ တုန့်ပြန်မှုတွေကို ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။ အရင်သမ္မတ ဘွတ်ခ်ျလက်ထက်တုန်းကလည်း သည်လိုမျိုး အုပ်ချုပ်မင်းလုပ်ခဲ့ကြပေမယ့် အရင်တုန်းကထက် ပိုပြီး တက်ကြွ ပွင့်လင်းလာတဲ့ မျိုးဆက်သစ် ရေချိန်နဲ့ လှိုင်းကို သူတို့ ရင်ဆိုင်ကြရလိမ့်မယ် လို့ ဆိုပါတယ်။ မျိုးဆက်ဟောင်းတွေအတွက်လည်း အချိန်ကုန်မြန်ကြလိမ့်မယ်လို့ တွက်ဆကြပါတယ်။ အသက်တွေက ကြီးကုန်ကြပြီ မဟုတ်လား။ တိုးတက်တဲ့ မျိုးဆက်သစ်တွေအတွက် ခါးသီးတဲ့ အရှုံးကို သူတို့ ခံစားလိုက်ရတာ ကောင်းပါသတဲ့။ ငယ်ငယ်ရွယ်ရွယ်မှာ အနိုင်ချည်းပဲ ရနေတဲ့ ၂၁ ရာစု မျိုးဆက်ဟာ အခုလို အရှုံးကို တွေ့လိုက်ရတော့ နောင်လာမယ့် ပွဲတွေအတွက် ပိုပြီး သတိကြီးသွားစေတယ်။ ပေါ့ပေါ့ဆဆ မဖြစ်တော့ဘူးလို့ သဘောထားကြပါလိမ့်မယ်။

မြန်မာလိုဆိုရင်တော့ ထိုးမယ့်ဆင် နောက်တလှမ်းဆုတ်တယ်လို့ သင်ခန်းစာတွေ ယူပြီး တွေးကြတယ် ဆိုပါတယ်။ မြန်မာပြည်သားတွေအတွက် ဆိုရင်ကော ... နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးမိတ်ဆွေတဦးဖြစ်တဲ့ ခေတ်ပြိုင် ဒေါ်ကလင်တန်တယောက် သမ္မတ မဖြစ်လိုက်ရတာ အသည်းနာစရာပါ။ အမျိုးသမီး ခေါင်းဆောင်တွေ ခေတ်စားတော့မယ့် သမိုင်းစာမျက်နှာကို အမေရိကန်က မလှန်နိုင်လိုက်တာ ရင်နာစရာ။ သို့သော် သင်ခန်းစာဆိုတာ ခေတ်ကြီးက ဘယ်လိုပဲ စီးစီး ... အခန့်မသင့်လို့ သတိကြီးကြီး မထားနိုင်ရင်တော့ လှိုင်းတွေလည်း ပြောင်းပြန် ဆန်တတ်တယ် ဆိုတာ ဒီမိုကရေစီ လေလား ... ဒီမိုကရေစီ မိုးလား ... ဟေ လာ မောင်တို့ ၀ါး။ ။