ဆလိုင်း မြတ်နိုးသူ ● မြန်မာပြည် အရှေ့မြောက်မှ ပေးစာ



ဆလိုင်း မြတ်နိုးသူ ● မြန်မာပြည် အရှေ့မြောက်မှ ပေးစာ
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၆

အတွေးအခေါ်မှာ သံလိုက်ဓာတ်လေးပါလာတော့
ဂဏန်းတကောင်ရဲ့နေ့လို သွားရာကျနေ
ဗုံးခိုကျင်းတွေ တူးနေရတဲ့အထိ
ဒေါ်ဒေါ်ဟာ ကျမတို့ကို ပြုံးပြရုံသာ တတ်နိုင်ခဲ့ပုံပါပဲတဲ့
နေ့ နေ့ ညည ကျူဘားကြံခင်းတွေရဲ့အချိုရည်ကြီး
ဖီဒယ်ကပ်စ်ထရိုရဲဘော်ကြီးကျသွားပြီတဲ့ ဟော
မြန်မာပြည် ရှမ်းမြောက်ပိုင်းအထိ ရောက်လာ
အယ်ဒီဆင်ကို ရုတ်တရက်ထပြီး ဂုဏ်ပြုကြ
ကစားဝိုင်းထဲ စော်ဘွားတွေ အာဏာပေးတဲ့အချိန်ကနေ
ကိုယ်လုံးတီးနဲ့ ဘိန်းစိုက်တာ
စက္ကူ ကပ်ဖာထဲ ပေါ်လာတယ်
စနိုက်ပါဟာ
အပြစ်မဲ့ ပြည်သူတွေ ကို ပစ်နေ
ဒီမှာ ဖွတ်တော်လှန်ရေး ဖွတ် ဒီမိုကရေစီ
ကောင်လေးဟာ သေချာရေးထား
သူတို့ဟာ မိုးပေါ်ထောင်မပစ်တတ်တဲ့ စက်ရုပ်တွေသာသာပဲ
မိုးဟာ လင်းတော့မယ်လို့ ထင်ကြရ
ဒီမိုတွေဟာ ကံစမ်းမဲဖောက်ပေးကြတယ်
ဒီထက် ပိုမမျှော်လင့်နဲ့ 
ငါတို့ရဲ့သူရဲကောင်းတွေထင်ရတဲ့ ကျောက်ရုပ်တွေဟာ
အစကတည်းက သေခဲ့ကြတာပဲ
ဘားတော့ ဗရက်ရဲ့ ကဗျာ စစ်သားမိန်းမတွေဘာရလဲ
ဟောဒီမှာတော့ ဖာသာသာဖြစ်ကြ
စာအုပ်တွေ စာသင်ကျောင်းတွေ သတ်ဖြတ်ခံရ
သူတို့ဟာ စစ်ပွဲတွေနဲ့ အာသာဖြေကြ။ ပြေကြ။
နောက်ထပ် ယင်းထတဲ့အခါတိုင်း ဖြေကြ။
အထပ်ထပ် အခါခါ ဖြေကြ။
ဒီလိုနဲ့ကမ္ဘာမှာ အရှည်ဆုံး ပြည်တွင်းစစ်ကြီး ။
တကယ်တော့ တိုင်းရင်းသားလည်း ဘောလုံးပဲ။
တိုင်းရင်းသားမဟုတ်တော့လည်း ဘောလုံးပဲ။
ပုပ်သိုးနေတဲ့ ခုံတွေ စာရွက်တွေကြားမှာ အဖြေရှာကြ။ ထုတ်ပြန်ကြ။
ပြန်လမ်းမရှိတဲ့ ဂူထဲ ထွက်လာနိုင်တဲ့အကြောင်းပြောကြ။
ဖြေကြ။ ပြေကြ။ အောင်ပွဲခံကြ။
မြန်မာ့နည်း မြန်မာ့ဟန် ပွဲတော် စည်နေပြီ။ လျှံကြ။ ငတ်ကြရ။

ဆလိုင်းမြတ်နိုးသူ
ခေတ္တ- ရှမ်းမြောက် ကွတ်ခိုင်
၂၀၁၆ နိုဝင်ဘာ ၂၇