သားကြီးမောင်ဇေယျ - ကျွန်တော်သာ ၆၆ (ဃ) ဖြစ်ခဲ့လျှင်


သားကြီးမောင်ဇေယျ - ကျွန်တော်သာ ၆၆ (ဃ) ဖြစ်ခဲ့လျှင်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၆


‘တာမွေရဲ စခန်းရှေ့မှာ လူတွေ အုန်းအုန်းထနေတယ် ဘာဖြစ်တာလဲမသိဘူး’

ကျွန်တော်မီဒီယာကောင်စီရုံးက အပြန် DVB ရုံးကို ပြန်ရောက်ရောက်ချင်း သတင်းထောက်တွေကို ပြောလိုက်မိပါတယ်။

‘ဟုတ်တယ် Eleven က ကိုဝေဖြိုးတို့ ရဲစခန်းကို လာ အဖမ်းခံမယ်ဆိုလို့ ဒီက သတင်းထောက်တွေ လည်း အဲဒီမှာ ရောက်နေပြီ’

သြော် စိတ်မကောင်းစရာသတင်းက ဒီအခြေအနေတောင်ရောက်သွားပြီကိုး။

ဒီသတင်းဟာ လွန်ခဲ့တဲ့ သုံး လေးရက်လောက်ကတည်းက လူအများ စိတ်ဝင်စားတဲ့ သတင်းတပုဒ်ဖြစ်နေခဲ့တာပါ။

လူအများ စိတ်မ၀င်စားပဲ နေပါ့မလားဗျာ ။ တဖက်က ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့၊ တဖက်က ထိပ်တန်းမီဒီယာကြီးတခု ၊ ဆွဲထားတဲ့ ပုဒ်မကလည်း အာမခံမရတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြစ်နေတာကိုး။

၆၆ (ဃ) ဆိုတဲ့ ပုဒ်မကလည်း တချိန် စစ်အစိုးရလက်ထက်က အီလက်ထွန်နစ် နည်းပညာ အသုံးပြုပြီး စစ်အာဏာရှင်တွေကို တိုက်ခိုက်တဲ့ တက်ကြွ လှုပ်ရှားသူတွေကို နှိပ်ကွပ်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ထားတဲ့ ဥပဒေ လို့ ကျွန်တော်မှတ်သား ခဲ့ရဖူးပါတယ်။

မောင်ဆောင်းခ (ဆက်သွယ်ရေး ဥပဒေ ဆိုင်ရာ သုတေသန အဖွဲ့) ရဲ့ လူမှုကွန်ယက် မှာတော့ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၆၆ (ဃ) ဖြင့် တရားစွဲခံရသူ ၇ ဦးရှိပြီး ပြစ်ဒဏ်ခံရသူ ၅ ဦးရှိတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ တရားစွဲခံရမှု ၁၈ မှုရှိပြီး ဖမ်းဆီး ချုပ်နှောင်ခံရ သူ ( ၈ ) ဦးရှိခဲ့တယ်။ ၂၀၁၆ နိုဝင်ဘာ (၁၀) နေ့ထိ ကောက်ခံရရှိသော စာရင်းတွေ အရ ၆၆ (ဃ) နဲ့ တရားစွဲ ဆိုမှုပေါင်း (၂၆) မှု ရှိတယ်လို့ဖေါ်ပြထားပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့အမှုဖွင့်ခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းကို ဒုတိယ ရမန်ယူလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုထားတယ်ဆိုတဲ့သတင်း ၊ လက်ပံတန်း အခြေစိုက် DVB အလွတ်တန်းသတင်းထောက် ကိုဝဏ္ဏကို ရေငံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ၆၆ (ဃ) ဖြင့်အရေးယူပေးရန် အမှုဖွင့်ထားတယ်ဆိုတဲ့သတင်း၊ ကြက်ဖ ကြီး လို့ အစွပ်စွဲ ခံ့သူ ကိုလှဖုန်း ဟာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူခံထားရကာ ထောင် ချုပ်ရက် ၉ လ ပြည့်ခဲ့ပြီး အကြာမီ အပြီးသတ် အမိန့်ချမှတ် ခံရတော့မှာ ဖြစ်တယ် ဆိုတဲ့ သတင်း တွေ ဆက်တိုက်ဆိုသလို မီဒီယာ အသီးသီးမှာ ဖေါ်ပြခံနေရပါတယ်။

၆၆(ဃ) ဆိုတာက ဆက်သွယ်ရေးဥပဒေ ထဲက ပုဒ်မခွဲတခုဖြစ်ပါတယ်။ အဲဒီ ပုဒ်မမှာ တစ်ဦးတစ်ယောက်ဟာ ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊အနိုင်အထက်

