နိုင်ငံတကာသာဂိ - လွန်ခဲ့တဲ့ ၁ နှစ်က စင်ကာပူမှာ ...


နိုင်ငံတကာသာဂိ - လွန်ခဲ့တဲ့ ၁ နှစ်က စင်ကာပူမှာ ...
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၆
လွန်ခဲ့တဲ့ ၁ နှစ်က စင်ကာပူမှာ ... လို့ စာကို နိဒါန်းချီရမယ်။ ၂၀၁၅ နိုဝင်ဘာ ၈ ရက် မှာ မြန်မာပြည်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ တကယ်တန်းကတော့ ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလကတည်းက ပြည်ပရောက် မြန်မာတွေ သံရုံးတွေဆီ သွားပြီး ကြိုတင်မဲ ပေးခဲ့ကြတာပါ။

အဲသည်မှာ စင်ကာပူရောက် မြန်မာတွေရဲ့ ပေးဆပ်မှုဟာ ကမ္ဘာကြီး တုန်သွားတယ်၊ မြန်မာပြည်ကြီး တုန်သွားတယ်။ စစ်အာဏာရှင်တွေ တုန်သွားတယ် လို့ ဆိုရမယ်။

စင်ကာပူမှာ ပင်ပင်ပမ်းပမ်း အလုပ်လုပ်နေရတဲ့ မြန်မာလုပ်သားတွေ အလုပ်သမတွေဟာ နေ့ည မခွဲခြားနိုင်ပဲ ကြိုတင်မဲပေးဖို့ ကြိုတင် တန်းစီပြီး သံရုံးရှေ့ အရောက်သွားခဲ့ကြတယ်။ ကြိုတင်မဲစာရင်းတွေ ကွဲလွဲနေတာကို မဆုတ်မနစ် ပြင်ဆင်ပေးဖို့ တစည်းတလုံး တောင်းဆိုခဲ့ကြတယ်။ အားပေးသူ မြန်မာမိသားစုတွေက မဲပေးဖို့ တန်းစီနေသူတွေကို လိုလေးသေးမရှိအောင် ကျွေးမွေးပြုစု အရိပ်ပေးခဲ့ကြပါတယ်။ နောက်ဆုံး စင်ကာပူအစိုးရကိုယ်တိုင် တုန်သွားလို့ မြန်မာသံရုံးကို ဖိအားပေးတာကြောင့် ကြိုတင်မဲ ရက်တွေကို တိုးမြှင့်ပြီး အဆင်ပြေအောင် လုပ်ပေးလိုက်ရတယ်။

မြန်မာပြည်ကြီးက မဲဆန္ဒရှင်တွေနဲ့ ယှဉ်ရင် အရေအတွက်အားဖြင့် လက်တဆုပ်စာပဲ ရှိတဲ့ စင်ကာပူက ကြိုတင်မဲပေးသူတွေရဲ့ စိတ်ဓာတ်အင်အား ပေးဆပ်မှု အင်အားဟာ မြန်မာပြည်ကြီးရဲ့ ၂၀၁၅ နိုဝင်ဘာ ၈ အဆုံးအဖြတ်နေ့အတွက် အရေးပါ အရာရောက်သော ဆူနာမိ လှိုင်းကြီးရဲ့ အစပါပဲ။ မြန်မာပြည်တွင်းက မဲဆန္ဒရှင်တွေ အားလုံးဟာ ပြင်းထန်သော လုံလ ၀ီရိယ စိတ်ဓာတ် ပိုင်းဖြတ်မှုနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ စစ်အုပ်စုကျောထောက်နောက်ခံထားတဲ့ ပြည်ခိုင်ဖြိုးပါတီကို ပွဲသိမ်း အလဲထိုးပစ်နိုင်ခဲ့ကြတယ် မဟုတ်လား။

ခုချိန်မှာတော့ဖြင့် ၁ နှစ်တောင် ရှိခဲ့ပြီ။ စင်ကာပူ မြို့လည်ကောင် ဈေးဆိုင်ကြီးတွေရှေ့ ပလက်ဖောင်းပေါ်မှာ သတင်းစာလေးခင်းပြီး ညကတည်းက မဲပေးဖို့ဆိုပြီး အိပ်စောင့်နေတဲ့ မြန်မာအမျိုးသားတွေ မြန်မာအမျိုးသမီးတွေကို ပြန်ပြီး မြင်ယောင်နေမိတယ်။

ငါတို့တတွေ ခရီးကား မဆုံးသေး။



ပုံတွေ ကြည့်ချင်ရင် - http://moemaka.com/archives/46705

မိုက်ခဲစိန်၏ ဆောင်းပါး - စင်ကာပူက မြန်မာတွေရဲ့ အနိုင်မခံစိတ်ဓာတ် http://moemaka.com/archives/46798