မောင်မိုးသူ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် မီဒီယာ


မောင်မိုးသူ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် မီဒီယာ(ကုမုဒြာ ဂျာနယ်၊ ရန်ကုန်)  (မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေါက်ဖွားလာတဲ့ အဖွဲ့ကြီးဖြစ်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိခင် ဒေါ် ခင်ကြည် နေမကောင်းဖြစ်လို့ မိခင် ကြီးကို ပြုစုဖို့ ရန်ကုန်ကိုရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှစ်လေးလုံး အရေးတော်ပုံ ကြီးနဲ့ ကြုံဆုံရပါတယ်။ ကြေညာချက် ထုတ်ပြီး အရေးတော်ပုံမှာ ပါလာပါတယ်။ တစ်ချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ တက်ကြွတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို စုဝေးပြီး ကျောက်စားပွဲစကားဝိုင်းများ ပြုလုပ်ခဲ့ပါ တယ်။ အဲသည် ကျောက်စားပွဲနိုင်ငံရေး စကားဝိုင်းကို မောင်သော် က၊ ဦးဝင်း တင်နဲ့ မောင်မိုးသူတို့သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်း နှီးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဆုံး တိုးတိုးတိတ်တိတ် ဆေးရုံကြီးဝင်းထဲက ဟောပြောပွဲကလည်း မောင် မိုးသူတို့ စာပေနဲ့အနုပညာရှင်များရဲ့ စင် မြင့် ဖြစ်တဲ့ နှလုံးရောဂါကုဌာနရဲ့ရှေ့က ရေတိုင်ကီပျက်ကြီးပေါ်မှာ ဒေါ်အောင် ဆန်းစုကြည် ပထမဆုံး ပြည်သူလူထုကို မိန့်ခွန်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဒေါ်စုနံ ဘေးမှ ရပ် နေသူကတော့ မောင်သော်က ပဲ ဖြစ်ပါ တယ်။

ဒ်ါအောင်ဆန်းစုကြည်ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ဆိပ်ကမ်းဝင်းထဲ မှာ ပြုလုပ်ပြီး အခမ်းအနားကို ဦးဆောင် ကျင်းပသူကတော့ ဒေါက်တာတင်မျိုးဝင်း ဖြစ်ပါတယ်။ ပွဲစီစဉ်သူက မောင်မိုးသူ ဖြစ် ပါတယ်။

သမိုင်းဝင် ရွှေတိဂုံအနောက်မုခ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကလည်း အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ စာပေနဲ့အနုပညာရှင်များက ဆောက်လုပ် တဲ့ စင်မြင့်ပေါ်ကနေ ပထမဆုံး သမိုင်းဝင် မိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပွဲစီစဉ်တဲ့ မောင်သော်က၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ မောင်ကိုယု၊ ဦးထွန်းတင်တို့ တစ်တွေအားလုံးဟာ စင်ပေါ်ကို မတက် ကြဘူးလို့ ဆုံးဖြတ်ပြီး စင်ပေါ်ကို အခမ်း အနားမှူးအဖြစ် ရုပ်ရှင် မင်းသားကြီး ဦးထွန်းဝေကို ချောဆွဲအကူ အညီတောင်း ခဲ့လို့ ရွှေတိဂုံအနောက်မုခ် ဟောပြောပွဲမှာ ဦးထွန်းဝေကအခမ်းအနား မှူးလုပ်ခဲ့တဲ့အတွက် ဦးထွန်းဝေ ရုပ်ရှင် ရိုက်ကူးခွင့်မရတဲ့ အပြင် ဦးထွန်းဝေရဲ့ ဇာတ်ကားဟောင်း များကိုတောင် ရုံတင်ခွင့် မပြုခဲ့သည်အထိ စစ်အစိုးရက blacklist လုပ်လို့ အရေး တော်ပုံမှာ ပါဝင်လှုပ် ရှားကြတဲ့ ရုပ်ရှင် ပညာသည် အတော်များ များ ရုပ်ရှင် မရိုက်ရတဲ့နည်းတူ မောင်မိုးသူတို့ စာရေး ဆရာ၊ ကဗျာဆရာများလည်း အနက် ရောင်စာရင်းဝင်ဖြစ်သွားပြီး စာရေး သား ခွင့်၊ ကဗျာရေးသားခွင့် မရတဲ့အပြင် မောင် မိုးသူတို့ မောင်သော်ကတို့ဆိုရင် အဲသည် နာမည်တွေတောင်မှ တခြားသူ တွေက ထည့်ရေး ဖော်ပြတာကို ပယ် ဖျက်ခြင်း ခံခဲ့ ရပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကို စက် တင်ဘာမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဦးအောင်ကြီး၊ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့သုံးဦးဟာ ဂါဒီးယန်း ဦးစိန်ဝင်းအိမ်မှာ တွေ့ဆုံကြပြီး သူတို့သုံးဦးပေါင်း အဖွဲု့ချုပ်ကြီး တည် ထောင်ဖို့ ဆုံးဖြတ်ကြပါတယ်။ သုံးဦးစလုံး တစ်ဦးစီက ကိုယ်စား လှယ် ၁၂ ဦးစီနဲ့ အဖွဲ့ချုပ်တည်ထောင်ဖို့ ဆုံးဖြတ်တာပါ။ အဲသည်ဆုံးဖြတ်ချက် အကောင်အထည် ဖော်ဖို့ ဒေါ်အောင်ဆန်းစု ကြည်က မောင်မိုးသူတို့ ဦးဝင်းတင်တို့ကို သူ့ဆီလာဖို့ ပြောပါတယ်။ ဦးဝင်း တင်ကိုခေါ်ပြီး ဒေါ်စုအိမ် မောင်မိုးသူတို့ သွားတော့ ဒေါ်စုက သူတို့သုံးဦးစုပြီး အဖွဲ့ ချုပ် တည်ထောင် မယ်ဆိုတော့ ဦးဝင်းတင်၊ မောင်မိုးသူတို့ က ကောင်းတာပေါ့လို့ ပြော ရပါတယ်။ ဒါပေမဲ့ သူ့ဆန္ဒကတော့ ဆရာ တို့ အရေး တော်ပုံက စာပေအနုပညာရှင်များနဲ့ ဖွဲ့မှာ ဆိုတော့ ငြင်းဖို့ ကြိုးစားပေမဲ့ မရလို့ ဦးဝင်းတင်၊မောင်မိုးသူ၊ မောင်သော် က အပါအဝင် တတ်သိပညာရှင်များဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အ မျိုးသားဒီမို ကရေစီအဖွဲ့ချုပ် တည်ထောင် ရာမှာ ပါဝင် ခဲ့ကြပါတယ်။ အဖွဲ့ချုပ်တည် ထောင်၍ ဘာမှ မကြာခင်မှာပဲ ဦးအောင် ကြီးခွဲ ထွက်သွားလို့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဦးတင်ဦးတို့ပဲ အဖွဲ့ချုပ်မှာ ကျန်ရစ်ပါ တယ်။

