မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – (နိဂုံး)


မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – (နိဂုံး)
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
------------

မင်းသစ် ။ ။ ရေးလိုက်ဗျာလို့၊ ဘယ်သူတုန်း၊ဦးနေဝင်းလို့၊ အောင်မာ၊ တန်ရာတန်ရာမပြောဘူးဆိုပြီး တကောင်ကဝင်ဟန့်တယ်၊ နောက်တယောက်က သူ့လူကို ဟေ့ကောင်နေဦးတဲ့၊ ကဲ၊ မင်းပြန်ပြောပါဦးတဲ့၊ ဦးနေဝင်းလို့၊ ဘယ်လိုပတ်သက်တာလဲတဲ့၊ ဦးနေဝင်းနဲ့ကျနော်က မယားညီအစ်ကို တော်တယ်ဆိုတော့ မေးတဲ့သူက သေချာမေးတော့တာပဲ၊ ဦးနေဝင်း မိန်းမ ဒေါ်နီနီမြင့်နဲ့ ကျနော့်မိန်းမဒေါ်ရှယ်လီတို့က အဘိုးအဖွားမောင်နှမရင်းက မွေးတာ၊ အဲဒီတော့ မယားညီအစ်ကိုတော် တာပေါ့ဗျာ၊ တပ်နဲ့ပတ်သက်တာ အဲဒီတယောက်ပဲ၊ ကျန်တာ တယောက်မှမရှိဘူးလို့၊ အဲဒါနဲ့ ကျနော့်ကို သေချာဂရုစိုက်တော့ တာပဲ၊ အအေးပုလင်းတွေ ခေါက်ဆွဲကျော်တွေ ရောက်ချလာတယ်၊ ဒါပေမဲ့ ဒီကောင်တွေ ဒီရပ်ကွက်ထဲလာ မွေတော့တာပဲ၊ အူယားဖားလျားနဲ့၊ ရောက်ချလာပြီး အိမ်နီးချင်းတွေလိုက်စုံစမ်းတယ်၊ စုံစမ်းတဲ့အခါကျတော့ ဒေါ်နီနီမြင့်တို့ အိမ်က(၅၂)လမ်း၊ ကျနော်တို့အိမ်က(၅၈)လမ်း၊ ဒီနားမှာက အမျိုးတွေချည်းပဲ၊ မှန်နေတယ်ဆိုတော့ တန်းပေါ်တော့တာပဲလေ၊ အဲဒီတော့ နာရီတွေရက်တွေတော့ ကျနော် မမှတ်မိတော့ဘူး၊ အဲဒီကနေ ကျနော်ပြန်ရောက်လာတာပဲ၊ အဲဒီလိုဖြေပြီးတော့မှ ဒီကောင်တွေ ပါးစပ်က ဆရာတွေဘာတွေဖြစ်ကုန်တာ၊ ပြီးတော့မှ ကျွေးမွေးပေးကမ်း၊ အဲဒါ အကောင်းစားတွေ အကုန်ကျွေးပြီး ခဏနေပါဦးတဲ့၊ ပြီးတော့ လက်ထိပ်ဖြုတ်ပြီး ကြိုးလေးတော့ ချည်ပါရစေဆိုပြီးချည်တယ်။ လျော့တိလျော့ရဲ လေးပါ။ တခါခေါင်းစွတ်စွပ်ပြန်ရော၊ ဟဒီကောင်တွေ ငါ့ဘာလုပ်ဦးမလဲ မသိဘူးပေါ့၊ ခုတမျိုး တော်ကြာတမျိုလို့၊ ကျနော့်ကိုခေါ်သွားလိုက်တာ ဟိုခေါ်ဒီခေါ်နဲ့ လေးနေရာလောက်ရှိတယ်၊

