ဝါကျဖြူ ● စီးဆောပေါ်က မနက်ဖြန်

ဝါကျဖြူ ● စီးဆောပေါ်က မနက်ဖြန်
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၆

ပရင့်ထုတ်ထားတဲ့ ခြေထောက်နှစ်ချောင်းက
အိမ်ခြေမဲ့ ပြခန်းတွေကို ပိုမိုကျယ်ပြန့် ပွဲခင်းတခုအဖြစ်
လူမြင်ကွင်းနဲ့မျက်ဝန်းတွေကို
ကွင်းလုံးပြည့်လိုက်ချိတ်ပြစ်လိုက်တယ်။

မည်ကာမတ်ကာ သင်္ကေတနဲ့
သန္ဓေရိပ်သန်းရုံ ကိုယ်ဝန်ဆောင်ရုံလေး
မနက်ဖြန်ရယ်
ရှင်နဲ့ကျမက
တော်လှန်ရေးတခုခြားနေတုန်းလား။

ငြင်းဆန်မှုက ပွတ်တိုက်မှုလိုပဲ
ဝင်းလက်လာတဲ့နှစ်ငါးဆယ်ကျော်
ပြင်းထန်တဲ့မော်တာလည်သံ
မွှတ်လာတဲ့ ပန်ကာဒလက်က
အလင်းရောင်ကိုမာယာဆင်လိုက်တယ်။

ပန်ကာရဲ့ခုတ်ရှ ဒဏ်ရာများနဲ့
အလင်းရောင်က ကြိုးတွေ ပြတ်ကျတော့မဲ့
စိတ်ရဲ့ဘက်ကန်ခံထားရတဲ့ နံရံသွေးကြောထဲ
အတုံးလိုက်အခဲလိုက် စီးဝင်နေတဲ့ယန္တရားတလုံးပဲ။

စိတ်ရူးပေါက်နေတဲ့အလင်းက
ပျင်းရိငြီးငွေ့ဖွယ်နေ့လည်ခင်းထဲ
တမြို့လုံးအနှံ့လျှောက်သွားနေလေရဲ့
မြှူဆွယ်မှုဟာ
ဝင်သက်ကိုတကြိမ် ထွက်သက်ကိုတကြိမ်
ကျမတို့ထိုင်စောင့်နေတာမဟုတ်ပဲ
လေတွေထဲမှာ
ခြေသံလုံလုံနဲ့ကပ်ပါလာတယ်။

ဝါကျဖြူ