၁၉၉၀ မှာ အထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်ပါတယ်။ အဲသည်အချိန်မှာ ဦးတင်ဦး၊ဦးဝင်းတင်၊ဦးမိုးသူ၊ဦးကိုယု စတဲ့ ခေါင်းဆောင်တွေအားလုံးဟာ ထောင်ထဲ ရောက်နေကြပြီး အပြင်မှာရှိတဲ့ အန်ကယ် ဦးကြည်မောင်တို့က ၁၉၉၀ ရွေးကောက်ပွဲ ဝင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လည်း အထိန်းသိမ်းခံရပြီး ဦးတင်ဦး၊ ဦးဝင်းတင်၊ မောင်မိုးသူတို့ရှိရာ ထောင်ထဲ ကို ရောက်မလာပေမဲ့ အကျယ်ချုပ်အဖြစ် အဖမ်းခံထားရတာ ဖြစ်ပါတယ်။
၁၉၉၀ မှာ အင်န်အယ်လ်ဒီက ၈၂ ရာ ခိုင်နှုန်း အပြတ်အသတ်အနိုင်ရရှိပေမဲ့ ၊ ဂန္ဒီအစည်းအဝေးတွေ ဘာတွေလုပ်နိုင်ခဲ့ပေမဲ့ တပ်က အာဏာမလွှဲပေးတဲ့အပြင် အဲသည် ၁၉၉၀ မှာပါတဲ့ အဖွဲ့ချုပ်ခေါင်း ဆောင်များ ကိုလည်း ထောင်ထဲပို့လိုက်တော့ မောင်မိုး သူတို့နဲ့အတူ ထောင်ထဲ ရောက်လာပါတယ်။

အဲသည်အချိန်မှာ အဖွဲ့ချုပ်ရပ်တည် နိုင်ဖို့ ထောင်ထဲမှာရှိတဲ့သူတွေ အမှုဆောင်ထဲ မပါရဆိုတာနဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မောင်မိုးသူတို့ အဖွဲ့ ချုပ် ခေါင်းဆောင်များကို အဖွဲ့ချုပ်မှ သတင်းစာထဲမှာ ကြေညာပြီး ထုတ်ပယ်ခြင်း ခံရပါတယ်။

၁၉၉၂ မှာ မောင်မိုးသူတို့ လွတ်ပါတယ်။ အခမ်းအနားနဲ့လွှတ်တာပါ။ ရုပ်မြင် သံကြားတွေဘာတွေ ရိုက်ပါတယ်။ အဲ ဦးဝင်းတင်ကတော့ ကျန်ရစ်တယ်ခင်ဗျ။