ဒါပေမဲ့ ကျနော်တို့က ကိုယ်အရင်သွားခဲ့တဲ့လူတွေဆီက သင်ကြားထားတာ၊ မင်းကွာတဲ့၊ သူ့ဟာသူ ဘယ်လိုပဲသွားသွား၊ ကွေ့ကောက်ပြီးပဲ မောင်းမောင်းတဲ့၊ မင်းညာဘက်ကိုကွေ့ချပြီးတော့ ကျောက်စလစ်ခဲတွေပေါ် ဂျစ်ဂျစ်ဂျစ်ဂျစ်နဲ့ဆိုရင် အဲဒါ မင်္ဂလာဒုံစစ်ကြောရေး။ အဲဒီလိုမျိုး။ နောက် တိတ်ဆိတ်ပြီးတော့ တခါတခါကျမှ ခြင်အော်သံလေးတွေလို လေယာဉ်ပျံသံကြားလို့ရှိရင် မော်စကတ်တိုလေးတွေ အမောင်းသင်နေတာ၊ အဲဒါရေကြည်အိုင်တဲ့၊ ဆယ့်ခုနှစ်ကားကြီးတွေဂီယာချိန်းပြီးတော့ တဟည်းဟည်းနဲ့တက်လာလို့ရှိရင် အဲဒါဘောင်ထရီကွ တဲ့၊ ဟုတ်ပြီနော်၊ တောင်ဥက္ကလာဘက်မှာ အရင်တုန်းက စက်ရုံသုံးကားကြီးတွေရှိတယ်မို့လား၊ အဲဒီကားကြီးအသံတွေ၊ ဒါမျိုးသင်ပေးထားတာ၊ မင်းကွာ မြစ်ထဲဖွန်ချက်ဖွတ်ချက်ဆိုရင်တော့ MI(1)တဲ့၊ သံလျက်စွန်းပေါ့၊ အဲဒီတော့ ဘယ်ခေါ်ခေါ် ကျနော်တို့ကသိသွားပြီ၊ သူတို့ကသာ မျက်နာအဝတ်အုပ်ပြီး ဟိုခေါ်ဒီခေါ်လုပ်နေကြတာ၊ အဲဒီမှာ ကျနော့်ကိုမျက်နှာစွပ်ပြန်ရော၊ တခါခေါ်သွားပြန်တာပဲ၊ ခေါ်သွားပြီးတော့မှ ချွတ်ပေး လိုက်ပါ ချွတ်ပေးလိုက်ပါတဲ့၊ ကျနော့်လက်က ကြိုးပါဖြုတ်ပေးပြီးတော့ စားပွဲကြီးကအကြီးကြီး၊ အဲဒီမှာထိုင်နေတာ ဗိုလ်မှူးချုပ်သန်းထွန်း၊ ထောက်လှမ်းရေးက၊ နောက်ပိုင်းသူလည်း ဗိုလ်ခင်ညွန့်တို့နဲ့နှစ်ရှည်ထောင်ကျတဲ့ထဲပါတယ်၊ သူက ဆရာနေကောင်းလားတဲ့၊ ဘယ်ကောင်းလိမ့်မလဲဗျာ၊ ဆေးရုံလာတက်တာမှမဟုတ်ဘဲ၊ ဘယ်ကောင်းမှာလဲဆိုတော့ ရယ်တယ်ဗျ၊ ရယ်ပြီးတော့မှ ဆရာ့ကို ကျနော်အခုပြန်လွတ်မှာပါတဲ့၊ ဆရာ့ရဲ့တိုင်းပြည်အပေါ်ချစ်တဲ့စိတ်၊ နိုင်ငံရေးအပေါ်ထားတဲ့ခံယူချက်၊ အယူအဆ ဘာညာကျနော်တို့အကုန်လေ့လာပြီးပါပြီ၊ ကျနော်တို့ကြိုက်ပါတယ် ဘာညာပေါ့၊ ကျနော်တို့ကိုလည်း ကူညီစရာရှိရင်ကူညီပါ၊ ဆရာအကူအညီလိုရင်လည်း ပြောပါဆိုပြီး လိပ်စာကဒ်တွေ လေးခုလောက်ထုတ်ပေးတယ်၊ ဖုန်းဆက်ဖို့၊ အကုန်လုံးသူ့ဖုန်းပါတဲ့လိပ်စာကဒ်တွေ၊ လေးခုတောင်၊သ န်းထွန်းချည်းပဲ၊ ပြီးတော့ ဆရာပြန်နိုင်ပါပြီဆိုပြီး ကျနော့်ကိုလာဖမ်းတုန်းက ဗိုလ်ကြီးခပ်ငယ်ငယ် ချာတိတ်လေးပဲပြန်ပို့တယ်၊ အဲဒါပဲ၊ အဲဒီတော့ ကျနော်က ရှက်ဖို့ကောင်းတယ်၊ သူများလိုနိင်ငံရေးနဲ့ပါသွားထောင်ကျ၊ စစ်ကြောရေးမှာ နာတော့နာတာပေါ့၊ ဒါပေမဲ့ ဘယ်ပုံဘယ်နည်းလွတ်လာသလဲ၊ အနည်းဆုံး ကြမ်းခင်းဈေး ဆယ်နှစ်ထောင်ကျတဲ့ခေတ်မှာ ဘယ်လိုပြန်လွတ် လာသလဲမေးရင် ဦးနေဝင်းနဲ့ မယားညီအစ်ကိုတော်လို့ပြန်လွတ်လာရတာ။ ဟားဟား၊ သိက္ခာတော့ ကျတယ်ဗျာ၊ ကိုယ့်မလဲ သူတို့ဇွတ်မေးလို့ပြောရတာကိုး၊ တော်တော်တော့ အောက်တယ်ဗျ၊ ရယ်လည်းရယ်ချင်တယ်၊ ကျနော်လိုလွတ်တဲ့သူ ရှိမယ်မထင်ပါဘူး။

(လက်ကျန်အင်တာဗျူးအားစာအုပ်၌ဆက်လက်ဖော်ပြသွားပါမည်)
အားလုံးကိုကျေူဇူးတင်လျက်…
မာန် (တောင်လုံးပြန်)