ပြုခြင်း၊မတရားတားဆီးကန့်ကွတ်ခြင်း၊အသရေဖျက်ခြင်း၊နှောက်ယှက်ခြင်း၊မလျှော်သြဇာသုံးခြင်း ခြိမ်းခြောက်ခြင်း ပြုလုပ်မယ်ဆိုရင် ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၃နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည် လို့ဆိုထားပါတယ်။

အချို့က ဒီဥပဒေ ဟာ အားကြီးသူက အားနည်းသူကို ဖိနှိပ်ဖို့ အခွင့်အလမ်းရနိုင်တယ်။ အခြေခံ လူ့အခွင့်အရေးတွေကို ထိပါးနိုင်တယ် ၊ ပွင့်ပွင့်လင်းဝေဖန်မှုတွေ မရှိတော့ရင် အမှောင်ခေတ်ကို ပြန်ရောက်သွားနိုင် ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ဒီဥပဒေကို ဖျက်သိမ်း ဖို့ ဆန္ဒရှိကြပါတယ်။

အချို့က ဒီဥပဒေမရှိရင် တယောက်ကို တစ်ယောက် အပုတ်ချ တာတွေ ၊ စည်းလွတ် ၀ါးလွတ် တိုက်ခိုက်တာတွေ ၊ အမုန်းစကားတွေ ပိုမို လွှမ်းမိုး နိုင်တယ် ဆိုတဲ့ အမြင်နဲ့ ဒီ ဥပဒေကို ရှိစေချင်ကြပါတယ်။

က၊ျွန်တော့်သူငယ်ချင်းတစ်ယောက်က ခင်ဗျားသာ eleven media ဖြစ်ရင် ဘာလုပ်မလဲ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်ရင် ဘာလုပ်မလဲ ဆိုတဲ့မေးခွန်း မေးလာပါတယ်။

ကျွန်တော် သာမာန်သတင်းထောက် တစ်ယောက်အနေနဲ့ တခါမှ စိတ်မကူးမိတဲ့ မေးခွန်ပါ။

ကျွန်တော်သာ eleven media ဖြစ်ရင် အထောက်အထားခိုင်ခိုင်လုံလုံ ရှာမယ်။ အချက်အလက်မှန်အောင် အရင်ကြိုးစားမယ်။ နောက်ပီး အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နဲ့ ထိပ်တန်းစီးပွားရေးသမားကြီးတွေ၊ ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူတွေ သိအောင် ကြေငြာပေးဖို့တောင်းဆိုမယ်။ ကိုယ်ကိုယ်တိုင်လဲ သတင်းထောက်လှမ်းဖေါ်ထုတ် တဲ့ ဆောင်းပါးတွေ ရုပ်သံတွေ လုပ်ပြီး ပြည်သူတွေကို ပြောပြမယ်။ ( စိတ်ကူးယဉ်တာပါ။ ကျွန်တော် တကယ်မလုပ်နိုင်ပါဘူး၊ ကျွန်တော်က သာမာန် သတင်းထောက်လေ)

ဒုတိယမေးခွန်းကတော့ ကျွန်တော်သာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဖြစ်ရင် ဘာလုပ်မလဲ ဆိုတဲ့မေးခွန်းပါ။

ကျွန်တော် အဲဒီလို နေရာမျိုးမှာ မနေရဲပါဘူး။ စိတ်ကူးနဲ့ နည်းနည်းနေကြည့်တာတောင် တော်တော်ပင်ပန်းလှပါတယ်။ စာမဖတ်ရ၊ ပန်းချီမရေးရ၊ လက်ဖက်ဆိုင်မထိုင်ရ တဲ့ ဘ၀ ဆိုတော့ စိတ်ပျက်စရာကောင်းတဲ့ ဘ၀ပါ။ ဒါပေမယ့် ကျနော်သူ့နေရာမှာ ခဏ၀င် စဉ်းစားကြည်မယ်။ နာရီကလေး တလုံးကို အကြောင်ပြုပြီး ကိုယ့်ဂုဏ်သိက္ခာ ထိအောင်စော်ကား တယ်ဆိုပါဆို့။ ကျွန်တော် ပထမဆုံး မီဒီယာကောင်စီကို တိုင်မယ်။ အမှုဖွင့်ထားမိရင်လဲ အမှုကိုချက်ချင်းပိတ်မယ်။ မီဒီယာကောင်စီရဲ့ ညှိနိုင်းမှု နဲ့ နောက်တခါ အချက်အလက်မခိုင်ပဲ မရေးတော့ပါဘူးဆိုတဲ့ သူတို့ဆီက ကတိကို တောင်းမယ်။ ဒါ ကျွန်တော့် စိတ်ကူးပါ။ ကျွန်တော်က တကယ်မခံရတဲ့သူဆိုတော့ ကိုဖြိုးမင်းသိန်းလောက် စိတ် မှ မဆိုးတာ။