၂၀ဝ၈ ခုနှစ်မှာ တပ်က စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀ဝ၈ အခြေခံဥပဒေကို အတည်ပြုပြီး အဲသည် ဥပဒေနဲ့ ရွေး ကောက်ပွဲကို ၂၀၁၀ မှာ ပြုလုပ်ရာမှာ အင်န်အယ်လ်ဒီက ရွှေဂုံတိုင် ကြေညာ စာတမ်းနဲ့ ရွေးကောက်ပွဲ မဝင်ခဲ့ပါ။ စစ် အစိုးရဟာ သူ့ရဲ့လူထုအဖွဲ့အစည်းဆိုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ပါတီအဖြစ် တည်ထောင်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရ၊ သမ္မတဦးသိန်းစိန်ရဲ့ လွှတ်တော် အစိုးရ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ ကျတော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ညှိ နှိုင်းကြပြီး အခြေခံဥပဒေပါ စကားလုံး တစ်ခု ပြင်ဆင်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကိုယ်စားလှယ် ၄၀ ကျော်ဟာ လွှတ် တော်ထဲ ရောက်လာပါတယ်။ အတိုက်အခံ ရှိလာပြီး ပိတ်ဆို့မှုတွေ ဖြေလျှော့မှုတချို့ ရခဲ့ပါတယ်။

ပြောချင်တာကတော့ အ မျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ မှာမှ တရား ဝင်မှတ်ပုံတင်ခွင့်ရရှိပြီး ပါတီဖွဲ့စည်းတာ ဖြစ်ပါတယ်။ ၂၀၁၅ ကျတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တစ်ပြည်လုံး ကြံ့ ခိုင်ထက် ကိုယ်စားလှယ် အများ ကြီး ပါဝင်ပြီး အရွေးခံကြပါတယ်။ ကြွေးကြော်သံကတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ပါ။ ပြည်သူလုထု တစ် ရပ် လုံးကလည်း လက်သန်းကို မင်အဆါတ်ခံ ပြီး မဲအပြတ်အသတ်ပေးခဲ့ လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။

နိုဝင်ဘာမှာလုပ်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမဲ့ အစိုးရဖွဲ့စည်းဖို့ ဧပြီလ အထိ စောင့် ဆိုင်းခဲ့ကြရပါတယ်။ ဒီမိုကရေစီ ရွေး ကောက်ပွဲများမှာ အနိုင်ရပါတီကို အာဏာလွှဲပေးရာမှာ အချိန်အများကြီး ကြာမြင့်ခဲ့ပါတယ်။ ဧပြီလဆန်းမှာမှ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းနိုင်ခဲ့ကြတဲ့ အပြင် တိုင်းနဲ့ပြည်နယ်အားလုံးမှာလည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကပဲ ဝန်ကြီးချုပ်တာဝန် ယူပြီး ဖွဲ့စည်းနိုင်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ ဒါပေမဲ့ပေါ့လေ လွှတ် တော်ထဲမှာလည်း အရွေးခံစရာမလိုတဲ့ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေပြီး ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ် စပ် သုံးနေရာကို တပ်ကပဲ တာဝန်ယူနေ ဆဲ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်ကပဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့ လုပ်ငန်းလုပ်ကိုင်ရာမှာလက်မှတ်ရေးထိုး သူက ထက်ဝက် မထိုးသူက ထက်ဝက်ရှိခဲ့ လို့ လက်မှတ်မထိုးသူများကို ပါဝင်ကြဖို့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

အဲသည်အချိန်မှာပဲ ကချင်မှာ၊ ရှမ်း မြောက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ကရင်မှာ လည်း တိုက်ပွဲတွေ ဖြစ်လို့ ကချင်မှာ၊ ရှမ်း မြောက်မှာ၊ ကရင်မှာ စစ်ရှောင်ဒုက္ခသည်တွေ ရှိလာခဲ့ပါတယ်။ သည်အတောအတွင်း ကုန်ဈေးနှုန်းတွေကတက်၊ ဒေါ်လာ ဈေးတွေက တက်နေလို့ ကုန်ဈေးနှုန်းတွေကတော့ ကျရိပ်မရှိဘဲ ဖြစ်နေခဲ့ပါတယ်။ သည်ကြားထဲမှာ ဆန်ကို အများဆုံး တင်ပို့ ရတဲ့ တရုတ်က ဆန်မဝယ်ခဲ့လို့ ဆန်တွေ ဘယ်ရောင်းရမှန်းမသိ ဖြစ်နေခဲ့ပါတယ်။

