ဆလိုင်းမြတ်နိုးသူ ● အန်ဒါဂရောင်းတယောက်၏ ဆဲလ်များ ခွဲစိတ်ကြည့်ခြင်း

ဆလိုင်းမြတ်နိုးသူ ● အန်ဒါဂရောင်းတယောက်၏ ဆဲလ်များ ခွဲစိတ်ကြည့်ခြင်း
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၆

တက်တူးတွေနဲ့ မြေပုံကို ခြေဖနောင့်မှာ
ဒါဟာ အလေးပြုခြင်း
ဒါဟာ စစ်မှန်တယ်ထင်ရတဲ့ အတုအယောင်တွေထဲက တခု
အဝတ်စလေးပဲ ဒိုင်မင်းရှင်းများ လွှင့်တင်
ခြံထောင့်မှာ ကြွက်တွေ ပြေးနေကြ
နိုင်ငံသားတယောက်မှာ ဆေးထိုးအပ်ကိုင်ခွင့်ရှိသလို
နိုင်ငံသားတယောက်ဟာ အေးအေးဆေးဆေးမနက်ခင်းမှာ
ကဗျာစာအုပ် ထိုင်ဖတ်ခွင့်လည်း ရှိရမယ်
နိုင်ငံသားတယောက်ရဲ့သတင်းစာမှာ
တခါလောက် ရယ်မောခွင့်ကြုံပါရစေ
ကြပ်ခိုးတွေကြားမှာ ငယ်ဘဝကို ပြန်တွေ့တယ်
အဲ့ဒီတုန်းက သူတို့အဖေဟာ ဒို့တာဝန်အရေးသုံးပါးကို
ထမ်းပြီးပြန်လာ မူးမှောက်လို့ တကယ့်ဟာသ
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဟာ ဆီလီကွန်ပန်းသီး
ဒီလိုနဲ့ ပန်းတွေ ဖူးလာ ပွင့်လာခဲ့
ပြောင်းဖူးဟာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတယ်ဆိုတာ အခုမှ အထိတ်တလန့်သိရ
ဒီမှာ ခေါင်ရည်ချက်ဖို့ဆတ်နီတွေဟာ နိုင်ငံရေးကင်းရှင်းကြရမယ်
ဟောဒီမှာ ကွန်ဆာဗေးတတွေရဲ့အသိဉာဏ်တွေကို
မီးရှို့ပစ်လိုက်ကြ သူအော်တယ်
အန်ဒါဂရောင်းတယောက်မှာ အခန်းအပူချိန် လေ ရေငွေ့ အဆိပ်
ကူးစက်တတ်သောရောဂါနှင့် အခြားသော အခြေနေများ ကိစ္စမရှိ
အန်ဒါဂရောင်းတယောက်ဟာ
ဘယ်တော့မှ မယုတ်မာမကောက်ကျစ်ခဲ့
သင်တို့ထက် မလျော့သောအချစ်များနဲ့။

ဆလိုင်းမြတ်နိုးသူ

2016 Dec
* Underground - အန်ဒါဂရောင်း *
* Carbohydrate - ကာဗိုဟိုက်ဒရိတ် *
* Dimension - ဒိုင်မင်းရှင်း *
* Conservative - ကွန်ဆာဗေးတစ် *
* Silicon - ဆီလီကွန် *