အဲဒီလို လုပ်တော့ လူတွေကလည်း ကျွန်တော့်ကို ညှာတာ တဲ့ စိတ် ရှိလိုက်တာ ဆိုပြီး အထင်ကြီးကြဦးမယ်။ နောက်ပြီး တိုင်းပြည်မှာ ဒီထက် အရေးကြီးတဲ့ အလုပ်တွေ လုပ်နေလို့ ဒီလို ကိုယ်ရေးကိုယ်တာ အသေးအဖွဲလေး ကို အရေးမစိုက်အားဘူးဆိုပြီး ကြံဖန် အထင်ကြီးဦးမယ်။ ဟဲ ဟဲ မပိုင်လား၊ ကျွန်တော့်အကြံ။

ကျွန်တော် အကြောက်ဆုံး မေးခွန်းတခု ကိုတော့ ကျွန်တော့် သူငယ်ချင်းက မေးမသွားပါဘူး။

ကံကောင်းပါတယ်။ အဲဒီမေးခွန်းက ခင်ဗျားသာ ၆၆ (ဃ) ဖြစ်ရင် ဘာလုပ်မလဲ ဆိုတဲ့မေးခွန်းပါ။ အဲဒီ မေးခွန်းကို ကျွန်တော်တိတိပပ ဖြေနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့

ကျွန်တော်မျိုး ၆၆ ( ဃ ) ဥပဒေဟာ အခုထက်ထိ နည်းဥပဒေ မထွက်သေးဘူးလို့သိရတယ်။ သိတ်လည်းသေသေချာချာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ ကျွန်တော် စတင် ဖြစ်ပေါ်လာတဲ့ ရည်ရွယ်ချက် ကိုက အင်တာနက်သုံးတဲ့ ဒီ/လှုပ်တွေကိုနှိပ်ကွတ်ဖို့ ရည်ရွယ်ထားတာ လို့သိရတယ်။ အဲဒီတော့ဗျာ မျိုးစေ မမှန် ပင်မသန် ဆိုသလို ကျွန်တော့် မျိုးစေ့ကမှ မကောင်းတာ ။ ဘာလုပ်လုပ် အားနည်းချက်တွေ နဲ့ ဖြစ်နေမှာပါ။ ပိုဆိုးတာက ကျွန်တော်မျိုး ၆၆ (ဃ)ကို စိတ်ဆိုးဆိုးနဲ့ သုံးနေကြတယ်။ ငါ့ကိုလာထိတဲ့ ဒင်းကိုတော့ ဒီပုဒ်မ နဲ့ အသေချမယ် ဆိုတဲ့ စိတ်ကူးကြီးနဲ့ သုံးနေကြတာဆိုတော့ ပို အရုပ်ဆိုးတာပေါ့ဗျာ။

ကျွန်တော့်မိတ်ဆွေကြီး ပုဒ်မ (၅) လို ကျွန်တော်လည်း ဥပဒေ ထဲမှာ နာမည်ဆိုးနဲ့ ကြော်ကြားနေပါပြီ။ ဖြစ်နိုင်ရင်ကျွန်တော့်ကို မသုံးကြပါနဲ့။ ကျွန်တော့် ကိုသုံးရင် သုံးတဲ့လူလည်း နာမည်ပျက်တယ်။ အသုံးခံရသူလည်း ဒုက္ခတွေ့မှာပါ။

အဲဒီလို အဲဒီလို ပြောချင်ပါတယ်။ ကျွန်တော်သာ ပုဒ်မ ၆၆ (ဃ) ဖြစ်ခဲ့ရင်ပေါ့။

တခုပြောဖို့ ကျန်သွားသေးတယ်။ ကျွန်တော်က ၆၆ (ဃ) အကြောင်း အင်တာနက်ပေါ်တင်မိ လို့ ကျနော့်ကို ၆၆ (ဃ) နဲ့ တရားဆွဲမယ် ဆိုရင် မိတ်ဆွေ စာဖတ်သူ ထောင်ဝင်စာ လာတွေ့ဖို့ မမေ့ပါနဲ့ဗျာ။

သားကြီးမောင်ဇေယျ ( ၁၂- ၁၁-၂၀၁၆ )