သည်ကြားထဲမှာ မြန်မာပြည်နောက် ဖေး ရခိုင်ပြဿနာ၊ အကြမ်းဖက်အဖွဲ့အစည်းက ရဲလုံခြုံရေးစခန်းသုံးခုကို တိုက် ခိုက်၊ ရဲသားများသေဆုံး၊ လက်နက်များ ပါသွားတဲ့အထိဖြစ်လို့ တပ်က နယ်မြေ ရှင်းလင်းရေးကို လုပ်နေရပါတယ်။ ဘူး သီး တောင် မောင်တောဒေသ တိုက်ပွဲ ဖြစ်ရာ ဒေသတွေက စစ်ရှောင်ပြည်သူတွေက မြို့ပြတွေ ခိုလှုံလာကြသလို ဘင်္ဂ လား ဒေ့ရှ်ကို ခိုလှုံကြသူများရှိတဲ့ သတင်းတွေ ကြားနေရပါတယ်။ သည်ကိစ္စမှာ သတင်းမီဒီယာများရဲ့ အခန်းကဏ္ဍဟာ အလွန် အရေးကြီးပါတယ်။ ထိလွယ် ရှလွယ်တဲ့ ကိစ္စတွေမှာ ကိုင်တွယ်ဖြေရှင်းတာမှာ အလွန်အရေးကြီးပါတယ်။ နောက်ဆုံးသ တင်းအရ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ လူမှုကူညီမှုအဖွဲ့အစည်း တွေက ပစ္စည်းများ ထောက်ပံ့ကူညီခွင့် ရရှိကြောင်း သိရ ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာပြည်အရှေ့ ခြမ်းမှာ KIA, TNLA, AA, MNDAA စုပေါင်းအဖွဲ့က မူဆယ်နဲ့ ကွတ်ခိုင် ၁၀၅ မိုင်မှာ ဝင်တိုက်လို့ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက ၇၀ ရာခိုင်နှုန်း ရှိတဲ့ တရားဝင် ကုန်သွယ်ရေးလုပ်ငန်း ကြီးဟာ ရပ်တန့်မလို ဖြစ်သွားလေတော့ တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေဟာ ကျဖို့ထက် တက်ဖို့ပဲ များလာပါတယ်။ သည်ကြားထဲမှာ ဒေါ်လာဈေးနှုန်းက လည်း ကျပ် ၁၃၀ဝ အထိ စံချိန်တင်တက်ခဲ့လို့ အများပြည်သူအတွက် စိုးရိမ်ရေမှတ် ရောက်ရှိလာပါတယ်။

သည်အချိန်မှာ စစ်အစိုးရ အဆက်ဆက် အစိုးရမှန်သမျှ အတိုက်အခံလုပ်ကြရတယ်ဆိုတဲ့ အယူအဆ အစွဲအလမ်းရယ်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိလာတယ်ဆိုပြီး လူမှုကွန်ရက်မှာ ရေးသား ကြတာတွေ သတင်း မီဒီယာတွေမှာ ရေး သားလာကြတဲ့အတွက် ပြဿနာတွေ တက်ကုန်ပါတယ်။

သည်ကြားထဲမှာ အစိုးရကို အာပေါင်အာရင်းသန်စွာ ဝေဖန်မှုတွေလည်း ရှိလာပါတယ်။ မီဒီယာရဲ့အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ကောလာဟလ နဲ့ မဟုတ်မမှန် ဖော်ပြချက်များဟာ လူမျိုး ရေးပြဿနာများ ဖြစ်ပွားလာနိုင်ပါတယ်။ လွတ်လပ်စွာရေးခွင့်၊ ပြောခွင့်ရှိတယ် ဆိုပြီး လူမှုကွန်ရက်မှာ ရေးနေကြသလို သတင်း မီဒီယာတွေမှာ မရေးသားမိကြဖို့ လိုပါတယ်။ သတင်းမီဒီယာမှာ မီဒီယာကျင့်ဝတ်ဆိုတာ ရှိပါတယ်။

အစိုးရသစ်ရဲ့ မအောင်မြင်တဲ့ မသင့်လျော်တဲ့  လုပ်ရပ်တွေကို မီဒီယာများရဲ့ တာဝန်က စတုတ္ထမဏ္ဍိုင်ပီသစွာ ထောက်ပြဝေဖန်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မီဒီယာတို့ရဲ့ ထိန်းသိမ်းအပ်တဲ့ ကျင့်ဝတ်ကို လိုက်နာပြီး မလိုလားအပ်တဲ့ လှုံ့ဆော်မှု မျိုး မဖြစ်ရလေအောင် ကြိုးစားကြဖို့ လိုအပ်လှကြောင်းပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် မီဒီယာ ဖြစ်ပါတယ်။

မောင်မိုးသူ