သားကြီးမောင်ဇေယျ - ဒေါ်နယ်ထရန့်ရယ်၊ ဟယ်လာရီ ကလင်တန်ရယ် ကျနော်တို့ရယ်



သားကြီးမောင်ဇေယျ - ဒေါ်နယ်ထရန့်ရယ်၊ ဟယ်လာရီ ကလင်တန်ရယ် ကျနော်တို့ရယ်
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆


‘ဟယ်လာရီ နိုင်နေပြီတော့’
အသက် ၈၉ နှစ်အရွယ်ရှိ ကျွန်တော့်မေမေက ခရီး ရောက်မဆိုက် ၀မ်းသာအားရပြောပါတယ်။
ကျွန်တော် အလုပ်နားရက်မို့ မေမေ့အိမ်ကို တပါတ်တခါရောက်နေကျပါ။ မေမေ ခူးကျွေးတဲ့ထမင်းကို မေမေ့ရှေ့မှာ စားပြနေကျပါ။ မေမေ့ဆီရောက်တိုင်း  မြန်မာနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်သတင်းတွေ ကို သတင်းထောက်ဖြစ်တဲ့ ကျွန်တော့်ကို မေမေက ပြောပြနေကျပါ။

ဒီတခါတော့ မေမေက မြန်မာနိုင်ငံရဲ့သတင်းကိုမပြောပဲ အမေရိကန်ရွေးကောက်ပွဲသတင်းကို ပြောပြ လိုက်တာမို့ မြန်မာနိုင်ငံသားတွေ အမေရိကန် ရွေးကောက်ပွဲ သတင်းကို စိတ်ဝင်စားနေတယ်လို့ အကြမ်းဖျင်း နားလည်လိုက်ပါတယ်။

‘ မေမေက ဟယ်လာရီ ကို နိုင်စေချင်တာလား ဘာကြောင့် နိုင်ချင်ရတာလဲ ‘

ကျွန်တော်က သတင်းနဲ့ အသက်မွေး နေသူပီပီ မေမေ့ကို မေးခွန်းထုတ်လိုက်ပါတယ်။

‘ဟဲ့ ဟယ်လာရီက အောင်ဆန်းစုကြည် သူငယ်ချင်းလေ ငါက အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သူတွေ အားလုံး နိုင်စေချင်တာပေါ့ ‘

ကျွန်တော်ပြုံးမိပါတယ်။ ရိုးရှင်းတဲ့ သူ့အမြင်ကြောင့်ပါ။

ကျွန်တော့်အပြုံးက ကြာကြာမခံပါ။ DVB ရုံးရောက်တော့ ကျွန်တော်နဲ့ စားပွဲချင်းကပ်လျှက် DVB ၀က်ဆိုဒ် ကို တာဝန်ယူထားတဲ့ ကိုရဲမင်းနိုင်က

‘ဒေါ်နယ်ထရန့် နိုင်နေပြီ ကိုဇေယျရေ အမေရိကန် စတော့ဈေးကွက် ကျနေပြီ ‘

လို့ ပြောရင်း သူ့ကွန်ပြူတာ ပေါ် လက်ညိုးနဲ့ ထောက်ကာ ရှင်းပြပါတယ်။

နေ့လည်ဖက်ရောက်တော့ ကျွန်တော် ရုံးကနေ  မီဒီယာကောင်စီရုံးကိုထွက်ခဲ့ပါတယ်။ ဆူးလေနားရောက်တော့ NGO မှာ လုပ်နေတဲ့ ကျွန်တော့်မိတ်ဆွေ တစ်ယောက်နဲ့ တွေ့ပါတယ်။ သူကလည်း စကားမစပ် ပြောရဦးမယ်ဆိုပြီး ဒေါ်နယ်ထရန် နိုင်ဖို့ သေချာနေပြီဗျာ ကျွန်တော်တို့တော့ ဒုက္ခပါပဲ လို့ ငြီးပြပါတယ်။

မီဒီယာကောင်စီရုံး ရောက်တော့လည်း ရုံးမှာ တာဝန်ယူထားတဲ့ မသူသူက သူ့ကွန်ပြူတာမှာ CNN ၀က်ဆိုဒ်ကို ဖွင့်ထားပြီး ဒေါ်နယ်ထရန် နိုင်သွားပြီတော့ လို့ သူက အံသြ ၀မ်းနည်းတဲ့ အသံနဲ့ ဆိုပါတယ်။

အိမ်ပြန်ရောက်လို့ ည ၈ နာ ရီ တီဗွီသတင်းဖွင့်လိုက်တော့ ဒေါ်နယ်ထရန့်နိုင်တဲ့သတင်းတွေပဲ လွှမ်းမိုးနေပါတယ် ။

အိပ်ယာ ၀င်တော့လည်း မိန်းမက ကျွှန်တော့်ကို မေးပါတယ်။ ဒေါ်နယ်ထရန်  နိုင်သွားရင် ရွှေဈေး တက်မှာ လား ကျမှာလားတဲ့။

မိုးလင်း မိုးချုပ် အမေရိကန်ရွေးကောက်ပွဲ သတင်းတွေက ကျွန်တော့်ကို လွှမ်းမိုးနေပါတယ်။

ဒီနက် ရုံးရောက်တော့ သတင်းထောက်တွေ ELEVEN မီဒီယာ နဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း တို့ ပြ ဿ နာ ကို သတင်းလုပ်ဖို့ စိုင်းပြင်းနေကြတာတွေ့ရပါတယ်။

အချို့က တာမွေ ရဲစခန်းကိုသွား တချို့က ELEVEN မီဒီယာ ရုံးရှေ့ကိုသွားဖို့ပြင်နေတာတွေ့ရပါတယ်။

အင်း အမေရိကန်ရွေးကောက်ပွဲ ရဲ့ လွှမ်းမိုး မှုကနေ လွတ်သွားလို့ စိတ်ထဲ နည်းနည်း အေးသလိုဖြစ်သွားပါတယ်။

မကြာပါဘူး ‘ ဦးဇေကြီး... ဒေါ်နယ်ထရန် နိုင်တဲ့အပေါ် ဘယ်လိုခံစားရသလဲ’ လို့ သတင်းထောက်တစ်ယောက်က ကျွန်တော့်ကို မေးခွန်းထုတ်လာပါတယ်။

ကျွန်တော်က အဲဒီသတင်းထောက်ကို ပြန်မေးချင်တာ က ‘ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ မြန်မာနိုင်ငံနဲ့ ဟိုးအဝေးကြီးမှာရှိတဲ့ အမေရိကန် နိုင်ငံရဲ့ ရွေးကောက်ပွဲကို ဘာကြောင့် စိတ်ဝင်စားနေကြပါသလဲ။ မြန်မာပြည်သူပြည်သား တဦးချင်း နဲ့ မြန်မာနိုင်ငံ လူမှုရေးစီးပွားရေး ၊ နိုင်ငံရေး အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနေပါသလဲ။ ဒီလိုအခြေနေတွေ ရောက်ခဲ့တာ ဘာကြောင့်ပါလဲ' ဆိုတဲ့ မေးခွန်တွေဖြစ်ပါတယ်။

သားကြီးမောင်ဇေယျ ( ၁၀-၁၁-၂၀၁၆)